မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့ "ပထမအကြိမ်" မျက်နှာစုံညီအစည်းအဝေးကျင်းပ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့ "ပထမအကြိမ်" မျက်နှာစုံညီအစည်းအဝေးကို (၁၃-၃-၂၀၂၃) ရက်နေ့  နံနက် (၀၉:၀၀) နာရီအချိန်တွင် မကွေးမြို့၊ ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးနှင့် တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ (၃) ဦး၊ အလုပ်အမှုဆောင်အဖွဲ့ဝင် (၃၇) ဦးအနက် တက်ရောက်သူ (၃၄) ဦး၊ အသင်းသား (၁၄) ဦး၊ စုစုပေါင်း (၅၁) ဦးတက်ရောက်ခဲ့ကြပါသည်။

      ဦးစွာ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးက မကွေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းသည် နယ်မြေအသီးသီးမှ ကိုယ်တိုင်ဆန္ဒမဲပေးပြီး သက်ဆိုင်ရာကဏ္ဍအားလုံးဖြင့် ဖွဲ့စည်းထားသည့်အသင်းတစ်ခုဖြစ်ရာ သင်းဖွဲ့စည်းမျဉ်းသည်လည်း အတည်ပြုပြီးဖြစ်သည့်အတွက် သင်းဖွဲ့စည်းမျဉ်းကိုလည်း အောက်ခြေအထိသိရှိအောင် ဖြန့်ဝေပေးရန်လိုကြောင်း၊ အသင်းအား အကျိုးရှိအောင် လုပ်ဆောင်စေချင်ကြောင်း၊ အစည်းအဝေးများကို Online ဖြင့်လည်း ကျင်းပနိုင်သည့်အတွက် မကြာခဏကျင်းပစေလိုကြောင်း၊ ယခင် လက်သင့်ရာခေါ်တာမျိုးကဲ့သို့ မဖြစ်စေချင်ဘဲ မကွေးတိုင်းဒေသကြီးကို ဖွံ့ဖြိုးတိုးတက်လာအောင် အစိုးရနှင့်ကုန်သည်များက ပူးပေါင်းလုပ်ဆောင်စေချင်ကြောင်း၊ တရုတ်နှင့်ပူးပေါင်းမည့် စီးပွားရေးမဲခေါင်လမ်းကြောင်းတွင် တိုင်း/ပြည်နယ်မှ စီးပွားရေးရာဝန်ကြီး (၄)ဦးထည့်ဝင်ထားရှိရာ အဖွဲ့ဝင် (၄) ဦးထဲတွင် မကွေးတိုင်းမှ စီးပွားရေးရာဝန်ကြီးအနေဖြင့် ဗဟိုကော်မတီအဖွဲ့ဝင်အဖြစ် ပါရှိထားကြောင်း၊ ထိုသို့ပါရှိခြင်းသည်လည်း မကွေးတိုင်းဒေသကြီးကို ဖွံ့ဖြိုးတိုးတက်စေချင်သည့် အဓိပ္ပါယ်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းသည် တောင့်တင်းခိုင်မာသောအသင်းဖြစ်နေရန် လိုကြောင်း၊ သီးနှံအများစုတွင် ဓာတုဓာတ်ကြွင်းများကျန်ရှိနေခြင်းသည် စိုက်ပျိုးသူတောင်သူများနှင့်သက်ဆိုင်သည့်အတွက် ဓာတုဓာတ်ကြွင်းကိစ္စများနှင့်ပတ်သက်၍ တောင်သူများကို ဒိုင်များ/ကုန်သည်များက အသိပေးရန်လိုကြောင်း၊ မကွေးမြို့တွင် စက်မှုဇုန်နှင့် Complex Zone တည်ထောင်ရန်ရှိသည့်အတွက် ထိုလုပ်ငန်းများကိုလည်း ကုန်သည်များအသင်းက ရယူထားစေချင်ကြောင်း၊ အသင်းအနေဖြင့် “ရုံးတည်နေရာနှင့် ဝင်ငွေဘယ်လိုရှာမလဲ၊ ကိုင်ဆောင်ထားသည့်ငွေကို ဘယ်အချိန်တွင်   ဘယ်လိုအသုံးချမလဲ”ဆိုသည့်   အချက်များကိုလည်း   စည်းမျဉ်းအတိုင်း လုပ်ဆောင်ရန်လိုကြောင်း၊ ကုန်စည်စီးဆင်းမှုများ လျင်မြန်ချောမွေ့နေမည်ဆိုပါက ကုန်ဈေးနှုန်းသည်လည်း အထိုက်အလျောက်ကျဆင်းလာမည်ဖြစ်ကြောင်း၊ မိမိတာဝန်ယူနေစဉ်ကာလအတွင်း လုပ်ပေးနိုင်မည့်အပိုင်းများကို လုပ်ဆောင်ပေးချင်ကြောင်း ပြောကြားခဲ့ပါသည်။

      ဆက်လက်၍ တက်ရောက်လာသည့် မကွေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ရုံးတည်နေရာသတ်မှတ်ခြင်း၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ဘဏ္ဍာရေးစည်းမျဉ်းများနှင့် ကုန်စည်ဒိုင်အလိုက် ရောင်းဝယ်ဖောက်ကားမှုအခြေအနေများ၊ အခက်အခဲများကို ဆွေးနွေးပြောကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲကို နေ့လယ် ( ၁၂:၃၀ ) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)