ယင်းမာပင်ခရိုင်သည် ယခုနှစ်မိုးစပါးဧက(၁)သိန်းကျော်စိုက်ပျိုးခဲ့ရာ ဒီဇင်ဘာလကုန်ပတ်တွင် ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီကြောင်း သိရှိရသည်။ ဧရာမင်းလုံသွယ်မွှေးနှင့် မနောသုခစပါးမျိုး များကို အဓိက စိုက်ပျိုးထားပြီးအထွက်နှုန်းလည်းသင့်တင်ကောင်းမွန်းကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။
မြောက်ယမားဆည်ရေသောက် ဒေသများဖြစ်ကြသည့် ညောင်ပင်ကြီးစု၊ ကုက္ကိုစု၊ မင်းကံကြီး၊ အိုင်ရောင်းနှင့် ကျေးနင်းကြီးကျေးရွာများတွင် စပါးဖြစ်ထွန်းမှုပိုမိုကောင်းမွန်သလို အထွက်နှုန်းနှင့် အရည်အသွေးပါကောင်းမွန်ခဲ့ကြောင်း ကျေးနင်းကြီးကျေးရွာတောင်သူ ဦးဆန်းဝင်း၏ ပြောပြချက်အရ သိရှိရသည်။ ဧရာမင်းစပါးမျိုးများကို အဓိကစိုက်ပျိုးကြပြီး အထွက်နှုန်းအနေဖြင့်တစ်ဧက(၇၃) တင်းပျှမ်းမျှထွက်ရှိကြောင်း ဈေးကွက်အတွင်း၌လည်း ဝန်ကြီးဧရာအဖြစ် ဈေးကွက်ရရှိနေကြောင်းလည်း သိရှိရသည်။
လက်ရှိဒေသတွင်း၌ မိုးစပါးများ လှိုင်လှိုင်ထွက်ရှိနေပြီး စပါးအရောင်းအဝယ်မှာလည်း သွက်လျက်ရှိကြောင်း၊ မုံရွာမြို့ရှိ ဆန်စက်ကြီးများမှလည်း ဝယ်ယူမှုများရှိနေကြောင်း၊ ယခုနှစ်တွင် တောင်သူအများစုမှာ မိသားစုတစ်နှစ်စာ ဝမ်းစာအတွက်သာ ဒေသတွင်းဆန်စက်များ၌ ကြိတ်ခွဲကြပြီး ကျန်စပါးများကို မုံရွာမြို့ရှိ ဆန်စက်ကြီးများသို့ တင်ပို့ကြိတ်ခွဲရောင်းချကြောင်းသိရသည်။ လက်ရှိတွင် ဧရာမင်းစပါး တင်း(၁၀၀)လျှင် (၁၀)သိန်း၊ လုံးသွယ်မွှေးစပါးတင်း(၁၀၀)လျှင် (၁၁.၅)သိန်းနှင့် မနောသုခစပါးတင်း(၁၀၀)လျှင် (၉)သိန်း၊ ပေါက်ဈေးအသီးသီးရှိခဲ့ပြီး ဧရာမင်းဆန်တစ်အိတ်လျှင် (၄၅၀၀၀-၄၈၀၀၀)ကျပ်၊ လုံးသွယ်မွှေးဆန်တစ်အိတ်လျှင် (၄၆၀၀၀-၄၈၅၀၀)ကျပ်နှင့် မနောသုခ ဆန်တစ်အိတ်လျှင် (၄၂၀၀၀-၄၃၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်း ဒေသတွင်းနှင့် မုံရွာဈေးကွက်မှ ဝယ်ယူမှုများပြားလျှက်ရှိသည့်အတွက် အရောင်းအဝယ်သွက်လျှက်ရှိကြောင်း ဆန်စက်လုပ်ငန်းရှင် များထံမှ သိရှိရသည်။
DOCA(စစ်ကိုင်း)