မြန်မာလူမျိုးများအနေဖြင့် မီးဖိုချောင်သုံးကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ငရုတ်သီးစိမ်းနှင့် ငရုတ်သီးခြောက်မှာ ဟင်းချက်ရာတွင်မပါမဖြစ်ပါဝင်သော အမယ်တစ်မျိုးတစ်မျိုးဖြစ်ပါသည်။ ငရုတ်သီးခြောက်ကို ဟင်းများအရောင်လှစေရန်အတွက် အရောင်တင်မှုန့်ပြုလုပ်၍လည်းကောင်း၊ ငရုတ်သီးအကြမ်းမှုန့်၊ ငရုတ်သီးအလှော်မှုန့်များပြုလုပ်၍လည်းကောင်း အသုံးပြုကြသလို ငရုတ်သီးစိမ်းကို ငပိနှင့်ထောင်း၍ ငပိထောင်းများလုပ်ကာစားသောက်ခြင်း၊ သနပ်များ ၊ အသုပ်စုံများတွင် ထည့်သွင်းအသုံးပြုကြသဖြင့် စားသုံးမှုများသော ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ငရုတ်ပင်ကို နေရာအနှံ့အပြားတွင်စိုက်ပျိုးကြပြီး တစ်နှစ်ပတ်လုံးလည်း ထွက်ရှိပါသည်။ နေရာဒေသကိုလိုက်၍ ငရုတ်သီးထွက်ပေါ်ချိန်နှင့် အထွက်နှုန်းသာကွာခြားပါသည်။ ပြည်ခရိုင်အနေဖြင့် ငရုတ်စိုကိုဦးစားပေး၍ စိုက်ပျိုးကြသဖြင့် ငရုတ်သီးစိမ်းစိုက်ဧကမှာ (၇၆၃)ဧက ရှိပြီး တစ်ဧကအထွက်နှုန်းမှာ ပျမ်းမျှပိဿာ(၁၃၀၀)ကျော်ထွက်ရှိကြောင်း သိရှိရပါသည်။ ငရုတ်သီးခြောက်စိုက်ဧကမှာ (၄၅၀)ဧကရှိကြောင်း သိရှိရပါသည်။ ငရုတ်ပင်စိုက်ပျိုးရာတွင် အကောင်းဆုံးမြေမှာ သဲနုန်းမြေဖြစ်ပါသည်။ ရာသီဥတုပူနွေးမှုနှင့် စိုစွတ်မှုကို ကြိုက်နှစ်သက်သော်လည်း ရေဝပ်လျှင် မကြိုက်သဖြင့် မိုးများသော မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးရာသီတွင်မစိုက်ပဲ ဆောင်းရာသီမှသာစိုက်ပျိုးကြပါသည်။ မိုးကြိုငရုတ်ကို ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ပျိုးထောင်၍ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင်စိုက်ပျိုးကြပါသည်။ စိုက်ပျိုးပြီး (၂-၃)လအကြာတွင် ငရုတ်သီး များ စတင်ခူးဆွတ်ရပါသည်။ ငရုတ်သီးခူးဆွတ်ရာတွင် တစ်ဧကလျှင် ငါးရက်တစ်ကြိမ် ခူးဆွတ်ရပါသည်။ ကျောက်စိမ်းငရုတ်၊ ပီနန်ငရုတ်၊ ပီနန်ယောက်ဖ၊ ကုလားအော်သီး၊ မိုးမျှော်ငရုတ်သီးဟူ၍ အမျိုးအစားပေါင်းများစွာရှိပါသည်။ ငရုတ်သီးစိမ်း အရောင် မှာလည်းကွဲပြားပါသည်။ အဖြူရောင်၊ ဆင်စွယ်ရောင်၊ အဝါနုရောင်၊ အဝါရင့်ရောင်၊ အစိမ်းရောင်ဆိုပြီး အရောင်အမျိုးမျိုးရှိပြီး ရင့်မှည့်လျှင် အနီရောင်နှင့် အဝါဖျော့ဖျော့ အရောင်များလည်းရှိပါသည်။
ပြည်မြို့နယ်တွင် ငရုတ်သီးစိမ်းကို ခွေးရဲကျေးရွာ၊ မှော်ဇာကျေးရွာတို့အပြင် အချို့သော ကျေးရွာအတော်များများမှာလည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ငရုတ်သီးစိမ်းဈေးကွက်အနေဖြင့် ထွက်ရှိလာသော ငရုတ်သီးစိမ်းများကို ပြည်ဈေးကွက်သို့တင်ပို့ရောင်းချပြီး ပြည်ဈေးကွက်မှ တစ်ဆင့် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ်(တောင်ကုတ်)မြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ဈေးနှုန်းများအနေဖြင့် ပီနန်ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်ဈေးဖြင့် ရောင်းချသလို ကျောက်စိမ်းငရုတ်သီးတစ်ပိဿာလျှင် (၈၀၀၀)ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပါသည်။
ငရုတ်သီးစိုက်ပျိုးသူတောင်သူများအဖို့ ငရုတ်သီးဈေးမှာ ယခင်နှစ်ထက် ကောင်းမွန်လာသဖြင့် တိုးချဲ့စိုက်ပျိုးလာကြသလို အမြတ်အစွန်းများလည်း ပိုမိုရရှိလာမည်ဖြစ်ပါသည်။ ငရုတ်သီး ဝယ်လိုအားများလာလျှင် စိုက်ပျိုးမှုများလာသဖြင့် ဝယ်လိုအားအနည်းအများပေါ်မူတည်၍ နေကြောင်း သိရှိရပါသည်။ ငရုတ်သီးကို မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးပြီး၊ နည်းပညာများဖြင့် မှိုရောဂါကင်းပြီး အရည်အသွေးပြည့်မီလျှင် ပြည်ပဝယ်လိုအားကောင်းလာမည်ဖြစ်ပြီး အကျိုးအမြတ်များပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)