ရုက္ခဗေဒမျိုးစုအမည်အရ “ဖရာဂေးရီးယား” ဟုခေါ်သောစတော်ဘယ်ရီပင်များသည် အေးမြသောရာသီဥတုကို အထူးနှစ်သက်ပြီး မြေပေါ်တွင်ကပ်၍ပေါက်သော မြေလျှောက်ပင်အမျိုးအစား ဖြစ်ပါသည်။ မူရင်းစိုက်ပျိုးပေါက်ရောက်ရာဒေသမှာ မြောက်အမေရကတိုက်ဟုလေ့လာသိရှိရပြီး သမပိုင်းဇုန်၌လည်းကောင်း၊ အပူပိုင်းဇုန်အတွင်းရှိ တောင်ကုန်းဒေသများ၌လည်းကောင်း၊ စိုစွတ်သောမြေမျိုးနှင့် ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၃၀၀၀မှ ၆၀၀၀အတွင်းရှိ မြေမျိုး၌လည်းကောင်း ပေါက်ရောက်နိုင်ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံတွင် စတော်ဘယ်ရီကို “ရှမ်းဆီး” ဟုခေါ်တွင်ကြပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တို့တွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြသည်။ တောင်ပေါ်ဒေသ နေရာအများအပြားတွင် တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်အထိစိုက်ပျိုးလာကြပြီး ယခုအခါ ပျိုးပင်များကို ပုပ္ပားတောင်ခြေတစ်ဝိုက်တွင် နည်းစနစ်တကျ စမ်းသပ်စိုက်ပျိုးအောင်မြင်လျက်ရှိကြောင်း သိရှိရပါသည်။
စတော်ဘယ်ရီပင်များကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး ဒေသသီးခေါ် အလုံးသေးအသီးများသာမက ခပ်ပြားပြားသဏ္ဍာန်ရှိပြီး အရသာချဉ်သော ထိုင်ဝမ်သီးများနှင့် အလုံးကြီးပြီးချိုသော ဂျပန်သီးများကိုလည်း စိုက်ပျိုးကြပါသည်။
စိုက်ပျိုးထွက်ရှိလာသော စတော်ဘယ်ရီသီးများကို အောက်တိုဘာလမှစတင်ပြီး မေလဝန်း ကျင်အထိ ခူးဆွတ်ကြပါသည်။ တစ်ဧကလျှင်ပျမ်းမျှပိဿာ ၃၀၀၀မှ ၄၀၀၀ ဝန်းကျင်ခန့်အထိ ရရှိသောသီးထွက်များကို စတင်ခူးဆွတ်ချိန်မှ ရက်ပေါင်း(၆၀)ခန့် နေ့စဉ်ပုံမှန်ခူးဆွတ်နိုင်သော်လည်း ငါးရက်တစ်ကြိမ်းခူးဆွတ်ပါက ပိုမိုကောင်းမွန်ကြောင်းသိရှိရပါသည်။
ခူးဆွတ်ရရှိလာသောအသီးများကို ၁ပိဿာ (၁၃၀၀၀)ကျပ်ခန့်၊ ၁ကီလိုဂရမ် (၁၀၀၀၀)ကျပ် ခန့်ဖြင့် ထွက်ရှိရာဒေသမှ မန္တလေးမြို့သို့ အဓိကတင်ပို့ရောင်းချပြီး ဒေသတွင်းရှိစတော်ဘယ်ရီ ယိုလုပ်ငန်းများနှင့် မိရိုးဖလာစတော်ဘယ်ရီဝိုင်စိမ်သောလုပ်ငန်းများသို့လည်း လက်လီ/လက်ကား ဈေးများဖြင့် ရောင်းချကြောင်း သိရှိရပါသည်။
ယခုအခါတွင် ပြည်တွင်း/ပြည်ပ ခရီးသွားလည်ပတ်သူများအကြား စိုက်ပျိုးရေးလုပ်ငန်းများတွင် ကိုယ်တိုင်ဝင်ရောက်လေ့လာမှုများ ရေပန်းစားလာခဲ့သည်။ သို့ရာတွင် စိုက်ပျိုးရေးလုပ်ငန်းမှသည် နိုင်ငံ့စီးပွားရေးပိုမိုဖွံ့ဖြို့တိုးတက်လာစေရန်ရည်ရွယ်၍ ပြင်ဦးလွင်မြို့နှင့် အချို့တောင်ပေါ်ဒေသများတွင် လာရောက်လည်ပတ်သောခရီးသွားပြည်သူများကိုယ်တိုင် ဝင်ရောက်လေ့လာနိုင်စေရန် စတော်ဘယ်ရီ စိုက်ခင်းများအပြင် စပျစ်စိုက်ခင်း၊ လိမ္မော်စိုက်ခင်း၊ နာနတ်စိုက်ခင်းများနှင့် အခြားသီးနှံစိုက်ခင်းများအား နည်းစနစ်တကျ စိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)