ကြံရာသီချိန် ဝင်ငွေကောင်းလျက်ရှိသည့် ကြံသကာလုပ်ငန်း

Powered by Drupal

မြန်မာလူမျိုးအများစုမှာ ထမင်းစားပြီးလျှင် အချိုစားချင်သည့် လူမျိုးများဖြစ်ရာ လူကြီးအများ စုမှာ ထန်းလျက်၊ ကြံသကာကဲ့သို့သော အချိုများကို စားသုံးလေ့ရှိကြပါသည်။ ထန်းလျက် ၊ ကြံသကာ များသည် ရှေးအစဉ်အဆက် မိရိုးဖလာ ပြည်တွင်းဖြစ် ထုတ်ကုန်တစ်မျိုးလည်းဖြစ်ပါသည်။
ယခုကာလသည် ကြံခုတ်သိမ်းချိန်ရာသီဖြစ်၍ ကြံသကာချက်လုပ်သူများအနေဖြင့် လုပ်ငန်း စတင်ချိန်ဖြစ်ရာ ကြံစိုက်ပျိုးသည့် အချို့တောင်သူများအနေဖြင့် သကြားစက်များသို့ တိုက်ရိုက် တင်ပို့ရောင်းချခြင်းများရှိသလို အချို့တောင်သူများမှာ တပိုင်တနိုင်ကြံသကာချက်လုပ်၍ ကြံသကာ အဖြစ်ရောင်းချခြင်း၊ ကြံသကာပြုလုပ်သည့်ဖိုများသို့ တင်ပို့ရောင်းချခြင်းများ ပြုလုပ်ကြပါသည်။
ကျေးရွာတစ်ရွာထုတ်ကုန်အနေဖြင့် ပေါက်ခေါင်းမြို့နယ်မှ ဘန်းပြင်းကျေးရွာ၊ မြေနီကုန်း ကျေးရွာ၊ သိုက်ချောင်းကျေးရွာ၊ ဓမ္မသော်ကျေးရွာ၊ ဂက်အစ်ကုန်းကျေးရွာနှင့် ကိုးအုံစုကျေးရွာများမှ ကြံသကာချက်လုပ်၍ ဒေသတွင်း တပိုင်တနိုင်ရောင်းချသည်များရှိသလို အချို့ချက်လုပ်သူများမှာ မြေပဲကြံသကာပြုလုပ် ရောင်းချသည့်ဖိုများသို့ ရောင်းချသူများလည်း ရှိကြောင်း သိရှိရပါသည်။
တပိုင်တနိုင် ကြံချက်လုပ်သူများအနေဖြင့် ကြံသကြာချက်လုပ်ရာတွင် ကြံတစ်တန်လျှင် အရည် ပုံး ၃၀ ရရှိပြီး တစ်တန်လျှင် ၁၀ ဒယ် ချက်လုပ်ရပါသည်။ ကြံတစ်တန်ချက်လုပ် ကုန်ကျ စရိတ်မှာ ၉၈၅၀၀ ကျပ်ခန့် ကုန်ကျကြောင်းနှင့် ၁ တန်ချက်လုပ်ပါက ကြံသကာပိဿာချိန် ၆၀ ထွက်ရှိပြီး ၁ပိဿာလျှင် ၂၀၀၀ ကျပ်ဖြင့် ရောင်းချရပြီး ဝင်ငွေအနေဖြင့် တစ်တန်လျှင် ၁၂၀၀၀၀ ကျပ်ရရှိပါက အကျိုးအမြတ်အနေဖြင့် ၂၁၅၀၀ ကျပ်ခန့် ရရှိကြောင်း သိရှိရပါသည်။ တစ်နေ့လျှင် ၄ တန်ကျ ချက်လုပ်နိုင်ပါသောကြောင့် အကျိုးအမြတ်အနေဖြင့် ၈၆၀၀၀ ကျပ်ခန့်ရရှိကြောင်း သိရှိရပါသည်။
ယခုနှစ်တွင် ကြံစိုက်ပျိုးသူတောင်သူများအနေဖြင့်လည်း သကြားစက်များသို့ ရောင်းချရာ တွင်လည်း သကြားစက်မှ စက်အရောက်ဈေး ကြံတစ်တန်လျှင် ၇၅၀၀၀ ကျပ် ဈေးပေးဝယ်ယူခြင်း၊ ကြံသကာချက်လုပ်ရောင်းချသူများအနေဖြင့်လည်း နေ့စဉ်ချက်လုပ်ခြင်းမရှိသော်လည်း ကျိုချက်သည့် ရက်များတွင် အကျိုးအမြတ် ၈၀၀၀၀ ကျော်ခန့် ရရှိနေသည့်အတွက် ယခုနှစ်ကြံရာသီတွင် ကြံသကာ လုပ်ငန်းများ ဝင်ငွေကောင်းလျက်ရှိနေသည့်အတွက် ပြည်တွင်းထုတ်ကုန်တစ်မျိုးဖြစ်သည့် ကြံသကာ လုပ်ငန်း ယခုထက်ပိုမိုဖွံ့ ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။
DOCA(ပဲခူး)