အိန္ဒိယ၏ ဆန်တင်ပို့မှုမှာ ဝယ်လိုအားကောင်းမွန်မှုအရ ဆက်လက်ထိန်းသိန်းထားနိုင်ဖွယ်ရှိ

Powered by Drupal

အိန္ဒိယနိုင်ငံ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကောက်ပဲသီးနှံတင်ပို့မှုသည် ဝယ်လိုအားကောင်းမွန်မှုအရ စံချိန်တင်အရေအတွက်နှင့် တန်ဖိုးပမာဏ ရောက်ရှိခဲ့ရာ ဘာစမာတီမဟုတ်သောဆန်တင်ပို့သူ အိန္ဒိယကုန်သည်များသည် ထိုကဲ့သို့ တင်ပို့နိုင်မှုကို လက်ရှိဘဏ္ဍာနှစ်၌ ဆက်လက်ထိန်းသိမ်းထားနိုင်ရန် မျှော်လင့်လျက်ရှိကြသည်။

ဆန်တင်ပို့မှုတွင် အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ခြင်း၊ ဆန်ကွဲတင်ပို့မှုကို ပိတ်ပင်ထားခြင်း၊  ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ကဲ့သို့သော အာရှဝယ်လက်များ၏ ဝယ်ယူမှုကျဆင်းခြင်းစသည့် အခြေအနေများရှိသော်လည်း ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယ၏ ဘာစမာတီမဟုတ်သောဆန် တင်ပို့မှုမှာ တန်ချိန် ၁၇.၇၈ သန်း၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၆.၃၅ ဘီလီယံကျော်အထိ စံချိန်တင် ရောက်ရှိခဲ့သည်။ ယခင်နှစ်၌ ဘာစမာတီမဟုတ်သောဆန်တင်ပို့မှုမှာ တန်ချိန် ၁၇.၂၆ သန်းရှိပြီး တန်ဖိုးဒေါ်လာ ၆ ဒသမ ၁၂ ဘီလီယံရှိသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အိန္ဒိယ၏ ဆန်တင်ပို့မှုပမာဏစုစုပေါင်းမှာ တန်ချိန် ၂၂ ဒသမ ၂၈ သန်းရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၁.၁၃ ဘီလီယံကျော် ရရှိခဲ့သည်။

ဘီနင်၊ အိုင်ဗရီကော့ဗ်နှင့် ဆီနီဂေါ ကဲ့သို့သော အာဖရိကနိုင်ငံများမှ အိန္ဒိယ၏ ဘာစမာတီမဟုတ်သောဆန်အပေါ် ၀ယ်လိုအားမြင့်မားမှုသည် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ နီပေါနှင့် ဗီယက်နမ် တို့ကဲ့သို့ အာရှဖောက်သည်များထံမှ မှာယူမှု ကျဆင်းခြင်းကို ကာမိစေခဲ့သည်။

ဘီနင်နိုင်ငံသည် လွန်ခဲ့သည့်နှစ်က တန်ချိန် ၁.၅၂ သန်းဝယ်ယူမှုနှင့်  နှိုင်းယှဉ်ပါက ယခုနှစ်တွင် တန်ချိန် ၁.၅၅ သန်းကျော် ဝယ်ယူမှုဖြင့် အိန္ဒိယ၏ ဘာစမာတီမဟုတ်သောဆန်၀ယ်ယူမှု အများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ အိုင်ဗရီကော့ဗ်အနေဖြင့် ယခင်နှစ်တန်ချိန် ၀.၉၃ သန်းမှ ယခုနှစ် တန်ချိန် ၁.၂၁ သန်း၊ ဆီနီဂေါအနေဖြင့် ယခင်နှစ် တန်ချိန် ၁.၀၉ သန်းမှ ယခုတန်ချိန် ၁.၃၃ သန်း၊ တိုဂိုနိုင်ငံအနေဖြင့် ယခင်နှစ် တန်ချိန် ၀.၆၇ သန်းမှ ယခုနှစ်တန်ချိန် ၀.၉၄ သန်း အသီးသီး ဝယ်ယူခဲ့ကြရာ အာဖရိကနိုင်ငံများအနက် ဘာစမာတီမဟုတ်သောဆန် ၀ယ်ယူမှုအများဆုံး ဖြစ်လာကြသည်။ အိန္ဒိယနိုင်ငံမှ ဆန်ဝယ်ယူမှုကို တရုတ်နိုင်ငံသည် တန်ချိန် ၁.၆၃ သန်းမှ ၁.၅ သန်းသို့ လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တန်ချိန် ၁.၆၂ သန်းမှ ၀.၈၄ သန်းသို့ ထက်ဝက်နီးပါးမျှလည်းကောင်း လျှော့ချခဲ့ကြသည်။ အလားတူ နီပေါနိုင်ငံသည်လည်း ဆန်တန်ချိန် ၁.၃၈ သန်းမှ ၀.၇၆ သန်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့်လည်း ဆန်တန်ချိန် ၀.၇၀ သန်းမှ ၀.၆၄ သန်းသို့ အသီးသီး လျှော့ချဝယ်ယူခဲ့ကြသည်။ သို့ရာတွင် အိန္ဒိယနိုင်ငံအနေဖြင့် ယခင်နှစ်၌ သီးနှံအထွက်ကောင်းမွန်မှုမရှိသည့် ပါကစ္စတန်ထံမှ ဈေးကွက်ဝေစုကို ရယူနိုင်ခဲ့သည်။

အိန္ဒိယဆန်တင်ပို့သူများအသင်းဥက္ကဌ Mr. BV Krishna Rao က အိန္ဒိယဆန်အပေါ် ဝယ်လို အားကောင်းလျက်ရှိသဖြင့် ယခုနှစ်တွင်လည်း တူညီသောတင်ပို့မှုပမာဏနှင့်တန်ဖိုးကို ထိန်းသိမ်းထားနိုင်မည်ဟု မျှော်လင့်ထားကြောင်းနှင့် အိန္ဒိယ၏နေရာတွင် အစားထိုးနိုင်မည့် ဆန်တင်သွင်းသူ အခြားနိုင်ငံမရှိကြောင်း ပြောဆိုပါသည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ဆန်ကုန်သွယ်မှု၏ ၄၅ ရာခိုင် နှုန်းခန့်ကို ထောက်ပံ့ပေးလျက်ရှိသည်။

ယခင်နှစ်၌ ပို့ကုန်အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ထားသော်လည်း အိန္ဒိယဆန် ဝယ်လိုအားမှာ ကောင်းမွန်ဆဲဖြစ်ကြောင်း၊ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်၌ ဆန်တန်ချိန် ၂၂ သန်း တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံရရှိခဲ့ပြီး ယခင်နှစ်တွင် အလားတူ ဆန်ပမာဏတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ရရှိခဲ့ကြောင်း၊ တန်ဖိုးမြင့်တက်မှုမှာ အစိုးရ၏ ပို့ကုန်အပေါ် အခွန်စည်းကြပ်မှုကြောင့်ဖြစ်ကြောင်း၊ လာမည့်မုတ်သုံရာသီတွင် အယ်နီညိုဖြစ်နိုင်ချေရှိသော စိုးရိမ်မှုများနှင့် ပတ်သက်၍ ရောင်းလိုအားအပေါ်  သက်ရောက်မှုမရှိနိုင်ကြောင်း၊ ပြီးခဲ့သည့်နှစ်က အိန္ဒိယအရှေ့ပိုင်းရှိ ဘီဟာနှင့် အနောက်ဘင်္ဂလားဒေသများတွင် မိုးရွာသွန်းမှု အားနည်းခဲ့သော်လည်း တီလန်ဂါနာ အပါအဝင် အခြားပြည်နယ်များတွင် ရောင်းလိုအားမြင့်တက်ခဲ့ခြင်းကြောင့် အကျိုးသက်ရောက်မှု မရှိခဲ့ကြောင်းဖြင့် Mr. Rao က ပြောကြားခဲ့သည်။

Source: The Hindu Business Line, May 02, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)