ပဲစင်းငုံသီးနှံသည် အခြားသောသီးနှံများနှင့်မတူဘဲ (၈) လ၊ (၉) လကြာ စိုက်ပျိုးထားရှိရသော သီးနှံလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အများဆုံးစိုက်ပျိုးကြသည်ဟုသိရှိရပါသည်။ စိုက်ပျိုးမှုအနေဖြင့် မေလနှင့်ဇွန်လတို့တွင် အများအားဖြင့်စိုက်ပျိုးကြပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ပုံမှန်ရိတ်သိမ်းလေ့ရှိပါသည်။ တချို့ဒေသများတွင် ဒေသရာသီဥတုနှင့် စိုက်ပျိုးမြေအပေါ်မူတည်၍ စောစိုက်ကြသဖြင့် ဒီဇင်ဘာလနောက်ဆုံးပတ်တွင် စတင်ထွက်ပေါ်ခဲ့သည်ဟုသိရှိရပါသည်။ စိုက်ပျိုးသူတောင်သူများအနေဖြင့်လည်း ပဲစင်းငုံကို ဟင်းလျာအနေဖြင့် ခွဲခြမ်းခွဲ၍ ပဲထမင်း၌သော်လည်းကောင်း၊ ဟင်းချို၌သော်လည်းကောင်း၊ ပဲကြာဇံ၌သော်လည်းကောင်း၊ အကြော်အဖြစ်သော်လည်းကောင်း အမျိုးမျိုးပြုလုပ်၍ စားသုံးလေ့ရှိပါကြောင်း၊ မရိတ်သိမ်းမီ ပဲအစိုကိုခူးဆွတ်၍ မုန့်ပဲသရေစာအဖြစ်ပြုတ်၍လည်း စားသုံးလေ့ရှိကြသည်ဟုသိရှိရပါသည်။ ပဲစင်းငုံသည် ချိုစိမ့်သောအရသာရှိပြီး ဘေးဥပဒ်အန္တရာယ်မဖြစ်စေသည့်အတွက် ကျန်းမာသန်စွမ်းခြင်းကို အထောက်အကူပြုကြောင်း သိရှိရသည့်အတွက် စားသုံးသင့်သောပဲတစ်မျိုးလည်းဖြစ်ပါသည်။ Value added တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုအနေဖြင့် စီမံဖော်ဆောင်လုပ်ဆောင်နိုင်မည်ဆိုပါက နိုင်ငံအတွက် ဝင်ငွေများစွာအထောက်အကူပြုနိုင်သည်ဟု လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားမှုအရသိရပါသည်။ပဲစင်းငုံသီးနှံလည်း တစ်ခုအပါအဝင်ဖြစ်သည့် ယခုပဲဈေးမှာ အနိမ့်၊ အမြင့်ရှိသည့်အတွက် “မျှော်လင့်နေသော တောင်သူများ၏ အိပ်မက်များ ပြည့်များပြည့်တော့မည်လား”ဟု တောင်သူလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ပဲစင်းငုံစိုက်ပျိုးမှုမှာ ဧကပေါင်း(၁၀၀၁၀၅)ဧကရှိခဲ့ပြီး ရိတ်ဧကမှာ(၁၀၀၁၀၅)ဧကနှင့် အထွက်နှုန်း(၈.၇၈)တင်းဖြင့် အထွက်တင်းပေါင်း (၈၇၈၉၂၂) တင်းထွက်ရှိခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ မြင်းခြံခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပဲစင်းငုံစိုက်ဧကပေါင်း (၁၀၂၄၃၅)ဧကစိုက်ပျိုးခဲ့ပြီး၊ အထွက်နှုန်းတစ်ဧကလျှင် (၈.၂၅)တင်းထွက်ရှိပြီး ယနေ့အထိ ရိတ်ဧက (၁၀၂၄၃၅)ဧကရိတ်သိမ်းပြီးဖြစ်၍ အထွက်တင်းပေါင်း (၈၄၅၀၈၉) တင်းထွက်ရှိပြီးဖြစ်ပါသည်။ မြင်းခြံခရိုင်အတွင်း၌ မြို့နယ်အလိုက် စိုက်ပျိုးမှုအနေဖြင့် နွားထိုးကြီးမြို့နယ်တွင် ပဲစင်းငုံစိုက်ပျိုးထားသော စိုက်ဧက (၇၈၀၁၁)ဧကဖြင့် အများဆုံးစိုက်ပျိုးနေကြောင်း၊ တောင်သာမြို့နယ်တွင် စိုက်ဧက(၁၁၈၇၄၉)ဧကနှင့် မြင်းခြံမြို့နယ်တွင် (၅၆၇၅)ဧကစိုက်ပျိုးထားရှိပြီးဖြစ်သည့်အတွက် ရိတ်သိမ်းပြီး ပဲစင်းငုံသီနှံများကိုလည်း ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
လက်ရှိတွင် ပဲစင်းငုံဈေးအနေဖြင့် တစ်ပိဿာလျှင် (၂၉၀၀/- ၊ ၂၉၁၀/- ၊ ၂၉၁၅) ကျပ်ရှိပါသည်။ ပဲအရည်အသွေးအပေါ်မူတည်၍ ဈေးနှုန်းများကွာခြားလျက်ရှိကြောင်းသိရှိရပါသည်။ ယခင်နှစ်တွင် ပဲစင်းငုံဈေးသည် (၂၀၀၀ - ၂၀၅၀) ကျပ်ရှိခဲ့သည့်အတွက် လက်ရှိဈေးအရဆိုလျှင် တောင်သူများ အထိုက်အလျောက်အဆင်ပြေသည်ဟုသိရှိရပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် မြို့ပေါ်ကုန်သည် လုပ်ငန်းရှင်များဝယ်ယူစုဆောင်းပြီး မန္တလေးမြို့သို့ တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။ ပေါ်ဦးပေါ်စဖြစ်သည့်အတွက် ပဲစင်းငုံအနေဖြင့် အဝင်နည်းသေးကြောင်း လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားမှုအရသိရှိရပါသည်။
DOCA(မန္တလေး)