သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဓနုဖြူ ရွှေမြင့်မိုရ် ဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

           စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးမှ ဦးဇော်မင်း၊ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်မင်းစိုးနှင့်  အဖွဲ့ဝင်များသည်  ဓနုဖြူမြို့နယ်၊ ထန်းပင်ကွေ့ကျေးရွာရှိ ရွှေမြင့်မိုရ်ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက်(၅.၅.၂၀၂၂) နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။

            ရွှေမြင့်မိုရ်ဆန်စက်သို့  သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်သို့ တနေ့စပါး ဝင်ရောက်မှုအခြေအနေ၊ ဆန်စက်၏  ကြိတ်ခွဲထွက်ရှိမှုအခြေအနေ၊ ဆန်/စပါး ဈေးကွက်၊ ဈေးနှုန်း အခြေအနေများ၊ ကြိတ်ခွဲထွက်ရှိလာသော ဆန်များအား ရန်ကုန်သို့ တင်ပို့နေမှု အခြေအနေများ၊ ကုန်စည်၏ အရည်အသွေးပြည့်ဝစွာ ကြိတ်ခွဲထွက်ရှိစေရေး အသိပညာပေးမှုများ၊ ကုန်အညွှန်းအမှတ်အသားပါဝင်မှု ဖော်ပြမှုအခြေုအနေများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အလေးပေးဆောင်ရွက်ရန် ဆွေးနွေးပြီး ဆန်စက်ကြိတ်ခွဲလည်ပတ်မှု အခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စစ်ကိုင်းမြို့ပေါ်ရှိ ဆေးဆိုင်များသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး အသိပညာပေး

            စားသုံးသူပြည်သူများအား ဘေးဥပါဒ်ဖြစ်စေသောပစ္စည်းများ တရားမဝင်တင်သွင်း ရောင်းချခြင်းဖြင့် စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူကာကွယ်ရေးဥပဒေအပြင် သက်ဆိုင်ရာ ဥပဒေများအရ အရေးယူရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၄)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်တိုင်းရင်းဆေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူ မေလ ၆ ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှိ ဆေးဆိုင်(၅)ဆိုင်သို့ ကွင်းဆင်း၍ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က Online ပေါ်တွင် ရောင်းချနေသည့်အန္တရာယ်ရှိ ဆေးနှင့်ဆေးပစ္စည်းများနှင့် ပတ်သတ်၍ အဆိုပါဆေးဆိုင်များတွင် ရောင်းချခြင်းရှိ/မရှိစစ်ဆေးခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီတင်သွင်းလာသည့် မှတ်ပုံတင်ရရှိပြီးသော ဆေးနှင့်ဆေးပစ္စည်းများကိုသာ ရောင်းချကြစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျှက်ရှိရာ ( ၆.၅.၂၀၂၂ ) ရက်နေ့ (၁၃: ၀၀) နာရီအချိန်တွင် ရွှေဘိုမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်ဦးစီးမှူး ၊ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ခရိုင်ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခရိုင်တိုင်းရင်းဆေးမှူးအပါအဝင် ဝန်ထမ်း(၂)ဦးတို့ပူးပေါင်း၍ အန္တရာယ်ရှိ ဆေးနှင့်ဆေးပစ္စည်းများ ဈေးကွက်အတွင်းရောင်းချမှုရှိ/မရှိ ဈေးကွက်စောာင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ရွှေဘိုမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် အန္တရာယ်ရှိဆေးနှင့်ဆေးပစ္စည်းများ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်သွင်းထားခြင်းမဟုတ်သော ဆေးနှင့် ဆေးပစ္စည်းများ ရောင်းချခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

          ထို့နောက် ဆေးဆိုင်ပိုင်ရှင်များအား အန္တရာယ်ရှိဆေးနှင့် ဆေးပစ္စည်းများ မရောင်းချစေရေးနှင့် တရားဝင်တင်သွင်းပြီးမှတ်ပုံတင်ရရှိပြီးသည့် ဆေးနှင့်ဆေးပစ္စည်းမျာကိုသာ ရောင်းချကြစေရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့ပေါ်ရှိ ဆီစက်နှင့်တွဲလျက် ဆီအရောင်းဆိုင်များသို့ ကွင်းဆင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေး

            စားသုံးသူပြည်သူများ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ မေလ ၄ ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှိ ဆီစက်နှင့်တွဲလျက် ဆီအရောင်းဆိုင်(၅)ဆိုင်သို့ ကွင်းဆင်း၍ ဈေးနှုန်း/ ဈေးကွက် အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အသိပေးကြေညာချက်ဖြစ်သည့် စားအုန်းဆီများ ဖြန့်ဖြူးသယ်ဆောင်ရာတွင် ၂၀၂၂ခုနှစ် မေလ ၁ရက်နေ့မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်မည့် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များက ရန်ကုန်ဆီသိုလှောင်ကန်များမှ ဆီများကို ထုတ်ယူရာတွင် သတ်မှတ်ထားသည့် အဝါရောင် ပီပါအသစ် (သို့မဟုတ်) သန့်စင်ဆေးကြောပြီး အဝါရောင်ပီပါများဖြင့်သာ ထုတ်ယူခွင့်ပြုကြောင်း အသိပေးကြေညာချက်ကို ဆီလုပ်ငန်းရှင်များသို့ အသိပေးပြီး၊ နေပြည်တော်ရုံးချုပ်မှ ပေးပို့သည့် အသိပေးကြေညာချက်ကို လက်ကမ်းစာစောင်အဖြစ် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကသာခရိုင်အတွင်းရှိ ဌာနဆိုင်ရာများအား စားသုံးသူကာကွယ်ရေး အသိပညာပေး

            ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲနှင့် စီမံကိန်းဆိုင်ရာညှိနှိုင်းအစည်းအဝေးကို ၂၀၂၂-ခုနှစ် မေလ(၅)ရက်နေ့တွင် ကသာမြို့၊ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူး၊ ဦးငြိမ်းချမ်းသူ(လ/ထညွှန်ကြားရေးမှူး)က တက်ရောက်လာသော ကသာခရိုင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများအား စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉-ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ (၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံး သူကာကွယ်ရေးနည်းဥပဒေကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာ စာအမှတ်(၉/၂၀၂၂)ဖြင့် ပြဌာန်းပြီးဖြစ်ကြောင်း ဦးစွာပထမ မိတ်ဆက်ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးမှ တက်ရောက်လာသော ဌာနဆိုင်ရာများအား စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသော စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်သည့် အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြစ်ကြီးနားမြို့အတွင်းရှိ ဆေးဆိုင်များနှင့် စတိုးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး(၂)ဦးသည် ၆.၅.၂၀၂၂ ရက်နေ့တွင် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြစ်ကြီးနားမြို့အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များ၊ စတိုးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။     

          ထိုသို့ကွင်းဆင်းရာတွင် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registraction No. များဖော်ပြထားခြင်းမရှိသည့် Bella Plus အမှတ်တံဆိပ်Plasterများ ဈေးကွက်အတွင်း ရောင်းချခြင်းရှိမရှိအား ကွင်းဆင်းစစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။

DOCA(ကချင်)

စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

              (၈-၅-၂၀၂၂)နေ့ နံနက် (၈:၀၀)နာရီ အချိန်တွင် မင်းပြားမြို့ မြိုနယ် စီမံအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ (၈-၅-၂၀၂၂)ရက်‌နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း (၅၃)ဦးတက်ရောက်ခဲ့ကြပါသည်။

             အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ မင်းပြားမြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်းက တက်ရောက်လာကြသူများအား  စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍အသိပညာဗဟုသုတများရရှိစေရေးနှင့် စားသုံးသူများအနေဖြင့် မိမိတို့ရရှိနိုင်သည့် အခွင့်အရေးများအား တောင်းဆိုတတ်စေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေး ဟောပြောခြင်းဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေကို (၁၅-၃-၂၀၁၉)နေ့တွင် ပြဌါန်းခဲ့ပြီး စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်း‌ဒေသကြီး/ပြည်နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ပြဌာန်းချက်တွင် စားသုံးသူအခွင့်အရေး(၈)ချက်နှင့်  တာဝန်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုဝယ်ယူသုံးစွဲရာတွင်  စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍  တိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) ဖွင့်လှစ်ထားရှိမှု၊ စားသုံးသူများအနေဖြင့် မိမိတို့သိရှိလိုသည်များကို မေးမြန်းစုံစမ်းရန်နှင့် တိုင်ကြားမှုဆောင်ရွက်နိုင်သည့် Consumer Call Center ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာ‌ဆောင်ရွက်ရမည့်တာဝန်များ၊ ကုန်ပစ္စည်းထုတ်လုပ်ရာ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ တားမြစ်ချက်များ၊ ပြစ်မှု/ပြစ်ဒါဏ်များအား အသိပညာပေးဆွေး‌နွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

ကုန်အညွှန်းအမှတ်အသားဖော်ပြစေရေး အသိပညာပေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ငပိတောင်း၊ ငပိကြော်လုပ်ငန်း လုပ်ကိုင်သူ လုပ်ငန်းရှင် ကိုရဲရင့်ကျော်သည် ၄.၅.၂၀၂၂ ရက်နေ့တွင် ငပိထောင်း၊ ငပိကြော်များ ထုတ်ပိုးရောင်းချနိုင်ရေး ငပုတောမြို့နယ်တာဝန်ခံအား လာရောက်တွေ့ဆုံကြောင်း သိရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ငပုတောမြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်စန်းမှ ထုတ်ပိုးရောင်းချသော ကုန်စည်များနှင့်ပတ်သက်၍ ငပိထောင်း၊ ငပိကြော်လုပ်ငန်းလုပ်ကိုင်လိုသူ လုပ်ငန်းရှင်အား ထုတ်ပိုးရောင်းချသောကုန်စည်များ၏ ကုန်အမှတ်တံဆိပ်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံရန်အတွက် စားသုံးသူရေးရာဦးစီးဌာနသို့ အတည်ပြုလျှောက်ထားနိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) အခန်း(၁၈)တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းတွင် ပါဝင်သောကုန်စည်၏ တံဆိပ်အမှတ်အသား၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ပါဝင်ပစ္စည်း၊ ဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိုတင်သတိပေးချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရေကြည်မြို့နယ်ရှိ မုန့်ဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများ ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံ ဒေါ်ချယ်ရီမြင့်နှင့် ၀န်ထမ်းများသည် (၃.၅.၂၀၂၂)ရက်နေ့ နံနက် (၁ဝး၃၀)နာရီတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့သစ်ရပ်ကွက်ရှိ မုန့်မျိုးစုံရောင်းချသောဆိုင် (၄)ဆိုင်သို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         အဆိုပါ မုန့်မျိုးစုံရောင်းချသောဆိုင်များရှိ မုန့်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်များပြည့်စုံစွာ ပါ၀င်ခြင်းရှိ/မရှိစျေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့များနှင့် စစ်ဆေးခဲ့ရာသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားနှင့် ကိုက်ညီမှုရှိကြောင်း တွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်ခြင်း

         ရှမ်းပြည်နယ်(မြောက်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ  ဦးစီးအရာရှိ ဒေါ်ခင်မာကြည်သည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Showအား (၄.၅.၂၀၂၂) ရက်နေ့ နံနက်(၁ဝး၀၀)နာရီအချိန် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုအသိပညာပေး Talk Show မှတဆင့် စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် မိမိတို့၏အခွင့်အရေးများ သိရှိထားရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် လိုက်နာရမည့် အချက်များ၊ ဌာနမှ စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေခြင်းနှင့် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိခဲ့ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအား အသိပညာပေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ