Paradise Family အမှတ်တံဆိပ် မုန့်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေး အသိပညာပေးဆွေးနွေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(ဦးစီးမှူး)သည် (၁၃-၃-၂၀၂၃) ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် မကွေးမြို့၊ အမှတ်(၇၀)(၂)လမ်း၊ ရန်ကင်းရပ်မှထုတ်လုပ်သော "Paradise Family"အမှတ်တံဆိပ် မုန့်လုပ်ငန်းရှင် ဦးမျိုးဇော်ထွန်းအား မကွေးခရိုင်ဦးစီးမှူးရုံးတွင် ခေါ်ယူတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် တားမြစ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    "Paradise Family"အမှတ်တံဆိပ်ဖြင့် (Butter Cake၊ စပျစ်ကိတ်လိတ်၊ ကြက်ဥပူတင်းပေါင်မုန့်၊ ရွှေပူတင်းပေါင်မုန့်၊ အုန်းနို့ပေါင်မုန့်၊ Cream Roll၊ ကြက်မျှင်လိပ်)ကုန်စည်(၇)မျိုးအား ထုတ်လုပ်ပြီး မကွေးမြို့ပေါ်နှင့် ရပ်ကွက်၊ ကျေးရွာများတွင် ဖြန့်ချိရောင်းချကြောင်း၊ လုပ်ငန်းစတင်လုပ်ကိုင်သည်မှာ (၆)လခန့်သာရှိသေးကြောင်းနှင့် ပြင်ပလုပ်သားမပါဘဲ မိသားစု(၅)ဦးဖြင့်သာ တစ်နိုင်တစ်ပိုင်စတင်လုပ်ကိုင်နေကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

   ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူပြည်သူများ လုံခြုံစိတ်ချစွာဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အရန်သင့်အစားအစာအမျိုးမျိုး၌ မြန်မာစာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းပုံအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ထုတ်လုပ်သူ၏ဖုန်းနံပါတ်နှင့် လိပ်စာများပါ ထည့်သွင်းဖော်ပြပေးရေး အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)