ပြည်ကြက်သွန်နီ အရောင်းပါး၍အဝင်နည်း

Powered by Drupal

     ပြည်ကြက်သွန်နီဈေးကွက်သို့ ကြက်သွန်နီအဓိကစိုက်ပျိုးရာ ရေနံချောင်းမြို့နှင့် ပခုက္ကူမြို့ တို့မှ ယခုတစ်ပတ်အတွင်း ကြက်သွန်နီအသစ်များ အိတ် ၂၀၀ ခန့်သာ ရက်ခြားဝင်ရောက်မှုရှိနေပြီး ယခင်အပတ်တွင် အိတ် ၄၅၀ ခန့်ဝင်ရောက်မှုရှိခဲ့သည့်အတွက် အဝင်နည်းသွားကြောင်းသိရပါသည်။ ပြည်ဈေးကွက်အတွင်း အရောင်းပါးနေသည့်အတွက် မှာယူတင်သွင်းမှုနည်းသွားပြီး ဝင်ရောက်သည့်ကြက်သွန်နီသစ်များမှာ အစိုဓါတ်များပြီး အသုံးပြု၍မကောင်းသေးသဖြင့် ဝယ်လိုအားနည်းနေခြင်းဖြစ်ကြောင်းသိရှိရပါသည်။

   ပြည်ပွဲရုံများတွင် ကြက်သွန်နီအသစ်များသာရောင်းဝယ်မှုရှိပြီး လက်လီဈေးအသေးများမှာဖြင့် ကြက်သွန်နီအစို့ပေါက်အဟောင်းများ ရောင်းဝယ်မှုရှိနေသေးပြီး တစ်ပိဿာလျှင်  ၃၂၀၀-၃၃၀၀ ကျပ်တို့ဖြင့် ရောင်းဝယ်မှုရှိနေပါသည်။ ကြက်သွန်နီ(အသစ်)ဈေးနှုန်းများအနေဖြင့် လက်ကားတစ်ပိဿာ(ကြီး/လတ်/သေး)လျှင် ၂၅၀၀-၂၃၀၀-၂၂၀၀ ကျပ်နှုန်းတို့ရှိပြီး လက်လီဈေး ၃၀၀၀-၂၈၀၀-၂၆၀၀ ကျပ်နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေပါကြောင်း သိရှိရပါသည်။

    ပြည်မြို့ ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော မှော်ဇာ၊ တောင်လုံးညို၊ ကုန်းရိုး၊ တွင်းဗြည်း၊ ရွာမ၊ ခွေးရဲ အစရှိသည့်ရွာများတွင်လည်း မှော်ဇာကြက်သွန်အမည်ဖြင့် စိုက်ပျိုးလေ့ရှိပြီး ယခု နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် စတင်စိုက်ပျိုးပြီး မတ်၊ ဧပြီလများတွင် တူးဖော်ရောင်းချကြပါသည်။ ပြည်ပွဲရုံဈေးကွက်နှင့် ရန်ကုန်(မြောင်းတကာ)ဈေးကွက်သို့ ထွက်ပေါ်သည့်ကြက်သွန်နီများကို တင်ပို့ရောင်းချကြောင်းလည်း သိရှိရပါသည်။

DOCA(ပဲခူး)