သရက်မြို့ အနောက်ရပ်တောင်ပိုင်းရပ်ကွက်ရှိ မြန်မာခြံကျေးရွာ၌ ကြက်သွန်နီစိုက်ပျိုးမှုအခြေအနေ

Powered by Drupal

      သရက်မြို့၌ ကြက်သွန်နီစိုက်တောင်သူအများစုသည် သီတင်းကျွတ်ကာလတွင် ကြက်သွန်နီများကို စတင်ပျိုးထောင်လေ့ရှိကြပါသည်။ ယခုနှစ်တွင် မိုးရွာသွန်းမှု များသောကြောင့် ကြက်သွန်နီ ပျိုးပင်များစွာပျက်စီးခဲ့ရသဖြင့် တန်ဆောင်မုန်းလဆန်းတွင် တဖန်ပြန်လည် ပျိုးထောင်ကြပါသည်။ ၎င်းကိုတောင်သူအခေါ်ဖြင့် (ပျိုးနောက်ကျသည်)ဟုလည်းခေါ်ကြပါသည်။

          ကြက်သွန်နီများအား စတင်ပျိုးထောင်ရာတွင် (၁)လခွဲမှ (၂)လခန့်အထိ အချိန်ယူရပါကြောင်း၊ ပျိုးပင်များကြီးထွားလာချိန်တွင် စိုက်ကျဉ်းထဲသို့ခွဲ၍ စိုက်ရပြီး စိုက်ပျိုးရာတွင် တစ်ပင်နှင့် တစ်ပင်မှာ ပျမ်းမျှ(၆)လက်မခွာ၍ စိုက်ရပါကြောင်း၊ (၃)လကြာအောင် ရေသွင်းစိုက်ပျိုးရပြီး (၅)လအကြာတွင် ကြက်သွန်နီများကို စတင်တူးဖော်၍ ဈေးကွက်ထဲသို့ရောင်းချကြောင်း၊ သရက်မြို့၌ ကြက်သွန်နီစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် ပျိုးချိန်နောက်ကျ၍ စိုက်ပျိုးရရှိသောကြောင့် ကြက်သွန်နီ(အသစ်)များမှာ မထွက်ရှိသေးသော်လည်း သရက်မြို့ မြို့မဈေး၌ ယခုဒီဇင်ဘာ စတုတ္ထပတ်တွင် ကြက်သွန်နီ(အဟောင်း)မှာ (၁)ပိဿာလျှင် ကျပ်(၄၅၀၀-၅၀၀၀)ဖြစ်၍ ဈေးကောင်းလျက်ရှိနေကြောင်း အနောက်ရပ်တောင်ပိုင်းရပ်ကွက်ရှိ မြန်မာခြံကျေးရွာ၌ ကြက်သွန်နီစိုက်ပျိုးသည့် တောင်သူ ဒေါ်ဆွေဆွေအေးထံမှ သိရပါသည်။

DOCA(မကွေး)