ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအားတွေ့ဆုံဆွေးနွေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှုးရုံးမှ ပြည်နယ်ဦးစီးမှူးသည် (၂၅-၄-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အတွင်း ကူးသန်းရောင်းဝယ်ရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေနှင့်စပ်လျဉ်း၍ ကယားပြည်နယ်ကုန်သည်များအပါအဝင် စက်မှုလက်မှုလုပ်ငန်းရှင် (၁၃) ဦးအား တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။ 

          အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနကဆောင်ရွက်ပေးနေရသည့် အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်အတွင်း စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များဖွံ့ဖြိုးမှုနှင့် ပူးပေါင်းဆောင်ရွက်ရသည့်အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်အတွင်း စက်မှုထုတ်ကုန်၊ စိုက်ပျိုးရေးထုတ်ကုန် အရည်အသွေးမြင့်မားစွာဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ မျိုးကောင်းမျိုးသန့်များဖြင့် စိုက်ပျိုးထုတ်ကုန်များထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးတို့အတွက် အသိပညာပေးနေမှုများအားလည်းကောင်း ရှင်းလင်းပြောကြားကာ ဆန်စပါးဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ သင့်လျော်သောအကြံဉာဏ်များလည်း ဆွေးနွေးနိုင်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်နယ်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာန၊ ကုန်သည်၊ လုပ်ငန်းရှင်၊ အသင်းအဖွဲ့များကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းနှင့် ဌာနအနေဖြင့် လိုအပ်သောအချက်အလက်များကို လိုအပ်သလို  ပူးပေါင်းကူညီဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသော လုပ်ငန်းရှင်များကလည်း လတ်တလောဒေသအခြေအနေအရ ကုန်သွယ်ရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများအားလုံးဆောင်ရွက်ရာတွင် အခက်အခဲရှိပါကြောင်း၊ ကူးသန်းရောင်းဝယ်မှုပြုရာတွင် ပိုမိုခက်ခဲပါကြောင်း၊ နိုင်ငံရေးနှင့်စီးပွားရေးသည် ချိတ်ဆက်ပါကြောင်း၊ ပြည်နယ်တည်ငြိမ်အေးချမ်းမှုရှိမှသာ စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်းများပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လက်ရှိအခြေအနေအရ ဆောင်ရွက်နိုင်မှုနည်းပါးပါကြောင်း၊ ပြည်နယ်၏စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် အစိုးရဌာန၊ အသင်းအဖွဲ့များနှင့် မိမိတို့စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသီးသီးပြန်လည်ဆွေးနွေးခဲ့ပါသည်။

DOCA(ကယား)