စလင်းမြို့နယ်၊ ကျောင်းကြားကျေးရွာ၌ မိုးစပါး စိုက်ပျိုး ထုတ်လုပ်မှုအခြေအနေ

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်ဦးစီးမှူးရုံး၊ စလင်းမြို့နယ်တာဝန်ခံ ဦးဆန်းလင်းမောင်(ဦးစီးမှူး)နှင့်အဖွဲ့သည် စလင်းမြို့နယ်၌ (၂၆.၁၂.၂၀၂၂)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် စလင်းမြို့နယ်၊ ကျောင်းကြားကျေးရွာ၌ မိုးစပါးစိုက်တောင်သူ ဦးထွန်းနိုင်နှင့်တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို သွားရောက်ကွင်းဆင်း လေ့လာခဲ့ပါသည်။

      ကျောင်းကြားကျေးရွာသည် စလင်းမြို့နှင့် ကပ်လျက်ရှိပြီး နှစ်စဉ်စပါး၊ ကုလားပဲ၊ ဆီထွက်သီးနှံများ ဖြစ်သည့် နှမ်း၊ နေကြာသီးနှံများကိုစိုက်ပျိုးကြပါသည်။ ယခုနှစ်တွင် ကျောင်းကြားကျေးရွာ တောင်သူများ အနေဖြင့် မိုးစပါးဧက(၂၅၀)ခန့်စိုက်ပျိုးခဲ့ပြီး ဧရာပဒေသာစပါးကိုသာ အဓိကစိုက်ပျိုးကြကြောင်း သိရပါသည်။   စိုက်ပျိုးရာတွင်မိုးစပါးကို နှစ်စဉ်(ဇူလိုင်လ)တွင်စတင်ပျိုးထောင်၍ (ဩဂုတ်လ)လယ်တွင်စိုက်ပျိုး ပြီး ဒီဇင်ဘာလတွင် အပြီးရိတ်သိမ်းကြကြောင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းနှင့် တိုက်ရိုက်အစေ့ချ စိုက်ပျိုးခြင်းဟူ၍ရှိရာ စိုက်ပျိုးရာတွင် မြေပြုပြင်ချိန်မှစ၍ စိုက်ပျိုးပြီးသည်အထိ ကျပ်(၂၂၅၀၀၀)ခန့် မျိုး ၂တင်းခွဲ၊ ကွန်ပေါင်း မြေဩဇာ၊ ယူရီယာမြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးစသည့် သွင်းအားစု ထည့်သွင်းခြင်း အနေဖြင့် ကျပ်(၁၅၅၀၀၀)ခန့်နှင့် ရိတ်သိမ်းစရိတ်ကျပ်(၁၂၀၀၀၀)ခန့်၊ စုစုပေါင်း ကျပ်(၅)သိန်းခန့် ကုန်ကျပါကြောင်း၊ မိုးစပါး(၁)ဧကလျှင် (၇၅-၈၀)တင်းထွက်ရှိကာ မိုးစပါး(၁)တင်းလျှင် ယခုပေါက်ဈေး ကျပ်(၁၄၀၀၀)ဖြင့်ရောင်းချရ၍ ဝင်ငွေကျပ်(၁၀၅၀၀၀၀)ရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၅၅၀၀၀၀) ရရှိပါကြောင်းနှင့် ကျောင်းကြားကျေးရွာရှိ တောင်သူများသည် စလင်းတမံနှင့်၊ လင်းဇင် ရေလွှဲဆည်မှ ရေကိုအသုံးပြုပြီး စိုက်ပျိုးရ၍ ရေစုပ်စက်ဖြင့် ရေတင်ခြင်းမပြုလုပ်ရသော်လည်း ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ အားဆေးအမျိုးမျိုးစသည့် သွင်းအားစုမှာဈေးနှုန်းများ မြင့်မားခြင်းတို့ကြောင့် ယခင်နှစ်ထက် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များလာပါကြောင်း တောင်သူ ဦးထွန်းနိုင်ထံမှ သိရှိရပါသည်။

       မိုးစပါး(၁)ဧကစိုက်ပျိုးရာတွင် အထွက်နှုန်းကွာခြားမှုမှာ သွင်းအားစုထည့်သွင်းခြင်းမတူညီမှု၊ ရေသွင်းအကြိမ်ရေ ကွာခြားမှုတို့ကြောင့် (၁)ဧကစိုက်ပျိုးထုတ်လုပ်မှုစရိတ် မတူညီသလို အထွက်နှုန်းလည်း မတူညီကြောင်း၊ ယခင်နှစ်ကသီးနှံပေါ်ချိန်တွင် မိုးစပါးဧရာပဒေသာ (၁)တင်းလျှင် ကျပ်(၁၀၀၀၀) ရရှိခဲ့ပြီး ယခုနှစ်တွင် ဧရာပဒေသာမိုးစပါး (၁)တင်းလျှင် ကျပ်(၁၄၀၀၀)ရရှိ၍ တောင်သူများအဆင်ပြေပြီး ထွက်ရှိပြီးသားစပါးများကို ဒေသခံပွဲစားများမှတဆင့်ရောင်းချကြသလို စက်ပိုင်များမှလည်း ကျေးရွာ အရောက်လာရောက်ဝယ်ယူကြကြောင်းသိရှိရပါသည်။

DOCA(မကွေး)