၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုးသည့် ကရင်ပြည်နယ်ထွက် လယ်ယာထွက်ကုန်များဖြစ်သည့် မြေပဲ၊ ပဲတီစိမ်း၊ ပဲပုပ်များလှိုင်လှိုင်ထွက်ရှိကာ မြေပဲ၊ ပဲတီစိမ်း၊ ပဲပုပ်များ၏ အရောင်းအဝယ်ဈေးနှုန်းများမှာ မြေပဲဝယ်ဈေး ၂၁၀၀၀ကျပ်၊ ရောင်းဈေး၂၃၀၀၀ ကျပ်၊ ပဲတီစိမ်း ဝယ်ဈေး ၄၇၀၀၀ ကျပ်၊ ရောင်းဈေး ၅၁၀၀၀ ကျပ်၊ ပဲပုပ် ဝယ်ဈေး ၄၅၀၀၀ ကျပ်၊ ရောင်းဈေး ၄၇၆၀၀ ကျပ်ရှိပြီးယခင်နှစ်ထက် ဝယ်ဈေး/ရောင်းဈေးမြင့်တက်ခဲ့ကြောင်းနှင့်ကရင်ပြည်နယ်ဒေသထွက် လယ်ယာထွက်ကုန်ပစ္စည်းများကို ပြည်တွင်းနှင့်မြဝတီနယ်စပ် လမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံသို့တင်ပို့လျက်ရှိပြီး ဈေးကောင်းရရှိ၍ စိုက်ပျိုးတောင်သူများ၊ ကုန်သည်များတွက်ခြေကိုက် အကျိုးအမြတ်ရရှိလျက်ရှိကြောင်းသိရသည်။
ကရင်ပြည်နယ်တွင် မြေပဲ၊ ပဲတီစိမ်း၊ ပဲပုပ်များကို မြေနုကျွန်းများဖြစ်သည့် ကော့လုံကျွန်း၊ မိန်းမလှကျွန်း၊ မင်းဇီ၊ လှိုင်းဘွဲ့၊ ရွှေဂွန်း၊ ကော့ထော်၊ ဗူးခါး၊ နောင်ထလုံ၊ ထုံးအိုင် စသည့် ဒေသများတွင်အဓိကစိုက်ပျိုးထွက်ရှိပြီး ဘားအံမြို့သို့ တစ်ရက်လျှင် ယာဉ်စီးရေ ၁၅ စီးမျှ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်းနှင့်ကရင်ပြည်နယ်ထွက်ဒေသထွက်ကုန် မြေပဲ၊ ပြောင်း၊ နှမ်း၊ ပဲတီစိမ်း၊ ပဲပုပ်များမှာ အရည်အသွေးကောင်းမွန်ပြီး လုပ်ငန်းရှင်များအကြိုက်တွေ့သောကြောင့် ဈေးကောင်းများရရှိလျက်ရှိကြောင်း ရွှေကံထူး ပွဲရုံပိုင်ရှင် ဦးစောဝင်းနိုင်ကပြောသည်။
“လက်ရှိအချိန်မှာ မြေပဲနဲ့ပဲပုပ်တွေက ပြည်ပဝယ်လိုအားရှိပြီး ပြည်တွင်းမှာလည်း ဆီစက်လုပ်ငန်းရှင်တွေက ဝယ်ယူတာတွေရှိတဲ့အတွက် ဈေးကောင်းရနေတဲ့အနေအထားမှာရှိပါသည်။ ယခုဆိုဈေးကွက်ထဲ ပွဲရုံတွေကို တင်ပို့ရောင်းချတာအပြင် ဝယ်လက်ကုန်သည်တွေက တောင်သူတွေဆီ တိုက်ရိုက်ဆင်းဝယ်နေကြလို့ ဈေးကတော့မငြိမ်ပဲ အမြင့်ဘက်ကိုဦးတည်နေပါသည်။ ပဲပုပ်ကတော့ ပြည်ပတင်ပို့ဖို့ တစ်ချို့ဝယ်လက်တွေက တောင်သူတွေဆီတိုက် ရိုက် ဆင်းဝယ်နေကြပေမဲ့ ဘားအံမြို့နဲ့ မော်လမြိုင်/ သထုံမြို့မှာရှိတဲ့ ပဲပြားလုပ်ငန်းရှင်တွေရဲ့ နေ့စဉ်ဝယ်လိုအားကကို တစ်နေ့ပိဿာ ၁၀၀၀ နီးပါးဈေးကွက်ရှိပါသည်။ ခြုံကြည့်ရရင်တော့ ဒီနှစ်ကတော့ ဈေးကွက်စုံ/ ဝယ်လက်စုံပြီး ကရင်ပြည်နယ်ထွက် မြေပဲ၊ ပဲပုပ်၊ ပဲတီစိမ်းစတဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေ ဈေးကောင်းရပြီး စိုက်ပျိုးတောင်သူနဲ့ ကုန်သည်တွေတွက်ခြေကိုက်တဲ့ နှစ်ပါပဲ” ဟု ပြောသည်။
DOCA(ကရင်)