နှစ်ပေါင်း ၂၀ အတွင်း ကမ္ဘာ့ဆန်ဈေးကွက်၌ ရောင်းလိုအား အနည်းပါးဆုံး အခြေအနေရှိခြင်း

Powered by Drupal

      ကမ္ဘာတစ်လွှား၌ တရုတ်နိုင်ငံမှသည် အမေရိကန်ပြည်ထောင်စု၊ ၎င်းမှ ဥရောပသမဂ္ဂတို့ တိုင်အောင် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းပြီး ဈေးနှုန်းများမြင့်တက်လျက်ရှိရာ ကမ္ဘာ့ဆန်ဈေးကွက်သည် ၂၀၂၃ ခုနှစ်တွင် နှစ်ပေါင်း ၂၀ အတွင်း ဈေးကွက်ပြတ်လပ်မှု အကြီးမားဆုံးအခြေအနေအဖြစ် မှတ်တမ်းတင်ဖွယ်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၂-၂၀၂၃ ခုနှစ် အတွက် ကမ္ဘာ့ဆန်ဈေးကွက်၌ ရောင်းလိုအားလိုအပ်ချက်သည် တန်ချိန် ၈.၇ သန်းခန့်ရှိမည်ဟု ခန့်မှန်းရကြောင်း၊ ကမ္ဘာ့ဈေးကွက်၌ ရောင်းလိုအားလျော့နည်းမှုကြောင့် ဆယ်စုနှစ်များအတွင်း ဆန်ဈေးနှုန်း အမြင့်မားဆုံးသို့ မြင့်တက်စေနိုင်ကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း ဆန် ၁ ဟန္ဒြိတ်၏ ပျမ်းမျှဈေးနှုန်းသည် ၁၇.၃၀ ဒေါ်လာခန့်ရှိပြီး လက်ရှိအမြင့်တန်း၌ ရောက်ရှိနေသည့် ဆန်ဈေးနှုန်းများသည် ၂၀၂၄ ခုနှစ်တိုင် တည်ရှိနေဖွယ်ရှိကြောင်း၊ ကမ္ဘာ့ဆန်ဈေးကွက်၏ ဝယ်လိုအားနှင့် ရောင်းလိုအားသည် ၂၀၂၃-၂၀၂၄ ကာလမှသာ မျှခြေအနေအထားသို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ယင်းကာလ၌ ဆန်ထုတ်လုပ်မှုမှာ နှစ်စဉ် ၂.၅% ခန့် တိုးတက်မှုရရှိပြီး ဆန်ဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ်တွင် ၁၀% ပြန်လည်ကျဆင်းလျက် ၁ ဟန္ဒြိတ်လျှင် ၁၅.၅၀ ဒေါ်လာခန့် နှုန်းထားသို့ ရောက်ရှိမည်ဟု တွက်ဆရကြောင်းဖြင့် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့အခြေစိုက် ငွေကြေးနှင့်အာမခံလုပ်ငန်းတစ်ခုဖြစ်သော Fitch Solutions က ပြောဆိုပါသည်။

     ၂၀၀၃-၂၀၀၄ ခုနှစ်တွင် ကမ္ဘာ့ဆန်ဈေးကွက်၌ နောက်ဆုံးအကြိမ် ရောင်းလိုအား လျော့နည်းကွာဟချက် အကြီးမားဆုံး ဖြစ်ပေါ်ခဲ့ပြီး ထိုစဉ်က ဈေးကွက်လိုအပ်ချက် တန်ချိန် ၁၈.၆ သန်း ရှိခဲ့ကြောင်း၊ ယခုအကြိမ်၌ တရုတ်နှင့် ပါကစ္စတန်တို့ကဲ့သို့သော ဆန်စပါး အဓိကစိုက်ပျိုးသည့် နိုင်ငံများတွင် ရာသီဥတုဆိုးရွားမှုကြောင့် ထုတ်လုပ်မှုလျော့နည်းခြင်း၊ အမေရိကန်ပြည်ထောင်စု နှင့် ဥရောပသမဂ္ဂတို့တွင် နှစ်စဉ် ဆန်အထွက်နှုန်းမှာ ကျဆင်းလျက်ရှိခြင်းတို့က ရောင်းလိုအား အပိုင်း၌ လျော့နည်းမှုဖြစ်စေကြောင်း၊ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှစတင်၍ ဆန်ကွဲတင်ပို့မှု ပိတ် ပင် တားမြစ်ခဲ့သည့် အိန္ဒိယနိုင်ငံ၏ ကန့်သတ်ချက်သည်လည်း ကမ္ဘာ့ဆန်တင်ပို့မှုဈေးကွက်အပေါ် သက်ရောက်မှုရှိကြောင်း CNBC သတင်းဌာနက ဖော်ပြပါသည်။

    ကမ္ဘာ့ဆန်ဈေးကွက်၌ ရောင်းလိုအား လျော့နည်းကွာဟချက် ဖြစ်ပေါ်မှုက ကမ္ဘာ့ဆန် ထုတ် လုပ်မှု၏ ၉၀% ခန့်ကို စားသုံးလျက်ရှိသော လူဦးရေ ၃.၅ ဘီလီယံခန့်ရှိသည့် အာရှ-ပစိဖိတ်ဒေသအတွက် ဈေးနှုန်းမြင့်တက်မှုကို ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဆန်အဓိကတင်သွင်းသည့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် အာဖရိကနိုင်ငံများသည် သွင်းကုန်စရိတ်များ ကြီးမြင့်မှုကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

Source: CNBC News, 19 Apr 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)