နေကြာစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

       ကယားပြည်နယ်အနေဖြင့် နေကြာ(မိုး)နှင့် နေကြာ(ဆောင်း)ဟူ၍ စိုက်ပျိုးကြသည်။ စားသုံးဆီဖူလှုံရန်အတွက် ဆီထွက်သီးနှံဖြစ်သော  မြေပဲ၊ နှမ်းတို့ကို စိုက်ပျိုးကြသကဲ့သို့ နေကြာသီးနှံသည်လည်း ဆီဖူလှုံရေးအတွက် စိုက်ပျိုးလာကြသည်။ နေကြာသီးနှံကို စိုက်ပျိုးမည် ဆိုလျှင် မျိုးကောင်းမျိုးသန့်ဖြစ်သော ရေဆင်းစပ်မျိုးနေကြာနှင့် ဆင်းရွှေကြာ-၂တို့ကို ရွေးချယ်၍စိုက်ပျိုးသင့်သည်။ နေကြာကို သီးသန့်ဖြစ်စေ၊ သီးညှပ်ဖြစ်စေ စိုက်ပျိုးကြသကဲ့သို့ ယာမြေများတွင် မိုးသီးနှံရိတ်သိမ်းပြီးချိန်တွင် စိုက်ပျိုးကြသည်။  နေကြာကို စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုးကြသည်။

       ၂၀၂၂-၂၀၂၃ ခုနှစ်၊ ကယားပြည်နယ်တွင် နေကြာ(မိုး) စိုက်ဧကမှာ(၉၄၄)ဧကရှိပြီး ရိတ်သိမ်းဧကမှာ (၉၄၄)ဧက ရိတ်သိမ်းနိုင်ခဲ့သည်။ တစ်ဧကအထွက်နှုန်းအနေဖြင့်  ၃၀ ဒသမ ၄၉ တင်းခန့်ထွက်ရှိပြီး စုစုပေါင်းအထွက်တင်းအနေဖြင့် ၂၈၇၈၂ တင်း ထွက်ရှိသည်ဟု သိရသည်။  ယခုအချိန်တွင် နေကြာ(ဆောင်း)များကို လွိုင်ကော်ခရိုင်တွင် စိုက်ဧက (၂၇၅၉)ဧကခန့်၊  ဘောလခဲခရိုင်တွင်(၈၅၃)ဧကခန့်စိုက်ပျိုးခဲ့ပြီး ဘောလခဲခရိုင်တွင် ၁၅ ဧကခန့် စတင်ရိတ်သိမ်း နေပြီဖြစ်ကြောင်း သိရှိရပါသည်။ ကယားပြည်နယ်အနေဖြင့် နေကြာစိုက်ပျိုးထုတ်လုပ်မှုနှင့် နေကြာဆီစိုက်ပျိုးထုတ်လုပ်နိုင်ရန်  စိုက်ဧကများတိုးချဲ့ စိုက်ပျိုးလျက်ရှိပါသည်။ နေကြာစိုက်ပျိုး ထုတ်လုပ်သူများအနေဖြင့် ရာသီဥတုရေ/မြေသဘာဝနှင့် အထူးသင့်လျော်ပြီး စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်နည်းပါးခြင်း၊ အထွက်နှုန်းကောင်းမွန်ခြင်းနှင့် ဆီအထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့်  ပြည်တွင်းစားသုံးဆီဖူလှုံရေးအတွက် အထောက်အကူပြုသော သီးနှံဖြစ်သည်။ ထွက်ရှိလာသော နေကြာစေ့များကို  ဒေသတွင်းကြိတ်ခွဲစားသုံးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။နေကြာဆီကြိတ်ခွဲထုတ်လုပ်ရာတွင် နေကြာတစ်တင်းကို   ဆီကြိတ်ခွဲထုတ်လုပ်လျှင် နေကြာဆီ  ၂ ပိဿာ၊ ၅၀ကျပ်သားခန့်ထွက်ရှိပါသည်။ နေကြာဆီ တစ်ပိဿာလျှင်ကျပ် ၁၃၀ဝ၀ ကျပ်ဖြင့် ဒေသတွင်းရောင်းချပြီး အချို့သောကျန်းမာရေးလိုက်စားသူများနှင့် ဆီးချို၊ သွေးချို၊ သွေးတိုးသမားများက  ဝယ်ယူစားသုံးကြလျက်ရှိပါကြောင်း သိရသည်။  

DOCA(ကယား)