တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊ ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၄၉၁၂၁)ဧက၊ အစေးလှီး ဧရိယာမှာ (၁၉၃၂၇၅)ဧက၊ အထွက်နှုန်းမှာ (၄၉၉.၉၉)ပေါင် ရှိပြီး တစ်နှစ်စာပျှမ်းမျှအထွက်တန်မှာ (၄၃၈၃၄) မက်ထရစ်တန်ရှိကြောင်း သိရှိရသည်။
မှိုင်းခံရော်ဘာတွင် RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 ဟူ၍ အဆင့်သတ်မှတ်ချက် (၅ ) မျိုး ရှိပါသည်။ ယခုလက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-3 နှင့် RSS-5 ( ၂ ) မျိုးသာ အဓိက အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ယခုအပတ် ရော်ဘာစျေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၃၂၀ နှုန်း၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၂၂ဝ နှုန်း ပေါက်ဈေးရှိပြီး RSS-3 သည် RSS-5 ထက် အပြစ်အနာအဆာကင်းသောကြောင့် ဈေးကောင်းပိုရလျက်ရှိကြောင်း သိရှိရပါသည်။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်တွင် ရာဘာစျေးနှုန်းအနေဖြင့် တောင်သူများ တွက်ခြေကိုက်လျက်ရှိသောကြောင့် ရာဘာ အစေးခြစ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက စျေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိ၍ ရော်ဘာကို ကော့သောင်းနှင့် ထိုင်းဖက်သို့ အများဆုံး တင်ပို့လျက်ရှိကြောင်း သိရှိရပြီး ယခုအခါသယ်ယူပို့ဆောင်ခ ထားဝယ်မှကော့သောင်းသို့ (ကားခ) တစ်တန်လျှင် (၁၈၀၀၀၀−၂၀၀၀၀၀)နှုန်းရှိကြောင်း စုံစမ်းသိရှိရသည်။
DOCA(တနင်္သာရီ)