တရုတ်နိုင်ငံသို့ အိန္ဒိယ၏ပဲမျိုးစုံတင်ပို့မှု ပထမဆုံးအကြိမ် ဒေါ်လာသန်း ၁၀၀ ကျော် ရောက်ရှိ

Powered by Drupal

        တရုတ်နိုင်ငံသည် မကြာသေးမီနှစ်များမှစ၍ အိန္ဒိယနိုင်ငံမှ မြေထောက်ပဲနှင့် ကုလားပဲ ကဲ့သို့သော ပဲများကို အရှိန်အဟုန်မြှင့်ဝယ်ယူခဲ့ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အိန္ဒိယထံမှ ပဲမျိုးစုံ ကို အများဆုံးဝယ်ယူသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပြီး တန်ဖိုးအားဖြင့် ယူအေအီးနိုင်ငံ၏ ဝယ်ယူမှုထက် ပိုမိုလျက် ပထမဆုံးအကြိမ်ဖြစ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ခဲ့ပါသည်။

       အိန္ဒိယလယ်ယာထွက်ကုန်ပြည်ပတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (APEDA) ၏ အချက်အလက်များအရ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဧပြီလမှ ဇန်နဝါရီလအထိ  အိန္ဒိယနိုင်ငံမှ တရုတ်နိုင်ငံ သို့ ပဲမျိုးစုံတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၀၂.၄၁ သန်းရှိခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၈၉.၀၃ သန်းကျော်ရှိသဖြင့် ၁၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄၇၆ သန်းအထိ တိုးတက်လာခဲ့ပြီး ယခင်ဘဏ္ဍာနှစ်တွင်  အမေရိကန်ဒေါ်လာ ၃၇၉ သန်းဖြစ်၍ ၂၅ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့သည်။

       ကိုဗစ်-၁၉ ကပ်ရောဂါ နောက်ပိုင်းကာလများတွင် တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံမှ ပဲမျိုးစုံ ပမာဏ အများအပြားဝယ်ယူလာခဲ့ရာ လေးနှစ်တာကာလအတွင်း ပဲမျိုးစုံတင်ပို့မှု ပမာဏ (၅) ဆ ခန့်၊ တန်ဖိုးအားဖြင့် (၃) ဆခန့် ပိုမိုလာခဲ့ပါသည်။

       လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံသည် ပဲမျိုးစုံ ပိုမိုစားသုံးလာခဲ့ပြီး  တရုတ်လူမျိုးများ၏ စားသောက်မှုနှင့် နေထိုင်မှုပုံစံများ ပြောင်းလဲလာမှုကြောင့် တစ်နှစ်ထက်တစ်နှစ် ပဲစားသုံးမှုများလာကြောင်း၊ တရုတ်နိုင်ငံသည် ယခင်က အိန္ဒိယနိုင်ငံသို့ ဖြူနီကြား မြေထောက်ပဲ (light-speckled kidney beans) ကို တင်ပို့ခဲ့ရာမှ ယခုအခါ တင်သွင်းသည့်နိုင်ငံအဖြစ်သို့ ပြောင်းလဲလာကြောင်း၊ ပြီးခဲ့သည့် နှစ်နှစ်အတွင်း ဖြူနီကြားမြေထောက်ပဲကို တရုတ်နိုင်ငံသို့ အိန္ဒိယနိုင်ငံမှ တင်ပို့ခဲ့သော်လည်း တချိန်တည်းတွင် အိန္ဒိယသည် ပြည်တွင်း မြေထောက်ပဲလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ဘရာဇီးနိုင်ငံထံမှ ဝယ်ယူမှုလည်းရှိကြောင်း Mayur Global Corporation ၏ ဒုတိယဥက္ကဋ္ဌ Ms. Harsha Rai က ပြောဆိုပါသည်။

     ထို့အပြင် အစောပိုင်းတွင် တူရကီနိုင်ငံထံမှ ဝယ်ယူလေ့ရှိသော်လည်း တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံမှ  Kabuli Chana ခေါ် ကုလားပဲဖြူကို အရှိန်မြင့်ဝယ်ယူခဲ့ကြောင်း၊ ကာနာတကာ ပြည်နယ်ရှိ Mysore ဒေသတွင် စိုက်ပျိုးထားသော ဘိုကိတ်ပဲများမှာ Covid-19 ကပ်ရောဂါကာလအတွင်း တရုတ်နိုင်ငံမှ ဝယ်လိုအား မြင့်တက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ပဲတီစိမ်းအပါအဝင် ပဲမျိုးစုံကို ဝယ်ယူလျက်ရှိကြောင်း  Ms. Rai ကပြောကြားသည်။ APEDA ၏ ဥက္ကဋ္ဌ Mr. M Angamuthu ကလည်း တရုတ်နိုင်ငံသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ပဲမျိုးစုံ တင်သွင်းခွန် လျော့နည်းကြောင်း ပြောဆိုပါသည်။

      အိန္ဒိယနိုင်ငံ၌ ပဲမျိုးစုံထွက်ရှိမှုသည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း  ဆက်တိုက် တိုး တက်လာခဲ့ပြီး အခြားသောပဲများ တင်ပို့မှုကို အထောက်အကူဖြစ်ခဲ့ကြောင်း၊ အိန္ဒိယ၏ ပဲမျိုးစုံ ထုတ်လုပ်မှုမှာ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် တန်ချိန် ၁၈.၃ သန်းဝန်းကျင်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၇.၈၁ သန်း ဝန်းကျင်ထိ မြင့်တက်လာခဲ့ကြောင်း၊ သို့ရာတွင် ရာသီဥတုအခြေအနေ ကြောင့် ပဲစဉ်းငုံနှင့်  မတ်ပဲ ကဲ့သို့သော ပဲမျိုးစုံထွက်ရှိမှုမှာ လျော့နည်းခဲ့သဖြင့် အိန္ဒိယအစိုးရက အဆိုပါပဲများကို ၂၀၂၄ ခုနှစ်၊ မတ်လအထိ လွတ်လပ်စွာတင်သွင်းခွင့်ပြုထားကြောင်း သိရှိရပါသည်။

Source: The Hindu Business Line, 3 April 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ ဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)