မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် ဝါစိုက်ဧကအနေဖြင့်ငွေချည်(၆)၁၅၃ဧက၊ရွှေတောင်(၈) ၆၅၉၄ဧက၊ ငွေချည်(၉)၉၃၀ဧက၊ ရွှေတောင်(၁၀) ၄၄၂၃ဧကနှင့် နိုင်ငံခြားမျိုးရာကာ (၆၈၅၂)ဧက၊ စုစုပေါင်း ၁၈၉၅၂ဧကစိုက်ပျိုးထားရှိပြီး ယခုနှစ်တွင် ချည်မျှင်ရှည်ဝါပန်းတိုင်(၁)ဧက အထွက်နှုန်းမှာ (၅၀၀)ပိဿာဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။
အောင်လံမြို့နယ်တွင် ဝါစတင်ရိတ်သိမ်းသည့်ကာလမှာ စက်တင်ဘာလဖြစ်ပြီး ထွက်ပေါ် ချိန်တွင် (၁)ပိဿာလျှင် အရည်အသွေးအလိုက် ကျပ်(၂၀၀၀မှ ၂၃၀၀)ဖြင့် စတင်အရောင်းအဝယ် ဖြစ်ပြီး ၂၀၂၃ခုနှစ် ဇန်နဝါရီလနောက်ဆုံးပတ်၌ (၁)ပိဿာလျှင် အရည်အသွေး အလိုက် ကျပ်(၂၈၅၀ မှ ၂၉၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပါကြောင်း၊ ဖေဖော်ဝါရီလတွင် ရိတ်သိမ်းပြီးစီးမည်ဖြစ်ကြောင်း ဝါစိုက်တောင်သူများထံမှ သိရှိရပါသည်။ ကျေးလက်မှ မြို့ပေါ်သို့ ဝါသီးနှံပျမ်းမျှ ပိဿာ(၃)သောင်း ခန့်အဝင်ရှိကြောင်းဝါဂွမ်းတင်ပို့မှုအနေဖြင့်အောင်လံမြို့နယ်မှ တဆင့်မန္တလေး၊ ရွှေတောင်၊တောင်သာ၊ မြင်းခြံမြို့များသို့လည်းကောင်းဝါဂွမ်းနှင့်ဝါစေ့ဆီအား တောင်တွင်းကြီး၊ မကွေး၊ စလေမြို့များသို့ လည်းကောင်း၊ ဝါစေ့ဖတ်အား ရန်ကုန်၊ တိုက်ကြီး၊ အင်းမ(ငါးမွေးမြူရေး)ကန်များသို့လည်းကောင်း၊ ဝါစေ့ခွံအား မြို့နယ်အတွင်း နွားမွေးမြူရေးလုပ်ငန်းရှင်များသို့ လည်းကောင်းရောင်းချကြပါကြောင်း ဝါလုပ်ငန်း ရှင်များထံမှ တစ်ဆင့်သိရှိရပါသည်။
DOCA(မကွေး)