မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းဒေသများတွင် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံအပြင် ငရုတ်သီးနှံကို ဒေသစီးပွားရေးအဖြစ် အဓိကစိုက်ပျိုးလျက်ရှိပြီး နှစ်စဉ်ငရုတ်စိုက်ဧက(၂၀၀၀)ခန့် စိုက်ပျိုးကြောင်း သိရှိရပါသည်။
ယခုနှစ်တွင် ပခုက္ကူမြို့နယ် မယ်ဇလီပင်ကုန်းအုပ်စုအတွင်းရှိ သံပုရာပင်ကုန်း၊ မယ်ဇလီပင်ကုန်း၊ လှည်းချောင်းပေါက်၊ ရွာသာယာအေး၊ နုံးပို့ကျေးရွာများတွင် ကိုင်း/ကျွန်းမြေများ၌ ငရုတ် စိုက်ဧက(၄၀၀)ခန့် စိုက်ပျိုးထားရှိကြောင်း၊ (ကျောက်စိမ်း)ငရုတ်မျိုးကို အဓိက စိုက်ပျိုးပြီး၊ လေးကွက်ကြားစနစ်ဖြင့်ပင်ကြား(၁)ပေ၊ တန်းကြား(၁)ပေခွဲထားရှိ၍ ရေအကြိမ်ကြိမ်သွင်းပြီး စိုက်ပျိုးရကြောင်း ငရုတ်သီးနှံကို အောက်တိုဘာလမှ စတင်စိုက်ပျိုးပြီး အသီးရင့်ပြီး မှည့်မှဆွတ်ခူးရ၍ စိုက်ပင်သက်တမ်း (၅)လခွဲခန့် ကြာမြင့်ချိန် ဖေဖော်ဝါရီလတွင် အသီးစတင်ဆွတ်ခူးရကြောင်း သိရှိရသည်။
ငရုတ်သီးနှံစိုက်ပျိုးရာတွင် (၁)ဧကလျှင် ပျိုးပင်(၈၀၀၀)ခန့်ဝင်ဆံ့ စိုက်ပျိုးရပြီး ရာသီဥတုအနေအထားနှင့် စိုက်ပျိုးမြေပေါ် မူတည်၍(၁)ဧက တင်း(၄၀၀ မှ ၅၀၀)ထိထွက်ရှိကြောင်း၊ (၁)တင်း လျှင် ငရုတ်သီးမှည့်(အစို)(၈)ပိဿာ၊ (အခြောက်)(၂)ပိဿာခန့် ထွက်ရှိပြီး ဒေသခံတောင်သူ များသည် ငရုတ်သီး(အစိမ်း)တောင့်ကို ဆွတ်ခူးရောင်းချခြင်းမရှိကြောင်း၊ ကုန်ကျစရိတ်မှာ ယခင်နှစ် ကျပ်(၂၅)သိန်းခန့်ကုန်ကျခဲ့ပြီး ယခုနှစ်ကျပ်(၃၅)သိန်းခန့်ကုန်ကျနိုင်မည်ဖြစ်ကြောင်း၊ ယခင်နှစ် ငရုတ်သီးနှံ ပေါ်စရောင်းချချိန်တွင် ဒေသတွင်းဈေးကွက်၌ ငရုတ်သီး(ခြောက်) (၁)ပိဿာ ကျပ် (၅၀၀၀/၆၀၀၀) ပေါက်ဈေးရှိခဲ့ပြီး ယခုအချိန် ဈေးကွက်အတွင်း၌ ငရုတ်သီး(ခြောက်) (၁)ပိဿာ ကျပ်(၁၇၀၀၀/၁၈၀၀၀) ပေါက်ဈေးရှိ၍ ဒေသခံငရုတ်စိုက်တောင်သူများ ယခုနှစ်တွင် အကျိုး အမြတ်များစွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ မယ်ဇလီပင်ကုန်းအုပ်စုအတွင်းရှိ ကျေးရွာများမှ တောင်သူများသည် (ဆောင်း)ငရုတ် သီးနှံကို စိုက်ဧကအများဆုံး စီးပွားဖြစ်စိုက်ပျိုးကြကြောင်း၊ စိုက်ခင်းမှ ထွက်ရှိသော ဒေသထွက်ငရုတ်သီး(ခြောက်)များကို မြင်းဝင်းကျေးရွာရှိ ကုန်သည်ပွဲစားများမှလာရောက်ဝယ်ယူပြီး ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ ဖြန့်ဖြူးတင်ပို့လျက်ရှိကြောင်း သံပုရာပင်ကုန်း ကျေးရွာမှ ငရုတ်စိုက်တောင်သူ ဒေါ်ဌေးဌေးထံမှသိရှိရပါသည်။
ပခုက္ကူမြို့နယ် ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ မြေနုကျွန်း ကျေးရွာများတွင် စိုက်ပျိုးထားရှိ သော ငရုတ်စိုက်ခင်းများကို မတ်လအကုန်တွင် ရိတ်သိမ်းပြီးမည်ဖြစ်ကြောင်း၊ ရိတ်သိမ်းပြီး မြေလွတ်များတွင် (နွေ)ပဲတီစိမ်းသီးနှံများ သီးထပ်အဖြစ် အစားထိုးစိုက်ပျိုးသွားကြမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)