“ကျောက်ဆည်ခရိုင်တွင်ငရုတ်စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိ”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကိုအခြေခံ၍ သီးနှံမျိုးစုံအား စိုက်ပျိုးသည့်ဒေသဖြစ်ပါသည်။ဒေသအတွင်းစပါးကိုအဓိကထားစိုက်ပျိုးသော်လည်း နှမ်း၊ ပဲတီစိမ်း ၊ ကုလားပဲ၊ ငရုတ်စသည့်သီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးကြပါသည် ။ ၄င်းသီးနှံများအနက် ငရုတ်သီးနှံ(ဆောင်း)ကို ကျောက်ဆည်မြို့နယ်တွင်(၅၀၂၁)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၆၀၆)ဧက ၊ မြစ်သားမြို့နယ်တွင်(၁၅၀၆)ဧက၊စုစုပေါင်း(၇၁၃၃)ဧက စိုက်ပျိုးပြီးကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ငရုတ်သီးနှံကို နိုဝင်ဘာလ နှင့် ဒီဇင်ဘာလများတွင် စတင်စိုက်ပျိုးပြီး မတ်လနှင့်ဧပြီလများတွင်စတင်ခူးဆွတ်ကြောင်းသိရှိရပါသည်။ ငရုတ်မျိုးများအနေဖြင့် ပိုးမွှားဒဏ် ခံနိုင် ရည်ရှိပြီး အထွက်နှုန်းကောင်းမွန်သော သာမို၊ ဒီမွန်၊ အာစတာ၊ ၆၉၂မျိုးများကို စိုက်ပျိုးကြသော် လည်းတောင်သူများအနေဖြင့် ၆၉၂မျိုးကို ပိုမိုစိုက်ပျိုးမှုများကြောင်း သိရှိရပါသည် ။ တစ်ဧက စိုက်ပျိုးရာတွင်ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့ ၊ မြေပြင်ထွန်ယက်ခြင်း ၊ သွင်းအားစု နှင့် လုပ်သားခ အပါအဝင် စုစုပေါင်း(၁၂၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့်ကုန်ကျကြောင်းသိရှိရပါသည် ။ ငရုတ်သီး အခြောက်စျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် တစ်ပိဿာ (၃၉၀၀-၄၀၀၀)ကျပ် ဝန်းကျင်ရှိခဲ့ရာ ယခုနှစ် တွင်(၁၁၅၀၀-၁၂၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း၊ ငရုတ်သီး ထွက်ရှိမှု အနေဖြင့် ယခင်နှစ်တွင် (၁)ဧကလျှင် ငရုတ်သီး အခြောက် (၅၀၈)ပိဿာထွက်ရှိကြောင်း၊ယခုအချိန် တွင်ငရုတ်စိုက်ခင်းများ၌ ငရုတ်သီးများ စတင်ထွက်ရှိခြင်း မရှိသေးသော်လည်း အဖူးအပွင့်များ ဝေဝေဆာဆာဖြင့် အောင်မြင်ဖြစ်ထွန်းလျှက် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)