အိန္ဒိယနိုင်ငံ၌ ပန်းသီးတင်သွင်းမှုအား တားမြစ်ကန့်သတ်

Powered by Drupal

အိန္ဒိယနိုင်ငံတွင် ပန်းသီးတင်သွင်းမှုများသည် ပြည်တွင်း၌ ထုတ်လုပ်သောပန်းသီးများ၏ဈေးနှုန်းကို လျော့နည်းကျဆင်းစေခဲ့ပါသည်။ သို့ဖြစ်ရာ နိုင်ငံအတွင်းသို့ ပန်းသီးတင်သွင်းမှုကို ယခင်က ကင်းလွတ်ခွင့်ပြုထားရာမှ ယခုတားမြစ်ကန့်သတ်လိုက်ကြောင်း အိန္ဒိယအစိုးရက မေလ ၈ ရက်၊ တနင်္လာနေ့တွင် အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့သည်။

အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ အဆိုပါ အမိန့်ကြော်ငြာစာအရ တင်သွင်းမည့် ပန်းသီး၏ ဆိပ်ကမ်းအရောက်တန်ဖိုး CIF ဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ရူပီး ၅ဝ သို့ မဟုတ် ယင်းဈေးနှုန်းအောက် လျော့နည်းပါက အိန္ဒိယပြည်တွင်းသို့ တင်သွင်းခွင့်ပြုမည် မဟုတ်ကြောင်း၊ သို့ရာတွင် ယခုကဲ့သို့ အနိမ့်ဆုံးထားတင်သွင်းရမည့် CIF ဈေးနှုန်း သတ်မှတ်ချက်သည်   ဘူတန်နိုင်ငံမှ တင်သွင်းမည့် ပန်းသီးများအတွက် အကျုံးဝင်မှုမရှိကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံသည် ပန်းသီးကို တူရကီ၊ အီတလီ၊ အီရန်နှင့် ချီလီနိုင်ငံတို့မှ အဓိကတင်သွင်း မှုရှိပြီး ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၈၅.၁ သန်းဖိုး တင်သွင်းခဲ့ကြောင်း၊ ၂၀၂၂-၂ဝ၂၃ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလအထိ ပန်းသီးတင်သွင်းမှု တန်ဖိုးမှာ ဒေါ်လာ ၂၆ဝ.၃၇ သန်းရှိကြောင်း သိရှိရပါသည်။

ပြည်ပမှတင်သွင်းမှုက ပြည်တွင်းပန်းသီးဈေးနှုန်းများကို လျော့နည်းကျဆင်းစေခဲ့သဖြင့် ကက်ရှ်မီးယားဒေသရှိ ပန်းသီးစိုက်တောင်သူများက အီရန်နိုင်ငံမှ ပန်းသီးများတင်သွင်းမှုကို ပိတ်ပင်ပေးရန် တောင်းဆိုခဲ့ကြသည်။ ပန်းသီးများတင်သွင်းရာတွင် အိန္ဒိယအစိုးရသည် ဆိပ်ကမ်းကန့်သတ်ချက်များကို ၂ဝ၁၈ ခုနှစ်၌ ဖယ်ရှားပေးခဲ့ပြီး ပန်းသီးတင်သွင်းမှုကို ကောလ်ကတ္တား၊ ချန်နိုင်း၊ မွန်ဘိုင်းနှင့် ကိုချင်း မြို့များရှိ ဆိပ်ကမ်းများ၊ လေဆိပ်များနှင့် ဒေလီမြို့ရှိ ပြည်တွင်း ကုန်းလမ်းဆိပ်ကမ်းနှင့် လေဆိပ်များမှတစ်ဆင့် တင်သွင်းခွင့်ပြုခဲ့သည်။ ထို့နောက် နယ်စပ်ဒေသများမှလည်း ပန်းသီးတင်သွင်းမှုကို ခွင့်ပြုခဲ့ပါသည်။

Source: Economic Times, 8 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)