“ဂွေးပင်စိုက်ပျိုးဝင်ငွေတိုး”

Powered by Drupal

           ကျောက်ဆည်ခရိုင်သည် မြေဆီ၊ မြေလွှာကောင်းမွန်သောဒေသဖြစ်ပြီး၊ ရာသီပေါ်သီးနှံမျိုးစုံကို စိုက်ပျိုးသည့်အပြင် နှစ်ရှည်သီးနှံများာကိုးလည်း စိုက်ပျိုးလျက်ရှိရာ ၄င်းတို့အနက်မှ   မိသားစုအပိုဝင်ငွေရရှိသည့် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ရာသီမရွေးစားသုံးနိုင်သော ဈေးကွက်ဝယ်လိုအားရှိသည့်ဂွေးပင်များကို တိုးချဲ့စိုက်ပျိုးလာကြပါသည်။         

       ဂွေးပင်မှာ မည်သည့်မြေအမျိုးအစားတွင်မဆို ရှင်သန်ဖြစ်ထွန်းနိုင်ပါသည်။ မိုးဦးကျကာလများတွင် စတင်စိုက်ပျိူးပါက အပင်များပိုမိုရှင်သန်ပြီး အသေအပျောက်နည်းပါးပါသည်။ တစ်ဧကစိုက်ပျိုးမှုတွင် အပင်(၅၀)ပင်မှ (၆၀)ပင်အထိစိုက်ပျိုးရကြောင်း၊ ခြောက်လဂွေးမျိုး၊ တစ်နှစ်ပတ်လုံးသီးသောဂွေးမျိုးနှင့် ပင်ကြီးဂွေးဟူ၍ ဂွေးပင်အမျိုးမျိုးရှိရာ နှစ်ရှည်ပင်ကြီးဂွေးမျိုးကိုသာ စိုက်ပျိုးကြပါသည်။ ခြောက်လဂွေးပင်မျိုးဖြစ်သော ပျိုးပင်တစ်ပင်လျှင် (၃၅၀၀-၄၀၀၀)ကျပ်၊ တစ်နှစ်လုံးသီးသော ဂွေးပင်ပျိုးပင်တစ်ပင်လျှင် (၄၅၀၀)ကျပ်ခန့်ရှိပြီး ပင်ကြီးဂွေးပင်တစ်ပင်လျှင် အပင်ပေါ်မူတည်၍ (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်အထိရှိကြောင်း၊ ဂွေးပင်စိုက်ပျိုးမှုတစ်ဧကကုန်ကျစရိတ်အနေဖြင့် မိသားစုလုပ်အားခမပါ(၇၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး သုံးနှစ်ကြာလျှင် အသီးများကို စတင်ခူးဆွတ်ပြီး ရောင်းချနိုင်ကြောင်းသိရှိရပါသည်။ ဂွေးသီးပင်သည် တစ်နှစ်လျှင် နှစ်ကြိမ်အသီးသီးပြီး တစ်ကြိမ်လျှင် ခြံပြတ်ရောင်းမည်ဆိုပါက အသီးပါးလျှင်(၂၅၀၀၀၀-၃၀၀၀၀၀)ကျပ်ရရှိပြီး အသီးများလျှင် (၃၅၀၀၀၀-၄၀၀၀၀၀)ကျပ်အထိရောင်းချရကြောင်း၊ တချို့ပွဲစားများက တစ်နှစ်ပတ်လုံးသီးသော အသီးကိုကြိုတင်ပေးဖြင့်လည်းဝယ်ယူကြောင်း ၊ တစ်ချို့ခြံရှင်များမှာ ကြိုတင်ပေးရောင်းချခြင်းကို မပြုလုပ်ဘဲ အသီးများကိုနေ့စဉ်ခူး၍ ကျောက်ဆည်မြို့၊ အေးမြကြည်လင်ဈေးတွင် နေ့စဉ် ဖောက်သည်ပေးရောင်းချသလို လက်လီဈေးများဖြင့် စားသုံးသူများ စိတ်ကြိုက်ဝယ်ယူနိုင်စေရန်လည်း ရောင်းချပေးလျက်ရှိကြောင်း ဖောက်သည်ဝယ်ယူသူများအနေဖြင့် (၂)တင်းဝင်အိတ်တစ်အိတ်လျှင်(၁၀၀၀၀-၁၅၀၀၀)ကျပ်အထိရောင်းချရပြီး လက်လီဈေးအနေဖြင့် အလုံးပေါ်မူတည်၍ (၁၀)လုံးလျှင် (၂၀၀)ကျပ်၊ အလုံး(၃၀)လျှင် (၅၀၀)ကျပ်၊ အလုံး(၂၅)လုံးလျှင် (၅၀၀)ကျပ်ဈေးများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း မြို့ပေါ်ရှိပွဲစားများသည် ဂွေးသီးများကို ခြံကအသီးကိုကြည့်၍ ကြိုတင်လာဝယ်ယူမှုများရှိသကဲ့သို့ အချဉ်ပေါင်းသည်၊ ကျောင်းမုန့်ဈေးသည်များကလည်း လာရောက်ဝယ်ယူကြပါသည်။

          လက်လီဝယ်ယူသူများမှ အိမ်တွင်ဂွေးသီးကို ငရုတ်သီး၊ ကြက်သွန်နီတို့ဖြင့်ရော၍ထောင်းကာ ထမင်းနှင့်တွဲဖက်၍ စားသုံးကြသကဲ့သို့ ဂွေးသီးကို ပါးပါးလှီး၍ ငပိ ၊ ပုဇွန်ခြောက်တို့နှင့်ရောကာ ဂွေးသီးငပိချက်အဖြစ်လည်း ချက်၍စားသုံးကြပါသည်။ လူငယ်လူရွယ်များမှ သွားရေစာအဖြစ် ခံတွင်းရှင်းစေရန် ချဉ်ချဉ်စပ်စပ်ဂွေးသီးသုပ်များကိုလည်း ပြုလုပ်၍စားသုံးကြပါသည်။ စားသုံးသူပြည်သူများမှာ ဂွေးသီးများကို အမျိုးမျိုးပြုလုပ်၍စားသုံးကြသဖြင့် တောင်သူဦးကြီးများအနေဖြင့် နေ့စဉ် ဝင်ငွေတိုးစေမည့် နှစ်ရှည်စားသုံး၍ရသော ဂွေးပင်များကိုလည်း တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)