ရွှေဘိုခရိုင်တွင် ပဲစဉ်းငုံများလှိုင်လှိုင်ပေါ်ပြီး ဈေးကောင်းရလျက်ရှိ

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် (၂၀၂၂-၂၀၂၃)ခုနှစ်ထွက် မိုးသီးနှံတွင် ပဲမျိုးစုံသီးနှံ စုစုပေါင်း(၂၇၅၃၈၃)ဧကစိုက်ပျိုးပြီး (မိုး)ပဲတီစိမ်းနှင့်(မိုးကြို)ပဲတီစိမ်း း(၁၇၇၂၀၂) ဧက၊ ပဲစဉ်းငုံ(၅၄၆၆၅)ဧက၊ ပဲလွန်း၊ စွန်တာပြာ၊ မတ်ပဲ၊ ပဲကြီးနှင့်အခြားပဲများကို ဧကအနည်းငယ်စီစိုက်ပျိုးကြသဖြင့် ပဲစဉ်းငုံသည်တစ်ခရိုင်လုံးရှိ ပဲမျိုးစုံစိုက်ဧက၏ (၃၀)%ကျော်စိုက်ပျိုးပြီး ဒုတိယအများဆုံးစိုက်ပျိုးကြောင်း၊ ရွှေဘိုခရိုင်၏ ပဲစဉ်းငုံစိုက်ဧက(၅၄၆၆၅)ဧကအနက် ရွှေဘိုမြို့နယ်တွင်(၁၃၁၅၁)ဧက၊ ဝက်လက်မြို့နယ်တွင် (၂၁၁၆၀)ဧကနှင့် ခင်ဦးမြို့နယ်တွင်(၂၀၃၅၄)ဧက စိုက်ပျိုးခဲ့ကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းများအရသိရှိရပါသည်။

       ယခုအချိန်တွင် ရွှေဘိုခရိုင်အပြင် ရွှေဘိုခရိုင်နှင့် ခရိုင်ချင်းထိစပ်နေသည့် ကန့်ဘလူခရိုင်တွင် စိုက်ပျိုးထားသည့် ပဲစဉ်းငုံသီးနှံများ လှိုင်လှိုင်ပေါ်ထွက်လျက်ရှိပြီး တစ်ရက်လျှင် ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ပဲစဉ်းငုံများ နေ့စဉ်တင်း(၁၀၀၀၀)ကျော် ဝင်ရောက်လျက်ရှိကြောင်း၊ ရွှေဘိုခရိုင်အတွင်း ရှိမြို့နယ်များမှ ထွက်ရှိလာသောသီးနှံများကို တောင်သူများက မန္တလေးမြို့သို့လည်းကောင်း၊ ရွှေဘိုမြို့သို့လည်းကောင်း တင်ပို့ရောင်းချကြကြောင်း၊ ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်အနေဖြင့် သီးနှံများရောင်းဝယ်ရာတွင် မန္တလေးဈေးကွက်နှင့် ရန်ကုန်ဈေးကွက်ကိုအခြေခံပြီး ရောင်းဝယ်ကြကြောင်း၊ ရောင်းဝယ်ရာတွင် ရွှေဘိုအထိုင်ရောင်းစနစ်နှင့် အရောက်ပို့စနစ်ဖြင့် နှစ်မျိုးရောင်းချကြကြောင်း၊ အထိုင်ရောင်းစနစ်တွင် လာရောက်ဝယ်ယူသူက တင်ပို့သည့်ကားခကို အကုန်အကျခံရပြီး အရောက်ပို့စနစ်တွင် ရောင်းချသူက ဝယ်ယူသူထံအရောက် တင်ပို့သည့်ကားခကို အကုန်အကျခံရကြောင်း၊ မန္တလေးသို့အရောက်ပို့စနစ်ဖြင့် ရောင်းချပါက ကားခလက်ရှိပေါက်ဈေးမှာ တစ်တင်းခွဲဝင်တစ်အိတ်လျှင် (၁၂၀ဝိ/-)ကျပ်ပေးရကြောင်းနှင့် ရန်ကုန်ဝယ်လက်များကလည်း ရွှေဘိုတွင်အထိုင်ထားပြီးဝယ်ယူကြကြောင်း၊ ကုန်သည်များအနေဖြင့်  ဝယ်ယူရရှိသည့်သီးနှံများကို မန္တလေးဈေးကွက်ပေါက်ဈေး၊ ရန်ကုန်ဈေးကွက်ပေါက်ဈေးနှင့် မိမိဝယ်ယူရသည့်ဈေးနှုန်းကိုက်ညီပါက နေ့ချင်းရောင်းချကြပြီး ဈေးမကိုက်ပါက လက်ဝယ်သိုလှောင်ထားကာ ဈေးနှုန်းကိုက်မှသာ ရောင်းချကြကြောင်း၊ ဇန်နဝါရီလ တတိယပတ်တွင် ပဲစဉ်းငုံတစ်တင်းပေါက်ဈေးမှာ (၅၆၀၀ဝိ/-)ကျပ်ရှိပြီး ယခင်နှစ်ကာလတူတွင် ပဲစဉ်းငုံတစ်တင်းပေါက်ဈေးမှာ (၄၁၀၀ဝိ/-)ကျပ်သာရှိသဖြင့် ကာလတူနှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုနှစ်တွင်ယခင်နှစ်ထက် တစ်တင်းလျှင်(၁၅၀၀ဝိ/-)ကျပ်ဈေးပိုခဲ့ကြောင်း ပဲ၊ နှမ်းကုန်စည်ဒိုင်မှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရသိရှိရပါသည်။

DOCA(စစ်ကိုင်း)