စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် ဆည်ရေပေးဝေနိုင်သည့်အပေါ်မူတည်၍ နွေစပါး များကိုစိုက်ပျိုးလျက်ရှိရာ ၂၀၂၁-၂၀၂၂ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် ခင်ဦးမြို့နယ်တို့တွင် (၁၀၀၇၅၂)ဧကစိုက်ပျိုးခဲ့ပြီး ၂၀၂၂-၂၀၂၃ခုနှစ်တွင်လည်း နွေစပါးစိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် ဆည်ရေများလုံလောက်မှုရှိကြောင်း၊ နွေစပါးများကို မတ်လနှင့် ဧပြီလများတွင် စိုက်ပျိုးမည်ဖြစ်ရာ နွေစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးသော ခရိုင်များအနေဖြင့် နိုင်ငံတော်အစိုးရ၏ အရေးကြီးလုပ်ငန်းစဉ်ဖြစ်သည့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစီမံကိန်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ပေါင်း(၉)ခုမှ တောင်သူပေါင်း(၂၇၂၇)ဦးပါဝင်၍ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစီမံကိန်း ဆောင်ရွက်မည့်လျာထားဧကမှာ (၁၀၄၅၀)ဧကဖြစ်ကြောင်း သက်ဆိုင်ရာဌာနမှ သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်မည့်နေရာဒေသရွေးချယ်ရာတွင် သက်ဆိုင် သည့်ဌာနများ၊ စိုက်ပျိုးမည့်တောင်သူဦးကြီးများအပြင် ဝယ်ယူကြိတ်ခွဲသည့် အစုအဖွဲ့ဖွဲ့စည်း၍ ဆောင်ရွက်ရသဖြင့် ဝယ်ယူကြိတ်ခွဲခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နိုင်မည့် ဆန်စက် လုပ်ငန်းရှင်များအားဖိတ်ကြား၍ ညှိနှိုင်းစည်းဝေးခြင်းများဆောင်ရွက်ခဲ့ရာ ကျေးရွာများတွင်ရှိသော ဆန်စက်လုပ်ငန်းရှင်များ၏ ဆွေးနွေးညှိနှိုင်းမှုအရ ၎င်းတို့ဆန်စက်တည်နေရာနှင့် ဆက်စပ်လျက်ရှိသော ကျေးရွာအုပ်စုများကိုသာ တာဝန်ယူ၍ကြိတ်ခွဲတင်ပို့ခြင်းများကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်သဖြင့် ကြိတ်ခွဲမည့်ဆန်စက်နှင့် နီးစပ်သောကျေးရွာများ၊ တာဝန်ရှိပုဂ္ဂိုလ်များ အမှန်တကယ် မြေပြင်ကွင်းဆင်း ဆောင်ရွက်နိုင်သည့်ကျေးရွာများနှင့် စီမံကိန်းအမှန်တကယ် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်ကျေးရွာများကိုသာ ဦးစားပေး၍ရွေးချယ်ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)