ရေတာရှည်မြို့နယ်များရှိကျေးရွာများတွင် သဘာဝမြေဩဇာများပြုလုပ်၍အသုံးပြု

Powered by Drupal

     တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရေတာရှည်မြို့၊ ဆွာမြို့၊ သာဂရမြို့နှင့် မြို့လှမြို့များ၏ လမ်းဘေးဝဲယာကျေးရွာများတွင် တောင်သူဦးကြီးများက သဘာဝမြေဩဇာများပြုလုပ်၍ မိမိတို့စိုက်ခင်းများတွင် စတင်အသုံးပြုနေပြီဖြစ်ပါသည်။

       သဘာဝမြေဩဇာပြုလုပ်ရာတွင် (၁၀)ပေပတ်လည်၊ အနက်(၄)ပေ မြေကျင်းများတူး၍ ၎င်းကျင်းထဲသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စွန့်ပစ်အမှိုက်များတွင် သံတိုသံစနှင့် ပလတ်စတစ်ကဲ့သို့ အသုံးပြု၍မရနိုင်သောအမှိုက်များအား သန့်စင်ပြီး သစ်ပင်များမှထွက်သော သစ်ရွက်၊ သစ်ခက်များနှင့်ပေါင်းစပ်ကာ မြေကျင်းထဲသို့ ၁ပေခန့်ထည့်ပါသည်။ ထို့နောက် EM (Effective Microorganism) အကျိုးပြု အဏုဇီဝသက်ရှိအရည်နှင့် နွားချေး၊ ကြက်ချေး ၆လက်မခန့် တစ်ထပ်တင်ပေးရပါသည်။ ထိုနည်းအတိုင်း စွန့်ပစ်အမှိုက်၁ပေနှင့် EM အရည်အသင့်အတင့်အသုံးပြု၍ နွားချေး၊ ကြက်ချေးများနှင့်ရောစပ်ကာ ၆လက်မခန့် ၁ထပ်၊ စုစုပေါင်း ၃ထပ်ပြုလုပ်၍ မြေကျင်းအပေါ်တွင် ပလတ်စတစ်နှင့် လုံအောင်ဖုံးဖိကာ တစ်လခန့်ထားရကြောင်း သိရှိရပါသည်။

      သဘာဝမြေဩဇာပြုလုပ်ရာတွင် လိုအပ်သော EM အရည်အား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အခမဲ့ပေးဝေလျက်ရှိပါသည်။ သဘာဝမြေဩဇာပြုလုပ်ရာတွင် စနစ်တကျပြုလုပ်ပါက ၁လ ပြည့်လျှင် အသုံးပြု၍ရပါသည်။ တောင်သူဦးကြီးများအနေဖြင့် မိမိအသုံးပြုလိုသောစိုက်ခင်းများအား ဓာတ်မြေဩဇာ ၁ဆနှင့် သဘာဝမြေဩဇာ ၃ဆရောနှော၍ အသုံးပြုနိုင်ပါသည်။

     တောင်သူဦးကြီးများအနေဖြင့် မိမိစိုက်ခင်းများအား သွင်းအားစုထည့်သွင်းချိန်တွင် သဘာဝမြေဩဇာများအသုံးပြုခြင်းဖြင့် စိုက်ပျိုးရေးကုန်ကျစရိတ်များသက်သာစေပြီး သီးနှံများလည်း ယခင်ထက် အထွက်နှုန်းများတိုးလာပါကြောင်းနှင့် ဓာတ်မြေဩဇာတစ်မျိုးတည်းသာ အသုံးပြုထားသော စိုက်ပျိုးသောမြေများ၏အချဉ်ဓာတ်၊ အငံဓာတ်များလည်း ပြန်လည်သင့်တင့်မျှတစေသော အကျိုးကျေးဇူးများရရှိပါကြောင်း လေ့လာသိရှိခဲ့ခြင်းအား တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)