ဝါးမှသည် အဆင့်မြင့်ထုတ်ကုန်ဆီသို့
မြန်မာနိုင်ငံတွင် ဝါးပင်သည် ရိုးမတောကြီးများတွင် အများအပြားပေါက်ရောက်ကြပါသည်။ ဝါးပင်ကို အဓိကစိုက်ပျိုးသောဒေသများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် တွံ့တေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကြံခင်း၊ မြန်အောင်၊ စစ်ကိုင်းဒေသကြီး၊ ချင်းတွင်း မြစ်ရိုးတစ်လျှောက်၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် စိုက်ပျိုးကြပါသည်။ စီးပွားရေးအရ ဈေးကွက်ဝင်သည့် ဝါးအမျိုးအစားများမှာ ဝါးပိုးဝါး၊ ဝါးနက်ဝါး၊ ဝါးဖြူ၊ ဝါးယား၊ သိုက်ဝါး၊ မျက်ဆန်ကျယ်ဝါး၊ တင်းလယ်မဲဝါး၊ တင်းဝါး၊ တစ်ပင်တိုင်ဝါး၊ ဝါးကောက်၊ ဝါးဖယောင်း၊ ကြသောင်းဝါး၊ မြင်ဝါး၊ ထီးရိုးဝါး၊ ကြခတ်ဖိုဝါး၊ ကြခက်ဝါး၊ ဝါးမင်းနှင့် ခဲလံဝါးတို့ဖြစ်ပါသည်။ ဝါးယားသည် ကွေးညွှတ်ခြင်းဒဏ်ကို ခံနိုင်ရည်ရှိသဖြင့် ငြမ်းဆင်သည့်ဝါးအဖြစ် အသုံးပြုကြပါသည်။
ဝါးပင်မဖြစ်မီစ၍ ပေါက်လာသောဝါးစို့ပေါက်ကို လူအများက ချိုးယူ၍ မျှစ်စို့ပေါက်အဖြစ် မျှစ်စပ်၊ မျှစ်ချဉ်၊ မျှစ်ပြုတ်အဖြစ် အမျိုးမျိုးချက်ပြုတ်၍ စားသောက်ကြပါသည်။ မျှစ်စို့ပေါက်ကို မိုးရာသီအချိန်တွင် အများအပြား ရရှိနိုင်သဖြင့် စားသုံးသူများက သူ့ချည်းပဲဖြစ်စေ၊ အချဉ်လုပ်၍ဖြစ်စေ ကြက်သား၊ ငါးတို့ဖြင့် ရော၍ဖြစ်စေ စားသောက်ကြပါသည်။ ထိုမှတစ်ဆင့်ကြီးလာသော မျှစ်စို့ပေါက်မှ ဝါးအဖြစ် အသွင်ပြောင်းပြီး လူအများက ဝါးကို အမျိုးမျိုးအသုံးပြုကြပါသည်။ ဝါးကို အိမ်တိုင်၊ အခင်း၊ အိမ်၏ အမိုးအကာအဖြစ်လည်းကောင်း၊ အခြားလူအသုံးအဆောင်ပစ္စည်းများအဖြစ်လည်းကောင်း အသုံးပြုကြပါသည်။ ဝါးပင်၏ အမြစ်ပိုင်းကို ဆေးလိပ်သောက်ရာတွင် အသုံးပြုသော ဆေးအိုးတံများ၊ တောင်ဝှေးခေါင်းနှင့် အလှအပ ပစ္စည်းအဖြစ် အသုံးပြုခြင်း၊ ပင်စည်ပိုင်းကို လူတို့အတွက်အသုံးဝင်သည့် လူ့အသုံးအဆောင်ပစ္စည်းများအဖြစ် အသုံးပြုခြင်းတို့အပြင် အဖျားပိုင်းရှိ ဝါးရွက်များကို နွားစာအဖြစ်လည်း အသုံးပြုကြပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ မီးလောင်အုပ်စု၊ ကိုးကွင်းစဉ်ရွာတွင် ဝါးကုလားထိုင် အတို/အရှည်များကို လုပ်ငန်းရှင် (၄)ဦးတို့မှထုတ်လုပ်ရောင်းချကြောင်း သိရပါသည်။
ဝါးကုလားထိုင်လုပ်ငန်းအခြေအနေ လေ့လာတွေ့ရှိချက်
ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ ကိုးကွင်းစဉ်ရွာတွင် ဝါးကုလားထိုင်လုပ်ငန်း လုပ်ကိုင်သူ ဦးသန်းထွန်းက ဝါးကုလားထိုင်လုပ်ကိုင်ရာတွင် လုပ်သားအရေအတွက် (၇၅)ဦးရှိပြီး၊ တစ်နေ့လျှင် လုပ်သားတစ်ဦး လုပ်အားခရငွေမှာ (၄၅၀၀-၅၀၀၀)ကျပ်ခန့် ပေးချေရသည်ဟု သိရပါသည်။ လုပ်သားတစ်ဦးလျှင် တစ်နေ့လျှင် ဝါးကုလားထိုင် (၃)လုံးခန့် ပြုလုပ်နိုင်ပြီး လိုအပ်သောဝါးများကို မကွေးတိုင်း၊ ကံမမြို့မှ ဝယ်ယူ၍ ပြုလုပ်ရကြောင်း သိရပါသည်။ ဝါးကုလားထိုင် တစ်လုံးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ (၂၀၀၀)ကျပ်ခန့် ကုန်ကျပြီး ကုလားထိုင်တစ်လုံးရောင်းရငွေမှာ (၄၅၀၀)ကျပ် ခန့်ရှိကြောင်း သိရပါသည်။ ကုလားထိုင်တစ်လုံး၏ အသားတင်အကျိုးအမြတ်မှာ (၂၀၀၀)ကျပ်ခန့် ရရှိကြောင်း သိရပါသည်။ ရွှေတောင်မြို့မှထွက်ရှိလာသော ဝါးကုလားထိုင်များကို ဝါးလည်ကျေးရွာရှိ ရန်ကုန်၊ ပြည်ကားလမ်းဘေးတွင် အထိုင်ချ၍ ရောင်းချကြသဖြင့် အဝေးပြေးကားဖြင့် ခရီးသွားကြသော ခရီးသွားပြည်သူများ၊ ကိုယ်ပိုင်ကားဖြင့် ခရီးသွားကြသော ပြည်သူများက ဝယ်ယူကြသလို ကုန်တင်ကားများဖြင့်လည်း ဝယ်ယူကြပြီး အနီးအနားရှိ မြို့ရွာများသို့လည်းသွားရောက်၍ ရောင်းချကြောင်းသိရပါသည်။ ဝါးကုလားထိုင်များကို တစ်ဒိုင်လျှင် တစ်နေ့အလုံး(၂၀)ခန့် ရောင်းချရကြောင်း သိရှိရပါသည်။
သုံးသပ်တင်ပြချက်
ထိုသို့ဝါးကုလားထိုင်များသာမက တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် လူ့အသုံးအဆောင်ပစ္စည်းများကိုလည်း သေသပ်ခမ်းနားစွာ ပြုလုပ်ပြီး ရောင်းချနိုင်မည်ဆိုလျှင် အကျိုးအမြတ်များ ပိုမိုရရှိလာမည့် အပြင်ပြည်တွင်းရှိအလုပ်သမားများလည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည်ဖြစ်ပါသည်။ ဝါးပင်မှအစပြု၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ပြုလုပ်နိုင်မည်ဆိုလျှင် နိုင်ငံခြားသို့ တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိလာနိုင်သလို ပြည်တွင်းဈေးကွက်တွင်လည်း ဝင်ငွေများ ပိုမိုရရှိလာနိုင်မည်ဖြစ်ပြီး၊ ရွှေတောင်မြို့နယ်အနေဖြင့်လည်း ဝါးမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်သည့်မြို့နယ်အဖြစ် လူသိများလာနိုင်မှာလည်းဖြစ်သလို အမြတ်အစွန်းများ ပိုမိုရရှိလာနိုင်မည်ဆိုလျှင် လုပ်ငန်းရှင်အရေအတွက်လည်း ပိုမိုများပြားလာနိုင်မှာဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။
DOCA (ပဲခူး)