သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပဲခူးခရိုင် ၊ ဝေါမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းကို Talk Show အစီအစဉ်ဖြင့် ဆောင်ရွက်

           ပဲခူးတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးခရိုင် ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်သည် (၁၆.၅.၂၀၂၂)ရက်နေ့ ၊ နံနက် (၁၀: ၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဝေါမြို့နယ် ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ် ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

          ယင်းအစီအစဉ်တွင် ဒိုက်ဦးမြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်များ ၊ ရည်မှန်းချက်များ ၊ ရည်ရွယ်ချက်များနှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းခြင်း ၊ မြန်မာနိုင်ငံစားသုံးသူကော်မရှင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်အမျိုးအစားပေါ် မူတည်ပြီး အဓိကပါဝင်ရမည့် အချက်များကို မဖြစ်မနေ ဖော်ပြရန် ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ၊ တားမြစ်ချက်များနှင့် ပြစ်မှု  ၊ ပြစ်ဒဏ်များကို သိရှိလိုက်နာစေရန် ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက လွယ်ကူလျှင်မြန်စွာ တိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ ( Consumer Information and Complaint Center- CICC) ကို ခရိုင်ဦးစီးမှူးရုံးများတွင် ဖွင့်လှစ်ထားရှိကြောင်းကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဒိုက်ဦးမြို့  ၊ သရက်တောကျေးရွာတွင် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ နည်းပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

             ပဲခူးတိုင်း‌ဒေသကြီး ၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီး၍ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍  ကျင်းပပြုလုပ်သော စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ နည်းပညာပေးဆွေးနွေးပွဲအား ၁၀.၅.၂၀၂၂ ရက်နေ့၊ နေ့လည်  ၂:၀၀ နာရီအချိန်တွင် ဒိုက်ဦးမြို့နယ်၊ သရက်တောကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးများ ရရှိအောင် ဆောင်ရွက်နေမှုများ ၊ ကုန်စည်နှင့်ဝန်ဆောင်များနှင့်ပတ်သက်၍ သိထားရမည့်အချက်များ ၊ စားသုံးသူအငြင်းပွားမှုနှင့် ပတ်သက်၍ တိုင်ကြားလာမှုများကို ဖြေရှင်း ဆောင်ရွက် ပေးမှုများ ၊ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိသင့်သည့်အချက်များ ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်သည့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ ( Consumer Information and Complaint Center- CICC) ကို ခရိုင်ဦးစီးမှူးရုံးများနှင့် မြို့နယ်တာဝန်ခံရုံးများတွင်  ဖွင့်လှစ်ထားရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

                 အဆိုပါ နည်းပညာပေးဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံနှင့် ဒေသခံတောင်သူများ တက်‌ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

DOCA(ပဲခူး)

ရွှေကျင်မြို့နယ်အတွင်း တရားမဝင်စက်ဆီ/ချောဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၃.၅.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရွှေကျင်မြို့နယ်အတွင်း စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ ဖြန့်ဖြူးရောင်းချနေသည့် အရောင်းဆိုင်များတွင် အတုအပ ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးမှ လုပ်ငန်းရှင်များအား စက်ဆီ၊ချောဆီနှင့် ဆက်စပ် ရေနံထွက်ပစ္စည်း အတုအပများ ဈေးကွက်အတွင်းရှိနေသည့်အတွက် သတိပြုဝယ်ယူ၍ ရောင်းချရန်၊ သုံးစွဲရန်မသင့်သော အရည်အသွေးညံ့သည် စက်ဆီ၊ချောဆီများကို တရားဝင် ခွင့်ပြုချက် လိုင်စင်မရှိဘဲ ရေသန့်ဘူးများတွင် ထည့်ရောင်းခြင်းမပြုရန်၊ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက် ပစ္စည်းများ ရောင်းချမည်ဆိုပါက စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ ရောင်းချရန်နှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

ကျောက်တံခါးမြို့နယ်တွင် ဆပ်ပြာခဲများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည်  (၄.၅.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင်  ကျောက်တံခါးမြို့ စည်ပင်သာယာဈေးအတွင်းရှိ ပြည်တွင်း၌ ထုတ်လုပ် ရောင်းချနေပြီး အသုံးပြုမှုအနေဖြင့်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသုံးပြုနေသည့် ကုန်စည်ဖြစ်သော ဆပ်ပြာခဲများတွင် ကပ်နှိပ်ထားသည့် ကုန်အညွှန်း အမှတ်အသားပါ အလေးချိန်ဖော်ပြချက်နှင့် အမှန်တကယ်ကိုက်ညီမှု ရှိ/မရှိကို ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကုန်မျိုးစုံရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ရမည့် တာဝန်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များက ပြန်လည် မေးမြန်းခဲ့သည့် အကြောင်းအရာများကိုလည်း  ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သနပ်ပင်မြို့ ဈေးနှင့်ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များ၊ စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

            ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည်(၁၃.၅.၂၀၂၂ ) ရက်နေ့ ၊ နံနက် (  ၁၀ : ၀၀  ) နာရီအချိန်တွင် သနပ်ပင်မြို့နယ်အတွင်းရှိ ဈေးနှင့် ရပ်ကွက်တွင်းရှိ ဆေးဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

             ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် Online ပေါ်တွင် ရောင်းချနေသည့် အကိုက်အခဲရောဂါ ပျောက်သည်ဟုဆိုသော ရသေ့ဆေး (သို့) ထိုင်းတိုင်းရင်းဆေးများ ရောင်းချမှု ရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် မကိုက်ညီသည့်အပြင် ဆေးဝါးမှတ်ပုံတင် ရရှိထားခြင်း မရှိသော Bella Plus Plasterများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး ရသေ့ဆေး(ခေါ်) ထိုင်းတိုင်းရင်းဆေးသည် ထိုင်းနိုင်ငံ၏ FDA မှ ဘေးအန္တရာယ်ရှိ ဆေးအဖြစ် ထုတ်ပြန်ထားကြောင်း ဆေးဆိုင်ပိုင်ရှင်များ သိရှိနိုင်ရန်၊ ဆေးဆိုင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် မကိုက်ညီသော၊ သက်တမ်းလွန်ဆေးဝါးများ၊ အန္တရာယ်ရှိဟု ထုတ်ပြန်ထားသော ဆေးဝါးများ၊ ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ ရောင်းချခြင်းမပြုရန် ဆွေးနွေး ပြောကြား အသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဒိုက်ဦးမြို့နယ်၌ မြန်မာနိုင်ငံစားသုံးသူစွမ်းဆောင်မှု အညွှန်းကိန်းစစ်တမ်းကောက်ယူ

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်နှင့် ဝန်ထမ်းများသည် (၆.၅.၂၀၂၂) ရက်နေ့တွင် အမှတ် (၆)ရပ်ကွက် ၊ဈေးသစ်ကြီး၌ စားသုံးသူ ပြည်သူများ၏ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာရှိမှုနှင့် စွမ်းဆောင်ရည် မည်မျှရှိမှုတို့ကို သိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံစားသုံးသူစွမ်းဆောင်မှု အညွှန်းကိန်းစစ်တမ်းကောက်ယူခဲ့ပါသည်။

       ဈေးအတွင်းရှိ စားသုံးသူပြည်သူများက မိမိတို့၏ ထင်မြင်ယူဆချက်များအား လွတ်လပ်စွာ ဖြေကြားကြပြီး  မြို့နယ်တာဝန်ခံမှ ယခုလို လာရောက်ဖြေကြားကြသည့် လူကြီးမင်းများ၏ အချက်အလက်များကို ဤစစ်တမ်းအတွက်သာ အသုံးပြုမည်ဖြစ်ကြောင်း၊ ဖြည့်စွက်ထားသော အချက်အလက်များအား ပြင်ပကိစ္စရပ်များတွင် အသုံးပြုမည်မဟုတ်ဘဲ လုံခြုံစွာသိမ်းဆည်းထားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ စိတ်ချစွာဖြေကြားနိုင်ကြောင်း၊ အဆိုပါစစ်တမ်းတွင် မေးခွန်း (၄၃) ခုပါဝင်ပြီး ဖြေကြား‌ ရွေးချယ်ချိန် (၁၅) မိနစ်ခန့် ကြာမြင့်မည် ဖြစ်ကြောင်းနှင့် ယခုလိုပါဝင်ကူညီပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ပဲခူး)

ဒိုက်ဦးမြို့ မြို့မဈေးအတွင်း ဆေးမျိုးစုံရောင်းချသောဆိုင်များအား လိုက်လံစစ်ဆေး

              ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေး၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၁၃.၅.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဒိုက်ဦးမြို့ မြို့မဈေးကြီးအတွင်းရှိ ဆေးမျိုးစုံရောင်းချနေသော ဆေးဆိုင်များတွင် Bella Plus Plaster နှင့် အခြားအမှတ်တံဆိပ်ပါ Plaster များသည် ဆေးဝါးမှတ်ပုံတင် ရှိ/မရှိ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ နှင့် ရသေ့ဆေး (သို့) ထိုင်းတိုင်းရင်းဆေးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင် ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဝါးများ၏ ထုတ်လုပ်သည့်နိုင်ငံ ၊ ထုတ်လုပ်သည့် ကုမ္ပဏီ၊ တင်သွင်းသည်ကုမ္ပဏီ ဆေးဝါးမှတ်ပုံတင်အမှတ် နှင့် Registration No (IR) များ ဖော်ပြပါရှိသည့် ပစ္စည်းများကိုသာ ရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိပြီး ပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များကိုသာ ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဉပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာရမည့်တာဝန်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့မဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်တာဝန်ခံရုံးမှ  ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ စားသုံးသူ ပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက်  (၆.၅.၂၀၂၂) ရက်နေ့တွင် ပဲခူးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးဆောင်၍ ညောင်လေးပင်မြို့ မြို့မဈေး ဈေးရုံအောက်ထပ်၊ ဈေးအနောက်လမ်း၊ ဈေးအရှေ့လမ်းများ၌ ‌ရောင်းချ လျက်ရှိသော ဆေးဆိုင်များတွင် ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registration No.(IR) ဖော်ပြထားခြင်းမရှိသော ပလာစတာများ ဈေးကွက်အတွင်း တရားမဝင်ရောင်းချခြင်း ရှိ/မရှိ သွားရောက် စစ်ဆေးခဲ့ပါသည်။

          ထိုကဲ့သို့ သွားရောက်စစ်ဆေးရာတွင် ညောင်လေးပင်မြို့ (မြို့မဈေး)နှင့် ပြွန်တန်ဆာမြို့ (စည်ပင်သာယာ)ဈေးများရှိ ဆေးဆိုင်များတွင် ဘူဒီအကိုက်အခဲ ပျောက်ဆေး ပလာစတာ ၊ Balladonna အအေး ပလာစတာ ၊ Tigger Balm အကိုက်အခဲပျောက်ဆေး ပလာစတာ၊ Capsicum အပူပလာ စတာနှင့် ကြောကပ် ပလာစတာများကိုသာ ရောင်းချလျက်ရှိပြီး ၎င်းအမှတ်တံဆိပ်ပါ ပလာစတာ များတွင် ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registration No.(IR)များ ပါရှိပါသည်။  ညောင်လေးပင် မြို့ (မြို့မဈေး)နှင့် ပြွန်တန်ဆာမြို့ (စည်ပင်သာယာ)ဈေးများရှိ ဆေးဆိုင်များတွင် တရားမဝင် ပလာစတာများ ရောင်းချခြင်း မရှိဘဲ ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေ ပုဒ်မ (၄၁) အရ ကုန်အညွှန်း အမှတ်အသားများလည်း ပြည့်စုံစွာ ပါရှိသည့်အတွက် သုံးစွဲသူပြည်သူများအနေဖြင့် အထက်ဖော်ပြပါ ကုန်စည်များအား ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စိုက်ပျိုးရေး သုံးကိရိယာ၊ စိုက်ပျိုးရေးဆေးဝါးနှင့် ဓါတ်မြေဩဇာ ဆိုင်များတွင် ကုန်အညွှန်အမှတ်အသား ပြည်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော မအူပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ရေလဲ၊ ရွှေတောင်မှော်ကျေးရွာရှိ  စိုက်ပျိုးရေးသုံးကိရိယာ၊ စိုက်ပျိုးရေးဆေးဝါးနှင့် ဓါတ်မြေဩဇာ ဆိုင်များသို့ (၁၂.၃.၂၀၂၂) နေ့နံနက် (၀၉၀၀)နာရီအချိန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

            အဆိုပါ ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုတွင် မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးမှ စိုက်ပျိုးရေး သုံး ကိရိယာ၊ စိုက်ပျိုးရေးဆေးဝါးနှင့် ဓါတ်မြေဩဇာများနှင့် မျိုးစေ့ထုတ်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိရေး စားသုံးသူကာကွယ်ရေး ဥပဒေ၏ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပုဒ်မ ၄၁ ပါ ဥပဒေအကြောင်းများကို အကျယ်တဝင့်ဆွေးနွေး အသိပညာပေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူများ‌‌ဘေးကင်း လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဈေးကွက်များတွင် ဖြန့်ဖြူးရောင်းချလျှက်ရှိသော ကုန်စည်များ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ (၁၂.၅.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်တာဝန်ခံ ဦးဟာခေါဂေနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး ရေနံချောင်းမြို့မဈေးအတွင်း ရောင်းချနေသော ကုန်စည်များအား ဌာနမှသတ်မှတ်ထားသော ဥပဒေပါကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ထုတ်လုပ်ရောင်းချဖြန့်ဖြူး‌ ရောင်းဝယ်ဖောက်ကားသူ ဈေးဆိုင်ပိုင်ရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) တွင်ပါရှိသော စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်များနှင့်စပ်လျဉ်း၍အာမခံချက်ပေးခြင်း၊ ကုန်ညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များ၊ ပုဒ်မ (၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက် ဖြစ်စေရေးသားဖော်ပြထားသော ကုန်စည်များကိုသာ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ အခက်အခဲရှိပါက “စားသုံးသူရေးရာဦးစီးဌာန”သို့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/ ၂၀၁၉)လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ