စားသုံးသူအခွင့်အရေးရရှိရေး စာသင်ကျောင်းများသို့ အသိပညာပေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၈-၂-၂၀၂၃) ရက်နေ့  နံနက်(၉:၀၀)အချိန်တွင် ပခုက္ကူမြို့နယ်၊ သင်္ဘောကုန်းနှင့် ကုက္ကိုလှကျေးရွာများရှိ အခြေခံပညာမူလတန်းကျောင်းများသို့သွားရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

          ကုက္ကိုလှကျေးရွာ၌ ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက ဆွေးနွေးရာ ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ  စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊ စားသုံးသူပြည်သူများအတွက် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့်ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားရှိမှုအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးက စားသုံးသူထိခိုက်နစ်နာမှုနှင့်စပ်လျဉ်း၍ တိုင်ကြားခြင်းနှင့် ကုစားပေးခဲ့မှုများအကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စများစုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅)အား ဖွင့်လှစ်ထားကြောင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကိုလည်း အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ(၄)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၂)ဦး၊ မိဘပြည်သူ(၅၆)ဦး၊စုစုပေါင်း (၇၂)ဦးတက်ရောက်ခဲ့ပါသည်။

          သင်္ဘောကုန်းကျေးရွာ၌ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဆွေးနွေးရာ ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ  စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊ ဌာန၏ဆောင်ပုဒ်ဖြစ်သော “စားသုံးသူအခွင့်အရေးဦးစားပေးရန်”မှာ အလွန်အရေးကြီးသောကြောင့် ယခုကဲ့သို့ လာရောက်အသိပညာပေးရခြင်းဖြစ်ကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများရယူသုံးစွဲရာတွင် စိတ်ကျေနပ်မှုရရှိရန်လိုအပ်ကြောင်း၊ အသုံးပြုရာတွင်လည်း ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါ (၈)ချက်အား သတိပြုဝယ်ယူစေလိုကြောင်း၊ ကုသခြင်းထက်ကာကွယ်ခြင်းက ပို၍ကောင်းမွန်သောကြောင့် ဌာနမှဝန်ထမ်းများကလည်း လုပ်ငန်းရှင်များဆီသို့ သွားရောက်အသိပညာပေးလျက်ရှိကြောင်းနှင့် စစ်ဆေးရေးအရာရှိများကလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးပေးလျက်ရှိကြောင်း၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာအထောက်အထားများလည်း ရယူထားစေလိုကြောင်း၊ စိတ်ကြိုက်ရွေးချယ်ခွင့်နှင့် နစ်နာမှုများရှိပါက မှန်ကန်သောအထောက်အထားများနှင့်အတူ ဌာနသို့ လာရောက်တိုင်ကြားခွင့်ရှိပြီး ကုစားခွင့်ရရှိစေလိုကြောင်း၊ "အသိတစ်လုံးအမြတ်ဆုံး" ဖြစ်၍ ယခုသိရှိပြီးသောအကြောင်းအရာများအား လိုက်နာစေလိုကြောင်း၊ သို့မှသာ အနာဂတ်တွင် ကောင်းမွန်သာယာသောဘဝတွင် နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူ၏တာဝန်များလည်းရှိ၍ တိကျစွာလိုက်နာရန် လိုအပ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပါသည်။

     ဒု-ဦးစီးမှူး ဒေါ်တင်တင်မော်က ဆွေးနွေးရာတွင် စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်အကြောင်းများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများအားဝယ်ယူသုံးစွဲရာတွင် မှန်ကန်စွာရွေးချယ်တတ်ခြင်းဖြင့် လုံခြုံစိတ်ချရမှုရှိပြီး ဘေးအန္တရာယ်ကင်းရှင်းမည်ဖြစ်ကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များအား အသိတရား၊ သတိထား၍ ဝယ်ယူသုံးစွဲစေလိုကြောင်း၊ တချို့ကုန်စည်များတွင် ထုပ်ပိုးမှုသာလှပပြီး စားသုံးရန်မသင့်သောအစားအစာများကို သတိလက်လွတ်ဝယ်ယူသုံးစွဲမှုမပြုစေရန်နှင့် သေချာစွာစိစစ်ရွေးချယ်ပြီးမှသာ သုံးစွဲစေလိုကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ(၅)ဦး၊ ကျောင်းသား/ကျောင်းသူ(၈၂)ဦး၊ မိဘပြည်သူ(၇)ဦး၊ စုစုပေါင်း (၉၄)ဦးတက်ရောက်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)