ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ရှိ တောင်သူများသည် နှစ်စဉ် ဖရဲ(၅၀၀)ဧကခန့်စိုက်ပျိုးပြီး၊ ဖရဲသီးအလုံးရေ (၅၀၀၀၀၀)ခန့်ထွက်ရှိရာ မူဆယ်ဈေးကွက်မီသော အသီးများကို မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်ပြည်သို့ တိုက်ရိုက်တင်ပို့ရောင်းချလျက်ရှိကာ ကျန်အသီးများကို ဒေသတွင်းဈေးကွက်သို့ ရောင်းချခဲ့ကြပါသည်။ ယခုနှစ်တွင် သွင်းအားစုများဖြစ်ကြသော ဖရဲမျိုးစေ့ထုတ်၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ဒီဇယ်ဈေး၊ လုပ်သားခများ ကြီးမြင့်ခြင်းကြောင့်လည်းကောင်း၊ သီးနှံပေါ်ချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် တင်ပို့ရောင်းချမှုမရမည်ကို စိုးရိမ်သောကြောင့်လည်းကောင်း၊ ဖရဲစိုက်ဧက(၇၀)ဝန်းကျင်ခန့်သာ စိုက်ပျိုးကြောင်း သိရှိရပါသည်။
သို့ရာတွင် ယခုနှစ်၌ ဖရဲစိုက်ပျိုးဧကလျော့နည်းခဲ့သော်လည်း သီးနှံမပေါ်ခင်ကပင် မူဆယ်မှ ဖရဲကုန်သည်များသည် ဒေသသို့လာရောက်၍ ဈေးကောင်းပေးပြီး အခင်းပြတ်ဝယ်ယူလျက်ရှိပါသည်။
ဖရဲတစ်ဧကစိုက်ပျိုးလျှင် ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ကျပ်(၄၂)သိန်းခန့်ကုန်ကျပြီး၊ ယခုအခါ ဖရဲတစ်ဧကလျှင် အခင်းပြတ် (၁၂၈)သိန်းပေးပြီး ဝယ်ယူနေသဖြင့် တစ်ဧကလျှင် အကျိုးအမြတ်မှာ ကျပ်(၈၆)သိန်းခန့်ရရှိလျက်ရှိရာ ဖရဲစိုက်ပျိုးသူ တောင်သူတစ်ဦးက မိမိတို့သည် ဖရဲစိုက်ပျိုးလာသည်မှာ နှစ်(၂၀)ခန့်ရှိပြီဖြစ်သော်လည်း ယခုနှစ်ကဲ့သို့ တစ်ကြိမ်တစ်ခါမှ အကျိုးအမြတ်ရရှိမှုမရှိခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။
DOCA(ဧရာဝတီ)