လက်ဖက်အကြောင်း

Powered by Drupal

       လက်ဖက်ပင်သည် အပင်ငယ်မျိုးဖြစ်ပြီး အမြဲတမ်းစိမ်းစိုလျက်ရှိသည်။ သဘာဝ အလျှောက်ပေါက်သောလက်ဖက်ပင်သည် ပေ၃၀ခန့်အထိမြှင့်နိုင်သည်။ သို့သော် လက်ဖက်ခြံများတွင်မူ ထိုမျှလောက်မြင့်အောင်မထားဘဲ လေးပေငါးပေလောက်သာမြင့်ရန် အစဉ်ဖြတ်ထားပေးလေ့ရှိသည်။ ရည်ရွယ်ချက်မှာ အကိုင်းအခက်များစွာမထွက်ဘဲအရွက်များကို များနိုင်သမျှများစေရန် ဖြစ်သည်။ လက်ဖက်ရွက်ခူးသူများသည် များသောအားဖြင့် အမျိုးသမီးနှင့်ကလေးများသာဖြစ်သည့်အတွက် အရွက်များခူးရာတွင် လက်လှမ်းမီမီနှင့် တစ်ပင်လုံးကိုခူးနိုင်စေရန် ဖြစ်လေသည်။ လက်ဖက်ပင်တွင် လက်ဖက်ရွက်သည် အသုံးဝင်အဖိုးတန်သောပစ္စည်းဖြစ်၏။ လက်ဖက်စိုက်ပျိုးရာတွင် လက်ဖက်စေ့များကို သင့်တော်သောမြေ၌ဦးစွာပျိုးပေး၍ တစ်ပေလောက်ကြီးလာသောအခါမှ ခြံများသို့ရွှေ့ပြောင်းပြီးလျှင် တစ်ပင်နှင့်တစ်ပင်ကို ငါးပေခြောက် ပေခန့်ခွာ၍စိုက်ရသည်။ အများအားဖြင့်လက်ဖက်ပင်များကို တောင်စောင်းများတွင်လှေကားထစ်သဖွယ်အဆင့်ဆင့်ပြုလုပ်၍ စိုက်ပျိုးလေ့ရှိကြလေသည်။ လက်ဖက်ပင်စိုက်ပျိုးသောဒေသနှင့် ရာသီဥတုတို့အပြင်အပင်၏ သန်စွမ်းမှုပေါ်တွင် အကြောင်းပြု၍ လက်ဖက်ရွက်များကို တစ်နှစ်လျှင် အကြိမ်ပေါင်းများစွာ ခူးယူနိုင်သည်။ ပူသောဒေသများတွင် နွေခြောက်လအတွင်း ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ်မျှခူးနိုင်၍ အေးသောနေရာများတွင်မူ ခူးသည့်အကြိမ်အရေအတွက်ကို လျှော့ပေးရပါသည်။ အပင်မနာအောင်လည်း အထူးဂရုပြုရန်လိုပေသည်။  မြန်မာနိုင်ငံတွင် ရှမ်းပြည်မြောက်ပိုင်း တောင်ပိုင်နယ်၊ မိုးမိတ်နယ်နှင့် မိုင်းလုံနယ်များတွင် လက်ဖက်ပင်များကိုစိုက်ပျိုးသည်။   မိုးမိတ်နယ်နှင့်မိုင်းလုံနယ်တို့မှထွက်သော လက်ဖက်ခြောက်၊ လက်ဖက်စိုများကိုအပြင်တောင်ဟုခေါ်၍ တောင်ပိုင်းနယ် သို့မဟုတ် နမ့်ဆန်နှင့်မိုင်းငေါ့ အပါအဝင်ဒေသများမှထွက်သော လက်ဖက်ခြောက်၊ လက်ဖက်စိုတို့ကို အတွင်းတောင်ဟုခေါ်သည်။ လက်ဖက်ရွက်ကို အချဉ်ဖောက်၍နှပ်ကာရရှိလာသော လက်ဖက်စိုကို အစာပလာ မျိုးစုံရောပြီး လက်ဖက်သုပ် အဖြစ် စားသုံးကြသည်။ လူသိများသောလက်ဖက်ခြောက်နှစ်မျိုးမှာမူ လက်ဖက်ခြောက်မည်းဟုခေါ်သော အချိုသောက်လက်ဖက်ခြောက်မျိုးနှင့် လက်ဖက်ခြောက်စိမ်းဟုခေါ်သော အကြမ်းသောက် လက်ဖက်ခြောက်မျိုးတို့ဖြစ်ကြသည်။ ထိုနှစ်မျိုးမှာ လက်ဖက်ပင်တစ်မျိုးစီမှရခြင်းမဟုတ်၊ လက်ဖက်တစ်ပင်တည်းမှပင်ရ၍ တစ်မျိုးစီပြုပြင် ထားခြင်းသာဖြစ်လေသည်။   လက်ဖက်ခြောက်ဖြစ်အောင်ပြုပြင်ရာ၌ခူးပြီးသောအရွက်များကို ပထမတွင်နွမ်း၍ နူးညံ့ပျော့ပျောင်း လာသည့်တိုင်အောင်ဖြန့်ထားရသည်။ ထို့နောက်အရွက်များ ကျို၍အနံ့ရှိသည့်အစေးများထွက်လာစေရန်လိပ်ပေးရသည်။ လက်ဖက်ခြောက်တွင် သီအင်းဓာတ်ပါ၍ ထိုဓာတ်မှာကော်ဖီတွင်ပါသည့် ကဖိန်းဓာတ်နှင့်အတူတူပင်ဖြစ်သည်။ မြန်မာလူမျိုးများ အနှစ်သက်ဆုံးဟု ပြောလေ့ပြောထရှိခဲ့ကြသော အာဟာရဝတ္ထုသုံးမျိုးမှာထဲတွင် လက်ဖက်သည်လည်း အဓိကပါဝင်ပါသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုတွင် လက်ဖက်သည်အရေးပါ၏၊ မြန်မာနိုင်ငံတွင် လက်ဖက်အစိုနှင့်အခြောက်ဟူ၍ရှိရာ ထိုနှစ်မျိုးစလုံးကိုပင်သုံးစွဲကြသည်။ သောက်သုံးပြီးသော လက်ဖက်စိမ်းထုပ်ကို နွေးနေသောအချိန်တွင် မျက်ခွံပေါ်တွင်ကပ်လျှင် သွေးလည်ပတ်မှုကိုကောင်းစေပြီး မျက်ကွင်းညိုခြင်း၊ မျက်ရည်အိပ်ဖောင်းခြင်းတို့ကိုပျောက် ကွယ်စေနိုင်သည်။ ရေခဲစိမ်ထားသောလက်ဖက်စိမ်းထုပ်ဖြင့် ခန္ဓာကိုယ်ပေါ်တွင်ဖိကပ်ထားပါ ကဖောရောင်ခြင်းကိုပျောက်ကွယ်စေသည်။   နှုတ်ခမ်းခြောက်သွေ့ကွဲအက်ခြင်း၊ ခြေဖနောင့် အက်ကြောင်းထခြင်းတို့သည် ခန္ဓာကိုယ်ရေဓာတ်လိုအပ်နေသည်ကိုဖော်ပြနေသည် သာမက၊ ခန္ဓာကိုယ်ရှိဆဲလ်လည်း ပျက်ဆီးနေသည်။ တစ်ပတ်လျှင်၃-၅ကြိမ်အထိ နှုတ်ခမ်းနှင့်ခြေဖနောင့်ကို လက်ဖက်ဖြင့် သုတ်လိမ်းပါက လက်ဖက်ခြောက်တွင်ပါသော ဖီနောဓာတ်ပါဝင်ခြင်းကြောင့် ခြောက်သွေ့ရာမှစိုပြေလာစေပြီး ခန္ဓာကိုယ်ရှိဆဲလ်များ ပြန်လည်ရှင်သန်မျိုးပွားလာစေနိုင်ပါသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုထဲတွင် လက်ဖက်သည်မပါမဖြစ်များစွာအသုံးဝင်သကဲ့သို့ ခန္ဓာကိုယ်အတွက်လည်း အသုံးဝင်ပြီးအကျိုးသက်ရောက်မူကောင်းစွာရရှိနိုင်သော အရွက်မျိုး ဖြစ်ပါသည်။ လက်ဖက်တွင် အကျိုးသက်ရောက်မှုကောင်းကျိုးများစွာရှိသောကြောင့် လက်ဖက်ကို အသုံးပြုပေးရန် လိုအပ်ပါသည်။

DOCA(ကယား)