စလင်းမြို့နယ်၊ ဖောင်လင်းကျေးရွာ၌ ငရုတ်သီး စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပွားလျက်ရှိ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံး၊ စလင်းမြို့နယ် တာဝန်ခံ ဦးဆန်းလင်းမောင် (ဦးစီးမှူး)နှင့်အဖွဲ့သည် (၂၂.၁.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် ဖောင်လင်းကျေးရွာရှိ ဆောင်းငရုတ်သီး စိုက်ပျိုးသော တောင်သူဦးကျော်နိုင်နှင့်တွေ့ဆုံ၍ စိုက်ပျိုး ထုတ်လုပ်မှု၊ ရောင်းဝယ်မှုအခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

    တောင်သူအနေဖြင့် ယခုနှစ်တွင် ဆောင်းငရုတ်(၃) ဧက စိုက်ပျိုးထားပါကြောင်း၊ ယခင်နှစ်က (၂)ဧကစိုက်ပျိုးခဲ့ပြီး အထွက်နှုန်း‌ကောင်း၍ ငရုတ်သီး(စို) တစ်ပိဿာလျှင် ကျပ်(၁၄၀ဝ) ရရှိခဲ့ ပါကြောင်း၊ ဆောင်းငရုတ်ကို နှစ်စဉ် စက်တင်ဘာလတွင် ပျိုးထောင်ကြပါကြောင်း၊ ပျိုးထောင်ပြီး (၃၅) ရက်သားတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးရာတွင် ပင်ကြား(၂)ပေ၊ တန်ကြား (၃)ပေအကွာ စိုက်ပျိုးကြပြီး တောင်သူများအနေဖြင့် ကျောက်စိမ်း(စပ်မျိုး)692  ငရုတ်မျိုးများကို အများဆုံး စိုက်ပျိုးကြပါကြောင်း၊ နောက်(၃)လခန့်အကြာတွင် စတင်ခူးဆွတ်ရပြီး (၁)ဧကလျှင် (၈)ကြိမ်ခန့် ခူးဆွတ်ရပါကြောင်း၊ (၁)ကြိမ်လျှင် (၂၅၀)ပိဿာခန့်ခူးဆွတ်ရပြီး စုစုပေါင်း(၁၈၀၀)ပိဿာခန့် ခူးဆွတ် ရရှိပါကြောင်း၊ ယခုနှစ်တွင် မိုးရာသွန်းမှုနည်းပါးခြင်း၊ ပိုးမွှားများကျရောက်မှုများပြားခြင်းတို့ကြောင့် ငရုတ်သီးအထွက်နှုန်း ယခင်နှစ် အောက်လျော့နည်းခဲ့ကြောင်း၊ မြေပြင်မျိုးစိုက်ပျိုးခြင်း၊ သွင်းအားစု၊ လုပ်အားခအပါအဝင် (၁)ဧက ကုန်ကျစရိတ် ကျပ်သိန်း (၃၀) ခန့်ကုန်ကျပြီး ငရုတ်သီး(စို) (၁)ပိဿာ လျှင်ဇန်နဝါရီလဆန်း သီးနှံပေါ်ချိန်တွင် ကျပ်(၂၅၀ဝ)ဖြင့် ရောင်းချရသဖြင့် ဝင်ငွေ ကျပ်(၄၅၀၀၀၀၀) ထိ ရရှိကာ အကျိုးအမြတ်အနေဖြင့် (၁)ဧကလျှင် ကျပ်(၁၅၀၀၀၀ဝ)ခန့် ရရှိကြောင်း၊ ထွက်ရှိလာ သော ငရုတ်သီးမှည့်အစိုများကို တောင်သူများအနေဖြင့် မြို့ပေါ်ရှိ ပွဲရုံများသို့ သွားရောက် ရောင်းချကြသလို ပွဲစားများကလည်း ကျေးရွာအရောက် လာရောက်ဝယ်ယူလျက်ရှိရာ ဆောင်း ငရုတ်သီးစိုက်တောင်သူများ အဆင်ပြေလျက်ရှိပြီး ဝင်ငွေတိုးပွားလျက်ရှိကြောင်း ‌ဆောင်းငရုတ် စိုက်ပျိုးသည့် တောင်သူဦးကျော်နိုင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)