ကသာမြို့ ဒေသထွက် ခရမ်းချဉ်သီးဈေးနှုန်း

Powered by Drupal

       ကသာမြို့နယ် ဒေသတွင်းခရမ်းချဉ်သီးများမှာ အောက်တိုဘာလနှင့် နိုဝင်ဘာလ ဧရာဝတီမြစ်ရေကျချိန်၌  မြေနုကျွန်းများတွင် စတင်စိုက်ပျိုးပြီး  ဒီဇင်ဘာလ လဆန်းပိုင်းတွင် စတင်ထွက်ရှိသည့်အတွက် ယခုအခါ မြို့နယ်တွင်းသို့ အခြားဒေသမှ ခရမ်းချဉ်သီးဝင်ရောက်မှုများ နည်းပါးလာပြီး ပြည်သူများအနေဖြင့် ဒေသတွင်းမှထွက်ရှိသော ခရမ်းချဉ်သီးများအား ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးလျက်ရှိကြောင်း သိရပါသည်။

        စတင်ထွက်ရှိချိန် ဒီဇင်ဘာလ ပထမအပတ်နှင့် ဒုတိယအပတ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်းများမှာ လက်လီတစ်ပိဿာလျှင် အလုံးအကြီး/အသေးပေါ်မူတည်၍ ကျပ်(၁၈၀၀)မှ ကျပ်(၁၆၀၀)ခန့်အထိရှိပြီး ဒီဇင်ဘာလ တတိယအပတ်တွင် ဒေသထွက် ခရမ်းချဉ်သီးများ ပိုမိုထွက်ရှိလာသည့်အတွက် ခရမ်းချဉ်သီး လက်လီတစ်ပိဿာလျှင် ကျပ်(၁၃၀၀)မှ ကျပ် (၁၀၀၀)ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ဒေသတွင်း ထွက်ရှိသောခရမ်းချဉ်သီးများအပြင် ကချင်ပြည်နယ် ရွှေကူမြို့နယ်ဘက်မှလည်း ရေလမ်းကြောင်းဖြင့် ကသာမြို့ ခရမ်းချဉ်သီးအဝယ်ဒိုင်များသို့ လာရောက်ရောင်းချလျက်ရှိပြီး ကသာမြို့မှ မန္တလေးမြို့နှင့် ရွှေဘိုမြို့များသို့ နေ့စဉ် ကုန်ကားများဖြင့် တင်ပို့လျက်ရှိကြောင်း ခရမ်းချဉ်သီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)