၂-၁-၂၀၂၃
အင်ဒိုနီးရှားနိုင်ငံသည် ပြည်တွင်းစားအုန်းဆီဖူလုံမှုရှိစေရန် ဆောင်ရွက်ချက်အနေဖြင့် ပြည်တွင်းရောင်းချသောပမာဏအပေါ်မူတည်၍ ပြည်ပတင်ပို့မှုခွင့်ပြုသည့်ပမာဏကို လျော့ချမည့် ပို့ကုန်စည်းမျဉ်းအသစ်ကို ဇန်နဝါရီလ ၁ ရက်မှ စတင်ကာ ဆောင်ရွက်သွားမည်ဟု အစိုးရ တာဝန်ရှိသူများက ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြောကြားသည်။
အတည်ပြုထားပြီးဖြစ်သော စည်းမျဉ်းအသစ်အရ ပို့ကုန်လုပ်ငန်းရှင်များအား လက်ရှိ ပြည်တွင်းရောင်းအား၏ ၈ ဆ တင်ပို့ခွင့်ပြုရာမှ ၆ ဆကိုသာ စားအုန်းဆီတင်ပို့ခွင့်ပြုသွားမည် ဖြစ် ကြောင်း၊ အထူးသဖြင့် ၂၀၂၃ ခုနှစ် ပထမ သုံးလပတ်ကာလတွင် ပြည်တွင်းလုံလောက်မှုရှိစေရန် မူဝါဒပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ မူဝါဒအပြောင်းအလဲကြောင့် ယခင်ထက် ဈေးနှုန်း ၂ ရာခိုင်နှုန်းခုန်တက်ခဲ့ကြောင်း သိရှိရပါသည်။
ဟင်းချက်ဆီရရှိနိုင်မှုနှင့် ဈေးနှုန်းအပါအဝင် ပြည်တွင်းကုန်ကြမ်းထွက်ရှိမှုအခြေအနေများ ကိုပါ ထည့်သွင်းစဉ်းစား၍ DMO အချိုးအစားကို အခါအားလျော်စွာ အကဲဖြတ်သွားမည်ဖြစ်ကြောင်း ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုရေးရာ ညှိနှိုင်းမှုရေးရာဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ Septian Hario Setio က ပြောကြားသည်။
၂၀၂၂ ခုနှစ် အစောပိုင်းကာလတွင် အင်ဒိုနီးရှားနိုင်ငံသည် ဟင်းချက်ဆီဈေးနှုန်းများ မြင့်တက်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် စားအုန်းဆီထုတ်ကုန်များအပေါ် ပို့ကုန်အစီအမံများကို စတင်ပြဋ္ဌာန်းခဲ့ကြောင်း၊ အင်ဒိုနီးရှားမှ စားသုံးဆီများတင်ပို့မှု ခေတ္တပိတ်ပင်လိုက်ခြင်းကြောင့် ဈေးကွက်များကို တုန်လှုပ်စေခဲ့ပြီး လက်ရှိကမ္ဘာ့စားသောက်ကုန်ပြတ်လပ်မှုအပေါ် စိုးရိမ်ပူပန်မှုများ ပိုမိုဆိုးရွားလာကာ ပြည်တွင်း၌ ဆီသိုလှောင်မှုများ မြင့်တက်လာခဲ့ကြောင်း၊ လက်ရှိအချိန်တွင် စားအုန်းဆီပြည်ပတင်ပို့မှုနှင့် စပ်လျဉ်း၍ ပြည်တွင်းဈေးကွက်ရောင်းချရန်တာဝန် (Domestic Market Obligation - DMO) ဟု ခေါ်သော အစီအမံကို ကျင့်သုံးနေသည့်အတွက် ပြည်တွင်း ဈေးကွက်တွင် သတ်မှတ်ထားသည့်ပမာဏ အချိုးအစားကို တာဝန်ကျေအောင် ရောင်းချမှသာလျှင် ပို့ကုန်ပါမစ်များ ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။
အစိုးရ၏ ဇီဝဒီဇယ်အစီအစဉ်နှင့် ပထမသုံးလပတ်ကာလတွင် စားအုန်းဆီအထွက်နှုန်း လျော့နည်းမည့် ခန့်မှန်းချက်ကြောင့် ဟင်းချက်ဆီလိုအပ်ချက်နှင့်စပ်လျဉ်း၍ စိုးရိမ်မှုရှိနေကြောင်းကို အစိုးရနှင့်တွေ့ဆုံသည့်အစည်းအဝေးတွင် အင်ဒိုနီးရှားစားအုန်းဆီအသင်း (GAPKI) က ပြောကြားခဲ့ ကြောင်း၊ အစိုးရ၏ဇီဝဒီဇယ်ထုတ်လုပ်မှုအစီအစဉ်တွင် ယခင်က ဆီအုန်းပါဝင်မှု ၃၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့ရာမှ ဖေဖော်ဝါရီလ ၁ ရက်မှစတင်၍ ၃၅ ရာခိုင်နှုန်း တိုးမြင့်ရန် စီမံ ဆောင်ရွက်နေ ကြောင်း၊ ဆီအုန်းအထွက်နှုန်း ကျဆင်းမှုမရှိပါက ဆီအုန်းစက်ရုံများတွင် ဆီအုန်းခိုင်များ စုပုံမှုမရှိစေရေးနှင့် ဆီအုန်းစိုက်တောင်သူများ ဆုံးရှုံးမှုမရှိစေရေးအတွက် ပြန်လည်အကဲဖြတ် သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားစားအုန်းဆီအသင်း (GAPKI) ၏ အထွေထွေ အတွင်းရေးမှူး Eddy Marono က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းစားသုံးဆီဖူလုံမှုရှိစေရေးအတွက် အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီကို အများဆုံးတင်သွင်းလျက်ရှိပါသည်။ ၂၀၂၂ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှု မူဝါဒပြောင်းလဲမှုကြောင့် ပြည်တွင်း၌ စားအုန်းဆီဈေးနှုန်းအဆမတန် ကြီးမြင့် ခဲ့ပါသည်။ ယခုတဖန် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်သက်ရောက်မည့် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှု မူဝါဒ အသစ်ကြောင့် ပြည်တွင်း၌ စားသုံးဆီရှားပါးခြင်းများ မဖြစ်ပေါ်နိုင်သော်လည်း ဇန်နဝါရီလ နောက်ပိုင်းကာလတွင် ပြည်တွင်း၌ စားအုန်းဆီဈေးနှုန်းကြီးမြင့်နိုင်သည့်အလားအလာရှိကြောင်း လေ့လာသုံးသပ်ရပါသည်။