CP အသားစားကြက် မွေးမြူရေးလုပ်ငန်း

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ မင်းလှကျေးရွာတွင် ကြက်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းရှင် ဒေါ်နွယ်အား CP အသားစားကြက်မွေးမြူပုံအဆင့်ဆင့်အား မေးမြန်းခဲ့ပါသည်။

       လုပ်ငန်းရှင် ဒေါ်နွယ်အနေဖြင့် ကြက်ပေါက်များကို မုံရွာဒိုင်မှ ဝယ်ယူ၍ မွေးမြူရကြောင်း မိမိခြံတွင် ကြက်အကောင် ( ၆၀၀ ) မွေးမြူထားကြောင်းနှင့် ကြက်ပေါက်တစ်ကောင်လျှင် ယခင်က ( ၁၅၀၀ ) ကျပ်နှင့် ဝယ်ယူရပြီး ယခုအခါတွင် ကြက်ပေါက်တစ်ကောင်လျှင် ( ၁၇၅၀ ) ကျပ်အထိ ဈေးနှုန်းမြှင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

       ကြက်ပေါက်များမွေးမြူရာတွင် ကြက်ကလေးများကို အထူးဂရုစိုက်ရပါသည်။ ကြက်ပေါက်များသည် ပူလွန်း၊ အေးလွန်းသည့် ရာသီဥတုကို မခံနိုင်ပေ။ ကြက်ပေါက်များ မိမိခြံသို့ ရောက်ရှိ လာပါက ကြက်ပေါက်များအနေဖြင့် ခရီးပန်းခြင်း၊ ရာသီဥတိုအပြောင်းအလဲများကြောင့် ရာသီဥတု ပေါ်မူတည်၍ မွေးမြူရကြောင်း၊ ကြက်ပေါက်များကို မွေးမြူစတွင် ရေခဲဆေးတိုက်ရကြောင်း ၊ စတင်မွေးမြူစမှ ရက်ပေါင်း ( ၂၀ ) ရက်နေ့ထိ လွှစာမှုန့်ခံ၍ မိမိအနေဖြင့် မွေးမြူထားကြောင်း ၊ ရက်ပေါင်း ( ၂၀ ) ကျော်ပါက လွှစာမှုန့်များကိုဖယ်ပြီး ကြမ်းကျင့်ချိန်တွင် ကြမ်း၏ အအေးဒဏ်နှင့် ရေ၏ အအေးဒဏ်မခံရအောင် အထူးဂရုစိုက်ရကြောင်း၊ ၎င်းတို့၏ အအေးဒဏ်များခံရပါက နှာစေး၊ ချောင်းဆိုး၊ ချွဲကြပ်ရောဂါများ ဝင်ရောက်၍ သေဆုံးမှုများ မဖြစ်ရအောင် အထူးဂရုစိုက်ရကြောင်း၊ ကြက်များ အရွယ်ကြီးရင့်၍ ကျန်းမာရေးကောင်းမွန်ပါက အားဆေး ( ၁ ) ကြိမ် တိုက်ကျွေးရပြီး၊ ကျန်းမာရေးမကောင်းပါက အားဆေး ( ၂ ) ကြိမ်တိုက်၍ ဖြစ်ပေါ်သည့် ရောဂါပေါ်မူတည်၍ ဆေးတိုက်ရကြောင်း သိရှိရပါသည်။

       ကြက်မွေးမြူရာတွင် မိမိမွေးမြူသည့် ကြက်အမျိုးအစားပေါ်မူတည်၍ ကြက်စာများ ကျွေးရပါသည်။ မိမိအနေဖြင့် CP အသားစားကြက်များ မွေးမြူသည့်အတွက်  CP ကြက်စာကိုသာ ကျွေးမွေးရပါသည်။ ကြက်စာတွင်လည်း ကြက်သားပေါက်စာ၊ ကြက်လတ်စာနှင့် ကြက်ကြီးစာဟူ၍ ( ၃ ) မျိုးရှိပါသည်။ မိမိအနေဖြင့် မွေးမြူစမှ ( ၁၅ ) ရက်သားအရွယ်အထိ ကြက်ငယ်စာကို ကျွေးမွေး ပါကြောင်း၊ ( ၁၆ - ၂၇, ၂၈ ) အရွယ်ခန့်တွင် ကြက်လတ်စာကို ကျွေးမွေးကာ ( ၂၉ ) ရက်ခန့်မှ ကြက်ရောင်းချသည့်အချိန် ( ၃၅ - ၄၅ ) ရက်သား အရွယ်ခန့်ထိ ကြက်ကြီးစာကို ကျွေးမွေးပါသည်။

       CP ကြက်စာဈေးနှုန်းများအနေဖြင့် ကြက်သားပေါက်စာ ( 50 kg ) တစ်အိတ်လျှင် ( ၆၇၀၀၀ ) ကျပ်၊ ကြက်လတ်စာ ( 50 kg ) တစ်အိတ်လျှင် ( ၇၂၀၀၀ )ကျပ်၊ ကြက်ကြီးစာ ( 50 kg ) တစ်အိတ်လျှင် ( ၇၅၀၀၀ ) ကျပ်ပေး၍ ဝယ်ယူရပါသည်။ ကြက်စာများကို တစ်နေ့လျှင် ( ၃ ) ကြိမ်ခန့် ကျွေး၍ မွေးမြူရပါကြောင်း သိရှိရပါသည်။

       ကြက်မွေးမြူရာတွင် ကြက်ချေးနံ့များကြောင့် ပတ်ဝန်းကျင်တွင် အနံ့ဆိုးများကြောင့် ထိခိုက်မှု အနည်းဆုံးဖြစ်စေရန်အတွက် ကြက်ချေးများကို ကြက်မွေးမြူစမှ ( ၇ ) ရက်သားအရွယ်တွင် ( ၁ ) ပတ်လျှင် တစ်ကြိမ်၊ ( ၈- ၂၀ ) ရက်သား အရွယ်တွင် ( ၂ ) ရက်လျှင် တစ်ကြိမ်၊ ( ၂၀ ) ရက်သားမှ ရောင်းချသည့်အရွယ်ထိ တစ်ရက်လျှင် တစ်ကြိမ် ကြက်ချေးများကို ကျုံး၍ ကြက်ခြံဘေးပတ်လည်နှင့် ကြက်ခြံအောက်ခြေများအား အနံ့ဆိုးများ မထွက်စေရန်အတွက် စိုက်ပျိုးရေးသုံးမိုးကာများဖြင့် ကာရံခြင်း၊ ထုံးဖြူးခြင်းများကို အလေးထား၍ ဆောင်ရွက်လျက်ရှိပါသည်။

     ကြက်မွေးမြူရေးလုပ်ငန်းသည် အိမ်အပြင်သို့မထွက်ရဘဲ မိသားစု လုပ်အားများဖြင့် တစ်ပိုင် တစ်နိုင်မွေးမြူရသောကြောင့် မိမိအနေဖြင့် တွက်ခြေကိုက်မှုရှိပါကြောင်း၊ ကြက်သား ဈေးကောင်းများရရှိသည်နှင့် ကြုံလျင် ကြက်စာများ၊ ဆေးဝါးများနှင့် လုပ်သားခများ နှုတ်ယူပြီး၊ ကြက်များအသေအပျောက်နည်းပါက အသားတင်အမြတ်ငွေအားဖြင့် ( ၇၀၀၀၀၀ - ၈၀၀၀၀၀ ) ကျပ်ခန့် အမြတ်ရရှိပါကြောင်း၊ ကြက်သားဈေးမကောင်းလျှင် ( ၅၀၀၀၀၀ ) ကျပ်ခန့်သာ အမြတ်ကျန်ရှိပြီး၊ တစ်ခါတစ်ရံတွင် အရှုံးများဖြင့် ရင်ဆိုင်ရသည်နှင့် ကြုံတွေ့ရပါကြောင်း ကြက်မွေးမြူရေးလုပ်ငန်းရှင်ဒေါ်နွယ်ထံမှ မေးမြန်းသိရှိရပါသည်။  

DOCA(စစ်ကိုင်း)