သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လွိုင်ကော်မြို့ပေါ်ရှိ စက်ဆီ/ ချောဆီ အရောင်းဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း

          ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ မေ လ (၁၀)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ရွှေတောင်ရပ်ကွက်နှင့် မင်္ဂလာရပ်ကွက်ရှိ စက်ဆီ၊ ချောဆီဆိုင်များ၌ စက်ဆီ/ ချောဆီများ တရားမဝင် တင်သွင်းရောင်းချနေမှုများကို လျော့နည်းပပျောက်စေရန် ဈေးကွက်အတွင်းရောင်းချမှု ရှိ/မရှိကို စက်ဆီ၊ ချောဆီ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

         ထိုသို့ ဆောင်ရွက်ရာတွင် လွိုင်ကော်မြို့ပေါ်ရှိ ရွှေတောင်ရပ်ကွက်နှင့် မင်္ဂလာရပ်ကွက်ရှိ စက်ဆီ၊ ချောဆီဆိုင်များ၌ စက်ဆီ/ ချောဆီနှင့် ရေနံထွက်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် အရည်အသွေးပြည့်မီမှန်ကန်သည့် ပစ္စည်းများ သုံးစွဲခွင့်ရရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေး ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသော စက်ဆီ၊ ချောဆီများမရှိကြောင်း စိစစ်တွေ့ရှိရပြီး၊ ဆက်စပ်ရေနံထွက်ပစ္စည်းဘူးများပေါ်တွင် ခွင့်ပြုချက်ပေးထားသည့် Code အမှတ်အသား၊ လုပ်ငန်းရှင်၏အမည်၊ လုပ်ငန်းဌာန၊ ဖုန်းနံပါတ်နှင့် မိမိတို့ တင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုန်ပစ္စည်း၏ အရည်အသွေးကောင်းမွန်မှု၊ ထုတ်ပိုးမှုပုံစံတို့ကို ရေနံထွက်ပစ္စည်းကြီးကြပ်ရေး ဦးစီးဌာန(PPRD) မှ တရားဝင်ခွင့်ပြုထားသော ကုန်ပစ္စည်းများကိုသာ တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်းများပြုလုပ်ရန်နှင့် သတ်မှတ်ချက်များနှင့် မညီသော စက်ဆီ၊ ချောဆီများ ဈေးကွက်အတွင်း တွေ့ရှိပါက ရေနံနှင့်ရေနံ ထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရသော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရသော်လည်းကောင်း အရေးယူခံရနိုင်ကြောင်းကို ကွင်းဆင်းအသိပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

စားသုံးဆီများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြန့်ဖြူးသယ်ယူရောင်းချနိုင်ရေး စစ်ဆေးကြပ်မတ် ဆောင်ရွက်

              ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၆.၅.၂၀၂၂ ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ်ရှိ စားသုံးဆီကန်များသို့သွားရောက်၍ ပြည့်ပမှ တင်သွင်းလာသည့် စားသုံးဆီများအရည်အသွေးပြည့်မီရေး၊ ပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စားသုံးဆီတင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများ ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်းဖြန့်ဖြူးမည့် စားသုံးဆီ ထည့်သွင်းသည့်ပေပါများပေါ်တွင် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်‌ရေးကော်မတီမှ ခွင့်ပြုပေးထားသည့် သက်ဆိုင်ရာကုမ္ပဏီ၏ ကုန်အမှတ်တံဆိပ် (Logo)ပါ Cap Seal များ ချိတ်ပိတ်ထားခြင်း ရှိ/မရှိ ၊ သန့်စင်သော ပေပါ (Food Grade Clean Drum) များဖြင့်လည်းကောင်း၊ Food Grade Bowser Truck  ဖြင့်လည်း‌ကောင်း၊ ဆီလုပ်ငန်းရှင်များမှလည်း ဆီလာရောက်ထုတ်ယူရာတွင် သတ်မှတ်ထားသည့် အဝါရောင်ပေပါအသစ် (သို့မဟုတ်) သန့်စင်ဆေးပြောပြီး အဝါရောင် ပေပါများဖြင့်သာ သယ်ယူ/ထုတ်ယူခွင့်ပြုထားကြောင်း၊ အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေး ကြပ်မတ်ဆောင်ရွက်ခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ဟင်္သာတမြို့နယ်တွင် စားသုံးသူ စွမ်းဆောင်နိုင်မှု အညွှန်းကိန်း စစ်တမ်းများ ကောက်ယူ

             ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းများ ကောက်ယူခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ပြည်သူများ၏ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာ ဗဟုသုတနှင့် စွမ်းဆောင်ရည် မည်မျှရှိသည်ကို သိရှိနိုင်ရန်အတွက် စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်း စစ်တမ်းအား ကောက်ယူခြင်း ဖြစ်ပါ သည်။

            ထိုသို့ စစ်တမ်းကောက်ယူ ခြင်းကို (၂.၅.၂၀၂၂) နေ့၊ နံက် (၁၀:၀၀) တွင် ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွင်  ပြည်သူ (၂၂) ဦးကို စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဒု-ခရိုင်မှူး ဦးဆောင်သောအဖွဲ့မှလည်းကောင်း၊ (၄.၅.၂၀၂၂) နေ့၊ နံက် (၈:၀၀)တွင် ၊ ဟင်္သာတမြို့နယ်၊ အင်းဓဝယ်ကျေးရွာအုပ်စု၊ တောင်သူဦးတင်ရီ၏ သီးနှံသိုလှောင်ရုံတွင် ပြည်သူ (၁၄)ဦးကို စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့မှလည်းကောင်း၊ (၅.၅.၂၀၂၂) နေ့ ၊ နံက် (၈:၀၀) တွင် ဟင်္သာတမြို့၊ တာကလေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူ (၁၅)ဦးကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဒု-ခရိုင်မှူး ဦးဆောင်သောအဖွဲ့မှလည်းကောင်း၊ စစ်တမ်းများကောက်ယူခဲ့ကြောင်း သိရှိရပါသည်။

            စစ်တမ်းဖြေဆိုသူ ပြည်သူများမှလည်း တက်ကြွစွာ ပါဝင်ဖြေဆိုခဲ့ကြပြီး စားသုံးသူအခွင့်အရေးနှင့် ပတ်သက်သည့်သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

ဒေသတွင်းစီးပွားရေးလုပ်ငန်းဖွံဖြိုးတိုးတက်ရေး SMEs လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်ပေး

             နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် စက်မှုကုန်ထုတ်လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သကဲ့သို့ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် တပိုင်တနိုင်အသေးစားစီးပွားရေး လုပ်ငန်းများ တွင်တွင်ကျယ်ကျယ်လုပ်ကိုင်ခြင်းသည်လည်း ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် အရေးကြီးသောကဏ္ဍတစ်ခု ဖြစ်ပါသည်။

          သို့ဖြစ်ရာ (၁၁.၅.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် SMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျိုင်းတုံမြို့အမှတ်(၃) ရပ်ကွက်ရှိ ရွှေကျန်းမာ တံဆိပ် ဝက်/အမဲခေါက်လုပ်ငန်းရှင်အား လုပ်ငန်း လိုင်စင်သက်တမ်းတိုး ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ အမှတ်(၅)ရပ်ကွက်ရှိ Honey အမှတ်တံဆိပ် ပေါင်မုန့်/ကိတ်မုန့် လုပ်ငန်းရှင်အား သက်ဆိုင်ရာဌာန၏ ထောက်ခံချက် လက်မှတ်ရရှိရန် ကူညီချိတ်ဆက် ဆောင်ရွက်ပေးခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယပြည်နယ်ဦးစီးမှူးရုံးခန်းတွင် စီးပွားရေးလုပ်ငန်းရှင်များအား အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသိအမှတ်ပြုထောက်ခံချက်လက်မှတ် ပေးအပ်ခြင်းနှင့် ဒုတိယပြည်နယ်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်ဆောင်ရွက်ရန်အချက်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ ကျိုင်းတုံသည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်ကဒေသအတွင်း တပိုင်တနိုင်မိရိုးဖလာလုပ်ကိုင်ကြသော အသေးစားလုပ်ငန်းများဖြစ်သည့် ခေါက်စိန်ခြောက်(ခေါက်ဆွဲခြောက်) လုပ်ငန်း၊ အာလူးကြော်လုပ်ငန်း၊ ဝက်/အမဲခေါက်ကြော်လုပ်ငန်း၊ ပေါင်မုန့်/ကိတ်မုန့်လုပ်ငန်း၊ ယိုမျိုးစုံလုပ်ငန်းတို့ကိုလည်း သက်ဆိုင်ရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသိအမှတ်ပြုထောက်ခံချက်လက်မှတ်ရရှိရန် ကူညီချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။

DOCA(ရှမ်း)

စားအုန်းဆီများ ဖြန့်ဖြူးသယ်ဆောင်ရောင်းချခြင်း၊ ဟင်းသီးဟင်းရွက်ဆီ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေး

             စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ခုနှစ်၊ မေလ (၁၁) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး၌ ဈေးကွက်အတွင်း ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများ ဖြန့်ဖြူးသယ်ဆောင်ရာတွင် လုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များနှင့် ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ လုပ်ငန်းရှင်များလိုက်နာ ဆောင်ရွက်နိုင်ရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက် ခဲ့ပါသည်။

             ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သီရိမင်္ဂလာဈေးအတွင်း စားအုန်းဆီ လက်ကားဖြန့်ဖြူးရောင်းချသော ဆိုင်များအား ရန်ကုန် ဆီသိုလှောင်ကန်များမှ ဆီများ ထုတ်ယူသော စားသုံးဆီများအား Food Grade အဆင့်ရှိ  အဝါရောင် ပေပါအသစ် (သို့) သန့်စင်ပြီး ပေပါအဟောင်း၊ စားသုံးဆီ သီးသန့်သယ်ဆောင်သော ဘောက်ဆာယာဉ်များနှင့် သန့်စင်ပြီး  Food Grade Tank များသို့ သာ ဆီဖြည့်သွင်းပေးမည်ဖြစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှု့မရှိသည့် ပေပါများ ၊ ဘောက်ဆာ ယာဉ်များအတွင်းသို့ ဆီဖြည့်သွင်းပေးမည် မဟုတ်ကြောင်း၊ စားသုံးဆီ ရောင်းချသောဆိုင်များတွင် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) နှင့်စပ်လျဉ်း၍လည်း ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် အမှတ် ၁/ ၂၀၂၁ နှင့် စပ်လျဉ်း၍ အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ကယား)

 

ပုသိမ်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့် အသိပညာပေးခြင်း

               ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးရည်ရွယ်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

             ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ မေလ ၁၀ ရက်နေ့၊ နံနက် ၁၀ နာရီတွင် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ကံ့ကော်သောက်ရေသန့်စက်ရုံသို့သွားရောက်၍ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍  စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊  အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့် ပတ်သက်၍ ကုန်စည်များပေါ်တွင်  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့ကို စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဗန်းမော်မြို့ရှိဆေးနှင့်ဆေးပစ္စည်းဆိုင်၊ စတိုးဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

               ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၁၂.၅.၂၀၂၂ ရက်နေ့ နံနက် ၁၀:၃၀ နာရီအချိန်တွင် ဗန်းမော်မြို့တွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များ၊ စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

              ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စည်များထည့်သွင်းရောင်းချသည့် ဘူးများ၊ အထုပ်များ၊ အိတ်များ၏အပေါ်တွင် ကုန်အညွှန်းအမှတ်အသားကို စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ဖော်ပြထားခြင်းရှိ၊ မရှိနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ရောင်းချ သည့်ကုန်စည်အခြေအနေ ကိုက်ညီမှု ရှိမရှိစစ်ဆေးဆောင်ရွက်ခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာရမည့်တာဝန်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်စည်အုပ်စုအလိုက် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

ပုသိမ်ခရိုင်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ၊ မရှိဈေးကွက် စောင့်ကြည့်စစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်မှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး မေလ ၈ရက် နံနက် ၁၀ နာရီတွင် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့သစ်ရပ်ကွက်ရှိ မုန့်မျိုးစုံအရောင်းဆိုင်များအား ကုန်အညွှန်း အမှတ်အသားပြည့်စုံမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            အဆိုပါဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့်ပတ်သက်၍ ကုန်စည်များပေါ်တွင်  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုအခြေအနေတို့ကို သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့နယ် မွေးမြူရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် တာဝန်ခံနှင့်အဖွဲ့သည် (၉.၅.၂၀၂၂) ရက်နေ့ နံနက်(၉:၀၀) တွင် စောပြာအုပ်စု၊ လှော်ကထားကျေးရွာ ဦးဂျမား၏နေအိမ်၌ မွေးမြူရေးလုပ်ငန်းရှင် (၁၂)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

        ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးမှ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) အကြောင်း၊ ဥပဒေတွင်ပါရှိသော အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊  အခန်း(၂၃)ပါ တားမြစ်ချက်များတို့ကို ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့ တရားမဝင်ဆေးပစ္စည်းများ ဈေးကွက်အတွင်းရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့် အဖွဲ့သည် ခရိုင်တိုင်းရင်းဆေးဦးစီးဌာန၊ ခရိုင်စည်ပင်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၁.၅.၂၀၂၂) ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့ပေါ်ဆေးဆိုင်များသို့သွားရောက်၍ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

         ကွင်းဆင်းစစ်ဆေးရာ၌ Online ပေါ်တွင် အကိုက်အခဲရောဂါပေါင်းစုံ ပျောက်သည်ဟုဆိုကာ ရောင်းချနေသောဆေးများ ရောင်းချမှု ရှိ/မရှိ၊ စားသုံးသူပြည်သူများ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေရေးတို့အတွက် မြန်မာနိုင်ငံတွင်လည်း တရားဝင်ဆေးဝါးမှတ်ပုံတင်ထားခြင်း မရှိသော ဆေးပစ္စည်းများ တင်သွင်းရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး တင်းသွင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ