စွန်တာနီ၊ စွန်တာပြာ ပဲကို မိုးနှောင်းကာလနှင့် ဆောင်းရာသီအစောပိုင်းတွင် စိုက်ပျိုးကြ ပါသည်။ စွန်တာနီ/ စွန်တာပြာပဲများသည် မျိုးရိုးဗီဇအားဖြင့် ပဲတစ်မျိုးတည်း ဖြစ်သော်လည်း ပဲ၏ အရောင်အနည်းငယ် ကွဲပြားမှုကြောင့် အနီရင့်ရောင်ရှိသောပဲများကို စွန်တာနီဟုခေါ်ပြီး နီညိုရောင်တွင် ပြာလဲ့ရောင်သမ်းလျက်ရှိသော ပဲကို စွန်တာပြာဟု ခေါ်တာဖြစ်ပါကြောင်း၊ စွန်တာပြာမျိုးစိတ် တစ်ခုဖြစ်သည့် ဒေသအခေါ် ပဲဇီးကွက်များ နိုင်ငံခြားပို့ကုန်သစ်အနေဖြင့် တွင်ကျယ်လာကြောင်း လေ့လာသိရှိရပါသည်။
စွန်တာနီ/ပြာ ပဲသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမှုများပြားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် လျာထားချက်မှာ မိုး ၈၂,၀၀၀ ဧက၊ ဆောင်း ၁၅၀,၂၀၀ ဧက၊ စုစုပေါင်း ဧက ၂၃၂,၂၀၀ ရှိပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မုံရွာခရိုင်တွင် ၈၄,၂၅၆ဧက၊ ရွှေဘိုခရိုင်တွင် ၃၄,၄၄၃ ဧက၊ ကလေးခရိုင်တွင် ၂၇,၀၄၇ ဧက၊ ရေဦးခရိုင်တွင် ၂၂,၉၆၆ ဧက၊ ယင်းမာပင်ခရိုင်တွင် ၁၇,၄၁၁ ဧက၊ စစ်ကိုင်းခရိုင်တွင် ၁၃,၇၅၈ ဧကနှင့် ကန့်ဘလူခရိုင်များတွင် ၁၂,၈၆၉ ဧက စုစုပေါင်း ၂၁၂,၇၅၀ ဧက စိုက်ပျိုးပြီးဖြစ်ရာ လျာထားချက်အပေါ် (၉၁.၆၂) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ သိရှိရပါသည်။
မိုးသီးနှံ ကို ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများတွင် စိုက်ပျိုးပြီး၊ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ပေါ်ထွက်ပါသည်။ မိုးသီးနှံ ကို ၈၂၀၀၀ ဧက လျာထားခဲ့ရာမှ ၈၂၁၉၅ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလကုန်အထိ ၃၃၉၀၀ ဧက ရိတ်သိမ်းပြီးစီးကြောင်း သိရ ပါသည်။ ဆောင်းသီးနှံကို အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စိုက်ပျိုးကြပါ ကြောင်း၊ မိုးသီးနှံ စွန်တာနီ/ပြာပဲ စတင်ထွက်ပေါ်ချိန် နိုဝင်ဘာ၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် သုံးတင်းဝင်တစ်အိတ်ကို ပျမ်းမျှငွေကျပ် ၁၂၀,၀၀၀ ဝန်းကျင်ရှိနေသဖြင့် ဈေးကောင်းရလို့ စိုက်ပျိုးသူများလာပါကြောင်း၊ လက်ရှိ စွန်တာနီ/ပြာဈေးမှာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၃၅,၀၀၀ ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းသတင်းအရ သိရပါသည်။
စွန်တာနီ/ပြာပဲအား ပဲစိုအဖြစ် ချက်ပြုတ်စားသုံးရန် စားသုံးသူပြည်သူများက ပိုမိုကြိုက်နှစ် သက်ပြီး ချက်ပြုတ်ရာတွင်လည်း လွယ်ကူသဖြင့် ပဲစို ခူးဆွတ်ရောင်းချကြကြောင်း၊ ပဲစို တစ်တင်း လျှင် ၇၀၀၀၀ကျပ် ရရှိသဖြင့် တောင်သူများအတွက်လည်း တွက်ခြေကိုက်သဖြင့် ပဲအစိုကို ခူးဆွတ် ရောင်းချလျက်ရှိပါကြောင်း၊ စွန်တာနီ/ပြာကို အညှောင့်ဖောက်၍ ပဲညှောင့်ပေါက်အဖြစ်လည်းကောင်း၊ ပဲကို အပင်ပေါက်ကို ပဲပင်ပေါက်အဖြစ် လည်းကောင်း၊ ၎င်းပဲပင်ပေါက်ကို အချဉ်တည်၍ ပဲပင်ချဉ် အဖြစ် အမျိုးမျိုးပြုလုပ်ရောင်းချနေရခြင်းကြောင့် ပြည်တွင်းဈေးကွက်သာမက နိုင်ငံခြားဈေးကွက်ရှိသော သီးနှံဖြစ်သည့်အတွက် ဈေးကွက်ဝယ်လိုအားရှိနေပြီး ဈေးကောင်းရနေသော စွန်တာနီ/ပြာ သီးနှံကို ပိုမိုစိုက်ပျိုးလာပါကြောင်း တောင်သူအမျိုးစုထံမှ လေ့လာသိရှိရပါသည်။
DOCA(စစ်ကိုင်း)