ကုန်စိမ်းသီးနှံ ခရမ်းချဉ်စိုက်ပျိုး မိသားစုဝင်ငွေတိုး

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်တွင် အောက်တိုဘာလဆန်းတွင် စိုက်ပျိုးထားရှိသော ကုန်စိမ်းသီးနှံ ခရမ်းချဉ်သီးများ နိုဝင်ဘာလလယ်မှစ၍ လှိုင်လှိုင်ဆွတ်ခူး ရောင်းချနေပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။ ဆိပ်ဖြူမြို့နယ်တွင် နှစ်စဉ် ကုန်စိမ်းသီးနှံကို ဧရာဝတီမြစ်ဘေးရှိ ကျေးရွာများတွင် အဓိကစိုက်ပျိုးလျက်ရှိရာ နှစ်စဉ်စိုက်ဧက (၁၅၀၀)ခန့် စိုက်ပျိုးခဲ့ပြီး ယခင်နှစ်က ခရမ်းချဉ်သီးအပါအဝင် ကုန်စိမ်းစိုက်တောင်သူများ အကျိုး အမြတ်များစွာရရှိခဲ့၍ ယခုနှစ်တွင် ကုန်ကျစရိတ်များပြီး အကျိုးအမြတ်ရရှိမှု နည်းသော မိုးကြက်သွန်နီ(ဥစိုက်) စိုက်ခင်းများ လျော့နည်းစိုက်ပျိုးပြီး ကုန်စိမ်းသီးနှံစိုက်ခင်းများကို အစားထိုး စိုက်ပျိုးကြောင်း သိရှိရပါသည်။

       ဆောင်းသီးနှံ ကုန်စိမ်းခရမ်းချဉ်သီးစိုက်ပျိုးရာတွင် ဒေသခံတောင်သူများမှ စားသုံးမှုများ၍ ဈေးကွက်အတွင်း တွင်ကျယ်စွာရောင်းချရပြီး အထားခံသော (ထိုင်ဝမ်)ခရမ်းချဉ်သီးမျိုးကို စက်တင် ဘာလဆန်းတွင် စိုက်ပျိုးကြပြီး ပင်ကြား(၁)ပေခွဲ၊ တန်းကြား(၃)ပေထားရှိ၍ မြေအောက်ရေအပြင် ရေသွင်းစနစ်ဖြင့် စိုက်ပျိုးကြသည်။ တစ်ဧကပျိုးပင်(၅၀၀၀)ခန့်ဝင်ဆံ့ စိုက်ပျိုးရပြီး ပိဿာ(၅၅၀၀) ခန့် ထွက်ရှိကြောင်း၊ ကုန်ကျစရိတ် ကျပ်(၅)သိန်းခန့် ကုန်ကျကြောင်း၊ သီးနှံပေါ်ချိန်ကာလတွင် ဒေသတွင်း ဈေးကွက်၌ (၁)ပိဿာကျပ်(၁၀၀၀ မှ ၃၅၀၀) ပေါက်ဈေးရှိခဲ့ကြောင်း၊ ယခင်နှစ် ခရမ်းချဉ်သီး ဈေးကောင်းရရှိခဲ့၍ (၁)ဧက ကျပ်(၆၅)သိန်းခန့် အကျိုးအမြတ်များစွာရရှိခဲ့ကြောင်း၊ ယခုနှစ် တွင်လည်း ကုန်စိမ်းစိုက်ခင်းများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးချိန်ရာသီတွင် မိုးများစွာရွာသွန်း ခြင်းကြောင့် စိုက်ခင်းများ ပျက်စီးမှုများပြီး အသီးအထွက်နှုန်းနည်းသွားခြင်းကြောင့် (၁)ဧက ပိဿာ(၄၅၀၀)သာ ထွက်ရှိကြောင်း၊ အသုံးစရိတ်မှာ ပျမ်းမျှကျပ်(၈)သိန်းခန့် ကုန်ကျပြီး ယခုနှစ် ခရမ်းချဉ်သီးပေါ်ချိန် ဒေသတွင်း ဈေးကွက်တွင် (၁)ပိဿာကျပ်(၂၅၀၀)မှ စတင်ရောင်းချခဲ့ရကြောင်း ဒီဇင်ဘာလဆန်းတွင် ဈေးကွက်အတွင်းသို့ ကျောက်ပန်းတောင်း၊ ပုပ္ပါးသီး၊ ရှမ်းပြည် (အင်းလေး) ခရမ်းချဉ်သီးများ လှိုင်လှိုင်ဝင်ရောက်လာ၍ ဒေသထွက်ခရမ်းချဉ်သီး ဈေးနှုန်းကျဆင်းပြီး အရွယ် အစား အရည်အသွေးလိုက်၍ (၁)ပိဿာ (၈၀၀ မှ ၁၃၀၀)ကျပ် ပေါက်ဈေးဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း၊ ယခုနှစ်တွင် လည်း ကုန်စိမ်းစိုက်တောင်သူများ ဈေးကောင်းရရှိ၍ (၁)ဧကစိုက်ပျိုးလျှင် ကျပ်(၃၅)သိန်းခန့် အကျိုးအမြတ် ရရှိနိုင်ကြောင်း၊ ဒေသခံ တောင်သူများအနေဖြင့် သီးနှံဆွတ်ခူး ရောင်းချချိန်တွင် နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း၊ ရေလယ်ကျွန်း ကျေးရွာရှိ ခရမ်းချဉ် စိုက်တောင်သူ ဒေါ်ကြည်ကြည်မြင့် ထံမှသိရှိရပါသည်။

     ဆိပ်ဖြူမြို့နယ်ရှိ ဆောင်းသီးနှံ ကုန်စိမ်းစိုက်တောင်သူများသည် ယခင်ကနှစ်စဉ်မပြတ် ကုန်စိမ်းသီးနှံမျိုးစုံ စိုက်ပျိုးခဲ့ကြသော်လည်း မိမိတို့စိုက်ခင်းထွက် သီးနှံများပေါ်စအချိန်တွင်သာ ဈေးအသင့်အတင့်ရရှိပြီး နောက်ပိုင်းတွင် ရောင်းချရသောဈေးနှုန်းမှာ တဖြည်းဖြည်းကျဆင်းသွားခြင်း ကြောင့် အရှုံးပေါ်မှုများ၍ စိုက်ပျိုးမှု လျော့နည်းသွားကြောင်း၊ ယခုနှစ်တွင် (ဥစိုက်) ကြက်သွန်နီ စိုက်ပျိုးမှု လျော့နည်းသွားပြီး ခရမ်းချဉ်သီးအပါအဝင် ကုန်စိမ်းသီးနှံမျိုးစုံကို အစားထိုးစိုက်ပျိုးကြ ကြောင်း၊ ယခုအချိန်အခါတွင် ကုန်စိမ်းသီးနှံမျိုးစုံ ဈေးကောင်းရရှိ၍ စိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်များစွာ ရရှိနေကြပါကြောင်း သိရှိရပါသည်။

DOCA(မကွေး)