ကရင်ပြည်နယ်၊ ဘားအံမြို့၊ စက်မှုဇုံတွင်တည်ဆောက်ထားသည့် စမ်းပွင့်သံလွင်ကုမ္ပဏီ၏ စမ်းပွင့်ဆီစက်အား (၁-၄-၂၀၂၃) ရက်နေ့တွင် စတင်စမ်းသပ်လည်ပတ်ခဲ့ရာ တစ်ရက်လျှင် ဆီပိဿာချိန် ၃၀၀ခန့်ထွက်ရှိနိုင်ကြောင်းသိရပါသည်။
ကရင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးခြင်း၊ ဆီစက်လုပ်ငန်းများဖွံဖြိုးတိုးတက်စေရေးနှင့် အဆင့်မြင့်ဆီစက်များတည်ဆောက်နိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနအပါအဝင် သက်ဆိုင်ရာအစိုးရဌာနက တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်းနှင့် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီကြိတ်ခွဲထုတ်လုပ်နိုင်မည့် ယခုစမ်းပွင့်ဆီစက်အား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ရင်းနှီးငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လိုအပ်သည့်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်းနှင့် ဆီစက်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၀ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် လူတစ်ဦးလျှင် တစ်နှစ်စာ စားသုံးဆီသုံးစွဲမှုအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၌ ၁၃.၈၆ပိဿာဖြင့် အများဆုံးဖြစ်ကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီး၌ ၆.၂၅ပိဿာဖြင့် အနည်းဆုံးဖြစ်ကာ ကရင်ပြည်နယ်အနေဖြင့် လူတစ်ဦးလျှင် တစ်နှစ်စာ စားသုံးမှုမှာ ၇.၄၂၅ပိဿာဖြစ်ကြောင်းစာရင်းများအရ သိရပါသည်။ ကရင်ပြည်နယ်တွင် လူဦးရေ ၁၆သိန်းခန့်မှီတင်းနေထိုင်ကြပြီး စားသုံးဆီဖူလုံပိုလျှံမှုအနေဖြင့် ၇၂ရာခိုင်နှုန်းသာရှိသောကြောင့် ဆီလိုဒေသဖြစ်ကြောင်း သိရပါသည်။
DOCA(ကရင်)