ငါန်းဇွန်မြို့နယ်တွင် ပဲစဉ်းငုံများရိတ်သိမ်းထွက်ပေါ်

Powered by Drupal

         မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်စိုက် ပဲစဉ်းငုံများ ဒီဇင်ဘာ ပထမပတ်မှစ၍ ရိတ်သိမ်းထွက်ပေါ်နေပြီဖြစ်ပါသည်။ ငါန်းဇွန်မြို့နယ်အနေဖြင့် ပဲစဉ်းငုံသီးနှံကို စိုက်ပျိုးရန်လျာထားမှုမှာ (၂၉၂၉၄)ဧက လျာထားခဲ့ပြီး၊  (၃၀၉၅၂)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရ ပါသည်။ ပဲစဉ်းငုံသီးနှံကို နှစ်စဉ်မေလမှာ စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးသည့်မျိုးများအနေဖြင့် ဒေသ နှင့်ကိုက်ညီသည့် ရွှေဒင်္ဂါးမျိုးကို အများဆုံးစိုက်ပျိုးကြပါသည်။ အခြားမျိုးများဖြစ်သည့် ငါးဆံပဲ၊ ရွှေတဆုပ် စသည့်မျိုးများကိုလည်း အနည်းငယ်စိုက်ပျိုးမှုရှိပါသည်။ ပဲစဉ်းငုံသီးနှံမှာ အခြားသီးနှံ များထက် စိုက်ပျိုးသက်တမ်းရက် ရှည်ကြာသည့်အတွက် တောင်သူအများစုမှာ ပဲစဉ်းငုံသီးနှံကို (၅ ပေ၊ ၆ ပေ)ခြား အတန်းလိုက်စိုက်ပျိုးကြပြီး ၎င်းစိုက်တန်းများကြားတွင် နှမ်း၊ မြေပဲသီးနှံများကို သီးထပ်၊ သီးညှပ်အဖြစ် ထည့်သွင်းစိုက်ပျိုးကြပါသည်။

          ငါန်းဇွန်မြို့နယ်၊ သရက္ကန်အုပ်စု၊ အောင်ချမ်းသာကျေးရွာရှိ တောင်သူများမှာ ဒေသခေါ် ရွှေတဆုပ်မျိုး၊ ဂွတစ်ရာမျိုးများကို စိုက်ပျိုးကြပြီး၊  ယခုနှစ်တွင် မိုးရွာသွန်မှုနည်းပါးခဲ့ပြီး၊ အစိုဓာတ် လိုအပ်ချိန်မှာလည်း နှင်းကျရောက်မှုလည်းနည်းသည့်အတွက် ယခင်နှစ်ကလောက် အထွက်နှုန်း မရှိကြောင်း၊ ယခင်နှစ်တွင် တစ်ဧကကို (၇)တင်း ဝန်းကျင်ခန့်ထွက်ရှိခဲ့ပြီး ယခင်နှစ်အဖွင့် ဈေးအနေဖြင့် တစ်တင်းလျှင်(၅၅၀၀၀)ကျပ်ဝန်းကျင်နှင့် စတင်ခဲ့ပြီး၊ (၆၀၀၀၀) ကျပ်ဝန်းကျင် ထိဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း၊ အပိတ်ဈေးမှာ (၄၅၀၀၀၊၄၈၀၀၀)ကျပ် ဝန်းကျင်သာရရှိခဲ့ ကြောင်း၊ ယခုနှစ်တွင် တစ်ဧကအထွက်နှုန်းမှာ (၄)တင်း ဝန်းကျင်သာထွက်ရှိခဲ့ကြောင်း၊ အဖွင့်ဈေး အနေဖြင့် (၇၀၀၀၀)ကျပ် ဝန်းကျင်ဖြင့် စတင်ခဲ့ပြီး၊ ဒီဇင်ဘာလ တတိယပတ်တွင် (၅၅၀၀၀၊ ၅၈၀၀၀)ကျပ် ဝန်းကျင်များရှိခဲ့ကြောင်း၊ ယခုစတုတ္ထပတ်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းမှာ (၅၃၅၀၀၀)ကျပ် ဝန်းကျင်းရှိကြောင်း အောင်ချမ်းသာကျေးရွာရှိ ပဲစဉ်းငုံစိုက်တောင်သူ ဦးဝင်းကို ထံမှ သိရှိရပါသည်။

          တင်ပို့ရောင်းချမှုအနေဖြင့်မြို့နယ်အတွင်းရှိကျေးရွာများမှ မန္တလေး၊ မြင်းခြံ၊ ကျောက်ဆည် စသည့်မြို့ကြီးများသို့ တင်ပို့ရောင်းချကြပါသည်။တစ်ချို့တောင်သူများမှာလည်း ကျေးရွာထွက် ကားများဖြင့် ကိုယ်တိုင်ဈေးရောင်းဈေးဝယ်ပြုရင်း သွားရောက်ရောင်းချခြင်းများလည်းရှိပါသည်။ ကားတင်ပို့မှုဈေးနှုန်းများအနေဖြင့် တစ်တင်းခွဲတစ်အိတ်လျှင် (၁၅၀၀၊ ၂၀၀၀) ကျပ်ဝန်းကျင်ခန့် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)