မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်၌ နိုဝင်ဘာလဆန်းမှစ၍ (ဥစိုက်)မိုး ကြက်သွန်နီများ စတင်တူးဖော်နေပြီဖြစ်ကြောင်း၊ နှစ်စဉ်စိုက်ဧက(၇၀၀)မှ (၁၀၀၀)ခန့် စိုက်ပျိုးကြောင်း၊ ယခုနှစ်တွင် ဧက(၁၀၀၀) စိုက်ပျိုးကြောင်း၊ ဒေသခံတောင်သူများထံမှ သိရှိရပါသည်။
ယခုနှစ်တွင် တစ်ဧကပျမ်းမျှပိဿာ(၃၀၀၀)မှ (၄၀၀၀)ထိ ထွက်ရှိကြောင်း၊ သီးနှံပေါ်စဒေသတွင်း ဈေးကွက်၌ ဒီဇင်ဘာလတွင် အမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၉၅၀)မှ (၁၀၀၀)ပေါက်ဈေးရှိခဲ့ပြီး ဇန်နဝါရီ လဆန်းပိုင်းတွင် ကျပ်(၂၃၀၀) မှ (၁၁၀၀)ပေါက်ဈေးရှိကြောင်း၊ ယခင်နှစ် မိုးကြက်သွန်နီပေါ်ချိန်တွင် တစ်ပိဿာလျှင် အမြင့်ဆုံးဈေး ကျပ်(၇၀၀/ ၆၀၀/ ၅၀၀)ပေါက်ဈေးရှိခဲ့ကြောင်း ယခုနှစ်တွင် မိုးကြက်သွန်နီ ဈေးကွက်ကောင်း၍ အကျိုးအမြတ်များစွာရရှိကြောင်း သိရှိရသည်။
ကြက်သွန်နီသီးနှံကို ဒေသစီးပွားဖြစ် အဓိကစိုက်ပျိုးသော ဆိပ်ဖြူမြို့ ရွာသစ်ရပ်ကွက်၌ ကြက်သွန်နီ စိုက်တောင်သူများသည် မိုးကြက်သွန်နီစိုက်ဧက(၅၀)ခန့်စိုက်ပျိုးကြောင်း၊ တစ်ဧကပျမ်းမျှအထွက်ပိဿာ (၃၀၀၀)မှ (၄၀၀၀)ထိ ထွက်ရှိကြောင်း ကုန်ကျစရိတ်မှာ ကျပ်သိန်း(၂၅)မှ(၃၀)ထိ ကုန်ကျကြောင်း၊ ယခုနှစ်တွင် မိုးကြက်သွန်တစ်ဧက စိုက်ပျိုးထားရှိကြောင်း ဇန်နဝါရီလဆန်းပိုင်းတွင် တူးဖော်ကြောင်း၊ တစ်ဧကပိဿာ(၃၈၀၀)ခန့် ထွက်ရှိပြီး တစ်ဧကကျပ်သိန်း(၃၀)ခန့် ကုန်ကျစရိတ်ရှိကြောင်း၊ ဒေသပေါက်ဈေး တစ်ပိဿာလျှင် ကျပ်(၂၁၀၀)ဈေးနှုန်းဖြင့် ရောင်းချခဲ့ရ၍ ကျပ်သိန်း(၈၀) ဝင်ငွေ ရရှိပြီး ယခုနှစ်တွင် ကျပ်သိန်း(၅၀)ခန့် အကျိုးအမြတ်များစွာရရှိခဲ့ကြောင်း၊ ရွာသစ်ရပ်ကွက်ရှိ မိုးကြက်သွန်နီ စိုက်တောင်သူများ တူးဖော်ချိန်တွင် ဈေးကွက်ကောင်း၍ အဆင်ပြေလျက်ရှိကြောင်း ကြက်သွန်နီစိုက်တောင်သူ ဦးအောင်တိုးထံမှ သိရှိရသည်။
ဆိပ်ဖြူမြို့နယ် ဧရာဝတီမြစ်ဘေးရှိ ကိုင်းကျွန်းမြေများတွင် စိုက်ပျိုးထားရှိသော မိုးကြက်သွန်နီ စိုက် ခင်းများ ဇန်နဝါရီလကုန်တွင် ရိတ်သိမ်းပြီးမည်ဖြစ်ကြောင်း၊ ရိတ်သိမ်းပြီး မြေလွတ်များတွင် သီးထပ်သီးနှံအဖြစ် ဆောင်းစိုက်/ ပင်စိုက် (ကြက်သွန်နီ)နှင့် ကုလားပဲလုံး(ကြီး) အဖြူသီးနှံတို့ကို ရေသွင်း၊ ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)