သီဟိုဠ်သီးပင်သည် နှစ်ရှည်ပင်ဖြစ်သလို ဝင်ငွေကောင်းသောအပင်မျိုးဖြစ်ပါသည်။ သီဟိုဠ်ပင်စိုက်ပျိုးရာတွင် အစေ့အား အပင်ငယ်လေးအဖြစ် ပျိုး၍စိုက်ပျိုးကြပါသည်။ အပင်စတင်စိုက်ပျိုး ပြီး (၃)နှစ်ကြာလျှင် အသီးများစတင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ အပင်မှထွက်ရှိသော အသီး၏အရောင်မှာ အနီရောင်နှင့်အဝါရောင် (၂)မျိုးရှိကြောင်းသိရှိရပြီး အသားမှာခပ်ပွပွဖြစ်၍ စားလိုက်လျှင် အရည်ရွှမ်းသောအသီးမျိုးဖြစ်ပါသည်။ အသီးပုံစံမှာ ကျောက်ကပ်ပုံ၊ ဘောက်ဆင်လက် အိတ်ပုံရှိပြီး အသီး၏အပြင်ဘက်တွင် အစေ့တစ်စေ့သာပါရှိသော အခွံမာအသီးဖြစ်ပါသည်။
သီဟိုဠ်ပင်မှ ထွက်ရှိသောအသီးကို အသုံးပြုသူနည်းပြီး အစေ့ကိုသာ ရောင်းချကြပါသည်။ သီဟိုဠ်စေ့ကို စားသောက်ကုန်လုပ်ငန်း၊ လောင်စာဆီ၊ ဆေးဝါးထုတ်လုပ်သည့် နေရာတွေမှာ အဓိကထားပြီး ကုန်ကြမ်းအဖြစ်အသုံးပြုကြပါသည်။ သီဟိုဠ်ပင် စိုက်ပျိုးရာဒေသများမှာ မြန်မာနိုင်ငံ အနှံ့အပြားတွင်ရှိသော တောင်ကုန်းများတွင်စိုက်ပျိုးကြပြီး ရခိုင်ပြည်နယ်အမ်းမြို့တွင် စိုက်ပျိုးကာ ပြည်မြို့နယ်အတွင်း တပေါင်းကန်ကျေးရွာ၊ မုဋောကျေးရွာများတွင် တပိုင်တနိုင် စီးပွားဖြစ် စိုက်ပျိုးကြပါသည်။ ရာသီပေါ်ချိန်တွင် သီဟိုဠ်သီးအစေ့ တစ်ပြည်လျှင် ၃၅၀၀-၄၀၀၀ကျပ် ဈေးရှိကြောင်း သိရှိရပါသည်။ သီဟိုဠ်သီးများအား ပွဲစားများမှ လာရောက်ဝယ်ယူကြောင်း သိရှိရပြီး ရန်ကုန်နှင့်မန္တလေးမြို့များသို့ ပြန်လည်တင်ပို့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)