ကသာခရိုင်အတွင်းရှိ ကုန်စုံဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းပို နှင့် အဖွဲ့သည် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများနှင့်အတူ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းသော ကုန်စည်များ အသုံးပြုနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ပင်လည်ဘူးမြို့နယ်၊ ပင်းကြိုင်းကျေးရွာတွင် လည်းကောင်း၊ ဒီဇင်ဘာလ(၁၇)ရက်နေ့တွင် ကောလင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်များ မုန့်ဆိုင်များတွင် လည်းကောင်း၊ ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် ထီးချိုင့်မြို့၊ မောင်းကုန်းစံပြကျေးရွာရှိ ကုန်စုံဆိုင်များတွင် လည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ထိုသို့ စစ်ဆေးရာတွင် သက်ဆိုင်ရာဌာနမှ အသိပေး ကြေငြာထားသည့် သုံးစွဲရန် မသင့်သော တားမြစ်ကုန်ပစ္စည်းများ၊ သက်တမ်းလွန်ပစ္စည်းများနှင့် ဆေးဝါးများ ရောင်းချမှု ရှိ/မရှိစစ်ဆေးခြင်း၊ ကိုဗစ်-၁၉ကာလအတွင်း စားသောက်ကုန်များ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး ရောင်းချသူ ဆိုင်ရှင်များအား ပြည်သူများအား ဘေးအန္တရာယ်ဖြစ်စေသော စားသောက်ကုန်များအား မရောင်းချကြရန်၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား (မြန်မာစာဖြင့်) ပြည့်စုံစွာဖော်ပြ၍ ထည့်သွင်းရောင်းချရန်နှင့် လိုက်နာခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

ကသာခရိုင်
စားသုံးသူရေးရာဦးစီးဌာန