ရွှေတောင်ဒေသထွက် ပင်ဆိုင်ဖူး

Powered by Drupal

      ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပင်ဆိုင်ပင်များကိုစိုက်ပျိုးထားသော ဆည်ကြီးကုန်းအုပ်စု၊ ကြက်ဖြူတောင်ကျေးရွာသို့သွားရောက်၍ ပင်ဆိုင်ဖူးစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်များကို သိရှိနိုင်ရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

      ရွှေတောင်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများအဖွဲ့သည် (၂၅-၁-၂၀၂၃)ရက်နေ့တွင်  ဆည်ကြီးကုန်းအုပ်စု၊ ကြက်ဖြူတောင်ကျေးရွာရှိ ပင်ဆိုင်ဖူးစိုက်ပျိုးသော တောင်သူနှင့်တွေ့ဆုံပြီး တွေ့ဆုံ မေးမြန်းခဲ့ရာ ပင်ဆိုင်ဖူးများကို ဝါဆိုလတွင် စတင်စိုက်ပျိုးကြောင်း၊ ပင်ဆိုင်ဖူးစိုက်ပျိုးရာတွင် အစေ့ကိုပျိုး၍စိုက်ပျိုးရပြီး အပင်ပေါက်များကို ဝါဆိုလပြည့်ကျော်အချိန် စိုက်ပျိုးသောကွင်းတွင် မြောင်းဖော်၍စိုက်ပျိုးရကြောင်း၊ ပင်ဆိုင်ဖူးကို တစ်ယောက်စိုက်သာစိုက်ပျိုးပြီး စိုက်ပျိုးသည့်မြောင်းမှာ ၇ မြောင်း ၈ မြောင်းခန့်ဝင်ဆံ့ကြောင်းသိရှိရပါသည်။ ပင်ဆိုင်ဖူးများကို စိုက်ပျိုးပြီး တစ်လခွဲ၊ နှစ်လအကြာတွင် အဖူးများကို စတင်ဆွတ်ခူးရပါသည်။ ပင်ဆိုင်ပင် တစ်ယောက်စိုက်လျှင် ပင်ဆိုင်ဖူး အစည်း(၅၀၀)စည်းခန့်ထွက်ရှိသည်ဟု သိရှိရပါသည်။ ပင်ဆိုင်ပင်မှ ပင်ဆိုင်ဖူးများကို တစ်ရက်ခြားတစ်ခါခူးဆွတ်ရပြီး ပင်ဆိုင်ပင်တစ်ခါစိုက်ပျိုးထားလျှင် အများဆုံး ၄ လမှ ၅ လခန့်အထိခူးဆွတ်၍ ရောင်းချရကြောင်းသိရှိရပါသည်။ ပင်ဆိုင်ဖူးဈေးနှုန်းများမှာ တစ်စည်းလျှင် ဖောက်သည်ဈေး ၈၀ ကျပ်ဖြင့် ရောင်းချပြီး၊ လက်ကားဈေးအနေဖြင့်ဖြင့် တစ်စည်းလျှင် ၁၀၀-၁၅၀ ကျပ်အထိ ရောင်းချကြကြောင်းသိရှိရပါသည်။

      ပင်ဆိုင်ဖူးများသည်  ကြော်ချက်၍စားရသော ဟင်းရံတစ်ခွက်ဖြစ်သောကြောင့် လူကြိုက်များသဖြင့် ဝယ်ယူစားသုံးကြရာ စိုက်ပျိုးသူများအနေဖြင့် မိမိတို့အတွက် ဟင်းတစ်ခွက်ရရှိသလို ဈေးကွက်တွင် ရောင်းချမည်ဆိုလျှင်လည်း စိုက်ပျိုးစရိတ်ရရှိသည့်အပြင် အပိုဝင်ငွေလည်းရရှိသဖြင့် စိုက်ပျိုးသင့်သည့် ဟင်းသီးဟင်းရွက်တစ်မျိုးလည်းဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)