သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပခုက္ကူမြို့တွင် အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်ခြင်း

             ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၇) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ “အခမ်းအနားမှူး သင်တန်း”ဖွင့်လှစ်ခဲ့ရာ အခမ်းအနားတွင် ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်မှ အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။

         ဆက်လက်၍ သင်တန်းမှူးဦးစီးအရာရှိ ဒေါ်ချိုချိုမာမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့ရာ မိမိတို့ဌာနရည်ရွယ်ချက်ဖြစ်သည့် ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ ပညာပေးရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အခမ်းအနားများကျင်းပရာတွင် အစီအစဉ်ကျစေရန် ဖွင့်လှစ်ရခြင်းဖြစ်ပြီး အခမ်းအနားမှူးများတွင်ရှိရမည့် အဓိကအရည်အချင်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကို သိရှိလိုက်နာဆောင်ရွက်တက်စေရန်နှင့် အခမ်းအနားမှူးကောင်း တစ်ယောက်မှာ “သ” သုံးလုံးကျေရမည်ဖြစ်ကြောင်းများကို သိရှိစေရန် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း‌ ပြောကြားခဲ့ပါသည်။ သင်တန်းကို သင်ကြားပေးရာတွင် သင်တန်းသူများအား ဂရုစိုက်နိုင်စေရေးအတွက် သင်တန်းသူ(၁၁)ဦး ကိုသာ လက်ခံခဲ့ကြောင်း စာတွေ့နှင့်လက်တွေ့ဆောင်ရွက်နိုင်ရန်အတွက် သင်တန်းကာလမှာ(၂)ရက် ဖွင့်လှစ်မည်ဖြစ်ပြီး နံနက်(၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီထိနှင့်နေ့လယ်(၁၃:၀၀)နာရီမှ (၁၄:၀၀)နာရီထိ သင်ကြားပေးသွားမည်ဖြစ်ပါသည်။ အဆိုပါသင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အိမ်တွင်းမှုအသက်မွေးဝမ်းကျောင်းမှ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

 

နန့်စော်လော်ကျေးရွာအတွင်းရှိ စားသုံးသူများအား အသိပညာပေးဟောပြော

                ကချင်ပြည်နယ် ၊စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝဒမ်းခေါင်ဗေးဇီ(အကြီးတန်းစာရေး) သည် ၁၄.၇.၂၀၂၂ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နန့်စော်လော်ကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

         စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ် ၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်း၊ ကုန်စည်ဆိုသည်မှာ စားသုံးသူကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူများအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ သို့မဟုတ် စားသုံးခြင်းပြုသောအရာဝတ္ထုကိုဆိုလိုကြောင်း၊ ယင်းစကားရပ်တွင် ငွေရေးကြေးရေးဆိုင်ရာ လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း၊ အစုရှယ်ယာ၊ ငွေချေးလက်မှတ်၊ ငွေးကြေးစသည့် ကိစ္စရပ်များတွင်လည်းပါဝင်ကြောင်း၊ ဝန်ဆောင်မှုဆိုသည်မှာ လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှု အသွင်ဖြင့် စားသုံးသူ၏လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ ဖြည့်ဆည်းပေးသည့် ဆောင်ရွက်မှုကိုဆိုလိုကြောင်း စသည့်အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

အလှကုန်ပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း (စစ်ဆေးရေးမှူး)သည် ၁၄.၇.၂၀၂၂ ရက်နေ့တွင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဗန်းမော်မြို့အတွင်းရှိ လက်လီ၊ လက်ကားရောင်းချနေသော အလှကုန်ပစ္စည်းဆိုင်၊ စတိုးဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လက်လီ/လက်ကား ရောင်းချဖြန့်ဖြူးနေသော အလှကုန်ပစ္စည်းဆိုင်များတွင် ကုန်အမှတ်တံဆိပ်များ၊ အလှကုန်ပစ္စည်းများကိုတုပ၍ တရားမဝင် ဖြန့်ဖြူးရောင်းချနေခြင်း ရှိ မရှိ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် ပါရှိခြင်း ရှိ မရှိနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတင်းအချက်အလက် ပြည့်စုံ မှန်ကန်စွာဖော်ပြထားမှု ရှိ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။

DOCA(ကချင်)

 

မြစ်ကြီးနားမြို့ရှိ၊ အလှကုန်ပစ္စည်းအရောင်းဆိုင်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

              စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ဦးစီးအရာရှိ)၊ ဦးကိုကိုစိုး(ဦးစီးမှူး)တို့သည် ၁၄.၇.၂၀၂၂ ရက်နေ့ ၁၀:၀၀နာရီအချိန်တွင် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း၍ မြစ်ကြီးနားမြို့၊ စည်ပင်သာယာဈေး(၁)ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များ၊ ခေမာသီရိရပ်ကွက်ရှိ အလှကုန်ပစ္စည်း Online Shop တို့တွင် ရောင်းချနေသော အလှကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချမှု ရှိစေရန်အတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတင်း အချက်အလက် ပြည့်စုံမှန်ကန်မှုရှိမရှိ၊ သက်တမ်းလွန်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှု ရှိ မရှိ၊ သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထောက်ခံချက်များပါဝင်ခြင်း ရှိ မရှိတို့ကို ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

DOCA(ကချင်)

ကျိုက်လတ်မြို့နယ်ရှိ အုန်းဆံကြိုးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်မှမြို့နယ် တာဝန်ခံ ဦးတင်စိန်နှင့်ဝန်ထမ်းတို့သည် ဇူလိုင်လ (၁၁)ရက်‌နေ့၊ နံနက်(၁၀:၀၀)နာရီတွင် အုန်းဆံကြိုး လုပ်ငန်းသို့ကွင်းဆင်း၍ အုန်းဆံကြိုးထုတ်လုပ်မှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား လုပ်ငန်းရှင်ဦးနိုင်လင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းတွင် ထုတ်လုပ်နေမှုအခြေအနေများအား မေးမြန်းရာ အုန်းဆံကြိုးပြုလုပ်ရာတွင် အုန်းခွံလှေတစ်စီးကိုယခင်က (၁၅၀၀၀/)ကျပ် ပေးဝယ်ရပြီး၊ ယခုအချိန်တွင် အုန်းခွံလှေတစ်စီးကို (၂၅၀၀၀)ကျပ်  ပေးဝယ်ရကြောင်း၊ အလုပ်သမားအနေဖြင့် ယခင်ကအလုပ်သမားတစ်ဦးကို တစ့်လျှင် အလုပ်သမားခ(၃၀၀၀)ကျပ်ပေးရပြီး၊ ယခုအခါတွင်(၅၀၀၀)ကျပ်ပေးရပါသည်။ အုန်းဆံကြိုး လုပ်ငန်းမှ ထွက်ရှိသော အုန်းဆံကြိုးခွေများ၊ ခြေသုတ်ခုံများပြုလုပ်ပြီးသည့်အထိ ယခင်နှစ်နှင့်မတူ ယခုနှစ်တွင်ကုန်ကြမ်းဝယ်ယူရာ၌ ဈေးပိုပေးရသောကြောင့် အမြတ်ငွေနည်းနည်းသာကျန်ရှိပါကြောင်း၊ အုန်းဆံ ကြိုးခွေများကို ယခင်က မြို့ကြီးများတွင် တိုက်တာအဆောက်အဦများ ဆောက်လုပ်ရာတွင် အသုံးပြုများခဲ့ပြီး။ ယခုအခါ အဆောက်အဦဆောက်လုပ်ရာတွင် အုန်းဆံကြိုးများကိုအသုံးပြုမှုနည်း ပါးလာသဖြင့်၊ အုန်းဆံကြိုးဈေးကွက်အနေဖြင့် မရှိသလောက်ဖြစ်ပြီး လုပ်ကိုင်သူများအနေဖြင့်လည်း နည်းပါးလာပါကြောင်း လုပ်ငန်းရှင်ဦးနိုင်လင်းထံမှ သိရသည်။

DOCA(ဧရာဝတီ)

ကြို့ပင်ကောက်မြို့နယ်တွင် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုသင်တန်း ကျေးရွာများသို့ ကွင်းဆင်းဟောပြောခြင်း

         ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ်အတွင်း  ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ တိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ပြီး စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ ကုန်ထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာအုပ်စု (၄၉) အုပ်စု ၊ ကျေးရွာ (၂၇၇)ရွာအနက် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကျေးရွာ (၃၀)အား ( ဧပြီ  ၊ မေ ၊ ဇွန်)လများတွင် အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

          ယခု ဇူလိုင်လပထမပတ်တွင် ကျောက်ဝအုပ်စု ၊ ကျောက်ဝကျေးရွာ ၊ ကျွန်းနက်ကုန်းအုပ်စု ၊ ရွှေပန်းတောကျေးရွာနှင့် ကန်ကြီးအုပ်စု တောရကျေးရွာတို့မှ တောင်သူ၁၁၀ ဦးတို့အား စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အေးအေးမွန်နှင့် ဒေါ်အေးအေးမော်တို့သည် စားသုံးသူကာကွယ်ရေး ဥပ‌ဒေပါ အကြောင်းအရာများနှင့် ဌာန၏ ယခုကာလတွင် ပြုလုပ်နေရသည့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများအကြောင်း ၊ စားသုံးသူများ ဝယ်ယူသုံးစွဲသည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာပါရှိမှသာ ဝယ်ယူသုံးစွဲကြရန် ၊ နစ်နာမှုများရှိလာပါက တိုင်ကြား နိုင်သည့် နည်းလမ်းများကို ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့၌ စားသုံးသူသိကောင်းစရာ Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်

           ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်တာဝန်ခံနှင့် လက်ပံတန်းမြို့နယ် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ (၈.၇.၂၀၂၂ )ရက်နေ့ ၊ နံနက် (၁၀: ၀၀) နာရီအချိန်တွင် ပြန်/ဆက်ဦးစီးဌာန၊ Community Center တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ် ကျင်းပပြုလုပ်ခဲ့ပါသည်။

          လက်ပံတန်းမြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုမှ ဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ အကြောင်း ၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈)ပါ ကုန်စည်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ထုတ်လုပ် ရောင်းချရန် ၊ ဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် အခန်း (၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် အချက်များ ၊ ဆောင်ရန်ရှောင်ရန်များကို ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

သာယာဝတီခရိုင် နွေစပါးများ ရိတ်သိမ်းပြီးစီးမှုနှင့် မိုးစပါးများ စိုက်ပျိုးပြီးစီးမှု အခြေအနေ

         ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်အတွင်းတွင် နွေစပါး စိုက်ဧက (၈၀၆၉၆)ဧကရှိရာ အားလုံး ရိတ်သိမ်းပြီးစီးပြီး ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေး စာရင်းဇယားများအရ သိရှိရပါသည်။ ယခုနှစ်တွင် မိုးစပါး စိုက်ဧက (၆၇၄၄၂၆) စိုက်ပျိုးရန် လျာထားလျက်ရှိပြီး  ရေတော်မိုးတော်ကွင်း စိုက်ဧက ( ၅၃၉၈၀၃) ၊ ရေကြီးကွင်း (၅၇၂၉၂) ဧက ၊ ရေနက်ကွင်း (၄၄၈၃၃) ဧက ၊ သဲဆန်ကုန်းကြောကွင်း (၂၆၉၁၉) ဧက စသည်ဖြင့် ရေမြေသဘာဝအလိုက် ခရိုင်ချုပ်စိုက်ပျိုးပြီးစီးမှု စုစုပေါင်း (၆၆၈၈၄၇) စိုက်ပျိုး ပြီးစီးကြောင်း သိရှိရပါသည်။

          သာယာဝတီခရိုင်တွင် အဓိကထား စိုက်ပျိုးထားသော စပါးမျိုးများအနက် မနောသုခ ၊ ဆင်းသုခ၊ ကရင်မထိပ်စောင်း စပါးမျိုးများကို အများဆုံး စိုက်ပျိုးလေ့ရှိပါသည်။ တောင်ပျံမွှေး စပါးမျိုးများကို နတ်တလင်းမြို့နယ်တွင်သာ စိုက်ပျိုးလေ့ရှိပါသည်။ စိုက်ပျိုးမှု နည်းစနစ်မှ ကြဲခင်းစနစ်ကိုသာ အများဆုံး စိုက်ပျိုးကြပြီး ပျိုးထောင်၍ စိုက်ပျိုးရသော ကောက်စိုက်စနစ်ကို စိုက်ပျိုးခြင်း နည်းပါးကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

                                               

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဆီစက်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

          ပဲခူးတိုင်းဒေသကြီးအတွင်း ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုပိုမိုတိုးတက်လာစေရေး၊ ပြည်ပမှ စားသုံးဆီတင်သွင်းမှုများ လျှော့ချ၍ ပြည်တွင်း၌ စားသုံးဆီများတိုးတက်ထုတ်လုပ်နိုင်ခြင်းအားဖြင့် နိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချနိုင်ရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးသူ တောင်သူများ အကျိုးစီးပွားဖြစ်ထွန်းစေရေး ၊ စားသုံးဆီကဏ္ဍဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ (၈)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆီစက်လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြီးခဲ့သည့် နှစ်အတွင်း ဆီထွက်သီးနှံ နေကြာကို ဧက(၈)ထောင်ခန့် စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့ပါကြောင်း၊ ပြည်တွင်း ထုတ်လုပ်မှုအနေဖြင့်လည်း ခေတ်စနစ်ဖြင့် ကိုက်ညီသော ထုတ်လုပ်မှု စနစ်များ ဖြစ်ပေါ်လာစေရေး စီစဉ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်း၌ စားသုံးဆီဖူလုံမှု ရှိစေရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့ စိုက်ပျိုး ထုတ်လုပ်နိုင်ရန် ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်း၌ စားသုံးဆီ ပိုမိုထုတ်လုပ်နိုင်ရေး၊ ထုတ်လုပ်သည့် စားသုံးဆီများ ဈေးကွက်ဝေစု ပိုမိုရရှိရေး၊  ပြည်တွင်း ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေး၊   အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဆီထွက် သီးနှံကဏ္ဍ (Supply Chain) ဖွံ့ဖြိုး တိုးတက်လာစေရေးနှင့် နိုင်ငံခြားငွေ အသုံးပြုမှု လျော့နည်း သက်သာစေရေး စသည့် ရည်မှန်းချက်များ ထားရှိကာ အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ၊ အခြေခံစားနပ်ရိက္ခာဖူလုံမှုရှိစေရေးအတွက် မိမိတို့တိုင်းဒေသကြိးအတွင်း ဆီထွက်သီးနှံဖြစ်သည့် မြေပဲ ၊ နှမ်း ၊ နေကြာများအား တိုးချဲ့စိုက်ပျိုးရန် စီစဉ်ထားပြီးဖြစ်ပါကြောင်း ၊ မိမိတို့တိုင်းဒေသကြီးအတွင်းထွက်ရှိသည့် ဆီထွက်သီးနှံများကို ကြိတ်ခွဲထုတ်လုပ်နိုင်ရေးအတွက် ဆီစက်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ဆီစက်များအား စက်စွမ်းအားပြည့်ကြိတ်ခွဲနိုင်ရန်အတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရန်နှင့် အခက်အခဲများအား ပွင့်ပွင့်လင်းလင်းတင်ပြရန် ပြောကြားခဲ့ပါသည်။

           ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးက ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု ၊ တိုင်းဒေသကြီးအတွင်း ထွက်ရှိလာမည့် နေကြာသီးနှံများ ဈေးကွက်ရရှိရေးနှင့် ကြိတ်ခွဲ ထုတ်လုပ်နိုင်မည့် အခြေအနေများကိုလည်းကောင်း၊ ထွက်ရှိလာမည့် ဆီထွက်သီးနှံများမှ ဆီကြိတ်ခွဲထုတ်လုပ်ရာတွင် လိုအပ်လာနိုင်သည့် အဆင့်မြင့် စက်ကိရိယာများ၏ ဈေးကွက်/ ဈေးနှုန်း အခြေအနေများကို လည်းကောင်း ၊ ပဲခူးတိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာ ခရိုင်/ မြို့နယ်အလိုက် သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချ ပေးနိုင်ခဲ့မှု အခြေအနေ များကို power point ဖြင့်အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွား‌ရေးရာဝန်ကြီးမှ ဖြည့်စွက်ရှင်းလင်းခဲ့ပါသည်။

          ပြီးနောက် ဆီစက်လုပ်ငန်းရှင်များမှ  မိမိတို့ အနေဖြင့် စက်များ အရည်အသွေးပြည့်မီစေရေး ၊ တောင်သူများအား ချေးငွေများ ထုတ်ချေးပေးမှုအပြင် မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးနိုင်စေရေး ၊ စိုက်ပျိုးသူ တောင်သူများ ဆီထွက်သီးနှံအလေအလွင့်လျှော့နည်းစေရန် ရိတ်သိမ်းချိန်လွန် နည်းပညာများနှင့်  သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနများ၌ အခြောက်ခံစက်များ ထားရှိပေးနိုင်ရေးတို့ကို အသီးသီးတင်ပြခဲ့ရာ သက်ဆိုင်ရာဌာနဆိုင်ရာများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ (၁၀)ဦး  ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆီစက်လုပ်ငန်းရှင်း (၃၀)ဦး ၊ စုစုပေါင်း (၄၀)ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ဒိုက်ဦးမြို့  ကံ့ကော်ရိပ်ကိုယ်ပိုင် အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြော

         ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်သည် ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆောင်သော အဖွဲ့ဝင်များနှင့်အတူ ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်၊ ကံ့ကော်ရိပ် ကိုယ်ပိုင် အထက်တန်းကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

              ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောပြီး ကလေးငယ်များ ဗဟုသုတဖြစ်ဖွယ်ရာ ပုံပြင်များကို အဖွဲ့ဝင်များက သရုပ်ဖော်တင်ဆက်ပေးပါသည်။

              ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်က စားသုံးသူ အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများ၊ ကုန်စည်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဖတ်ရှုသင့်သည့်အကြောင်းများ၊ ရက်လွန်မုန့်များကို ဝယ်ယူစားသောက်ခြင်းမပြုသင့်ပုံများကို ဟောပြောခဲ့ပါသည်။

              အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ  (၁၂၇)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ