သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ချောက်မြို့မစျေးနှင့် မကွေးကန်သာဈေးတို့၌ ပလတ်စတစ်လျော့ချရေးကွင်းဆင်းစစ်ဆေးခြင်းနှင့် ဆေးဆိုင်များတွင် အာနိသင် ပျက်စီးသောဆေးများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေးနှင့် မကွေးခရိုင်၊ မကွေးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်တစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနှင့် သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ (၁၀.၆.၂၀၂၄) ရက်နေ့တွင် ချောက်မြို့မစျေးနှင့် မကွေးကန်သာဈေးတို့တွင် ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်း မရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုပ်ပိုးသုံးစွဲစေရေး အသိပညာပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဆေးဆိုင်များတွင် ဆေးအာနိသင်ပျက်စီးသော Mixtard Insulin  ဆေးများရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။စျေးကွက်အတွင်းရှိ အသင့်စားခေါက်ဆွဲထုပ်များ၌ စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ သတ်မှတ်ချက်များနှင့် ပြည့်စုံမှန်ကန်စွာ ပါဝင်မှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ လိုက်လံကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

Fook Hink Paper Packing Limited လှိုင်းတွန့်စက္ကူပုံးထုတ်လုပ်သည့် စက်ရုံသို့သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း

   ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်တင်စိုး (ခရိုင်ဦးစီးမှူး) သည် ၁၄-၆-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် အမှတ်(၂၅၉/၂၆၀)၊ ငမိုးရိပ်လမ်း၊ ဝါးတစ်ရာစက်မှုဇုန်၊ ရွှေပြည်သာမြို့နယ်ရှိ Fook Hink Paper Packing Limited မှ လှိုင်းတွန့်စက္ကူပုံးထုတ်လုပ်သည့်  စက်ရုံပိုင်ရှင် Mr.Chen Gexing အား တွေ့ဆုံမေးမြန်းရာတွင် စက်ရုံ၌ လုပ်သားအင်အားအနေဖြင့် ကျား(၆၀)၊ မ(၆၀) ပေါင်း(၁၂၀)ဦးဖြင့် လုပ်ငန်းလုပ်ကိုင်လျက်ရှိပြီး ပြည်တွင်း၊ ပြည်ပမှ ကုန်ကြမ်းများအသုံးပြု၍ လှိုင်းတွန့်စက္ကူပုံးများထုတ်လုပ်ကာ နိုင်ငံခြားသို့တင်ပို့သော ကုမ္ပဏီများအတွက် အဆင့်မြင့်စက္ကူဘူးများထုတ်လုပ်သော ကုမ္ပဏီဖြစ်ပြီး တစ်လလျှင် နိုင်ငံခြားဖြစ် စက္ကူတန် (၅၀၀)၊ ပြည်တွင်းဖြစ် စက္ကူတန် (၅၀၀)အသုံးပြု၍ တစ်လလျှင် တန်(၁၀၀၀)စက္ကူပုံးထုတ်လုပ်ပါသည်။ ကုန်ကြမ်းအနေဖြင့် နိုင်ငံခြားဖြစ်စက္ကူ၊ ပြည်တွင်းဖြစ်စက္ကူ၊ ပုံနှိပ်မှင်၊ ကော်ရည်၊ ချုပ်ကလစ်တို့ကိုအသုံးပြုရပြီး ပြည်တွင်းဖြစ်စက္ကူနှင့် ကော်ရည်မှာ ပြည်တွင်း၌ဝယ်ယူရရှိပြီး နိုင်ငံခြားဖြစ်စက္ကူပုံနှိပ်မှင်နှင့် ချုပ်ကလစ်မှာ ပြည်ပမှ မှာယူခဲ့ရသည့်ပစ္စည်းများဖြစ်ပါသည်။ ကုန်ကြမ်းလက်ကျန်အနေဖြင့် နိုင်ငံခြားဖြစ်စက္ကူတန်(၅၀၀)၊ ပြည်တွင်းဖြစ်စက္ကူတန် (၁၀၀၀)၊ ပုံနှိပ်မှင်(၁)တန်ခန့်၊ ချုပ်ကလစ် တန်(၃၀)ခန့်သာကျန်ရှိ၍ ပြည်တွင်း၊ ပြည်ပမှ မှာယူရသောကုန်ကြမ်းမှာ (၁)လခန့်သာအသုံးပြုနိုင်ကြောင်း ကွင်းဆင်းစစ်ဆေးချက်များအရသိရှိရပါသည်။

DOCA(ရန်ကုန်)

အလှကုန်ပစ္စည်းအရောင်းဆိုင်များအား အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်လျာထားချက်များသတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိရာ အစားအသောက်၊ ဆေးဝါး၊ ရေသန့်အမျိုးမျိုးတို့သာမက အလှကုန်ပစ္စည်းများအားလည်း စစ်ဆေးလျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တာဝန်ခံသည် ဆက်စပ်ဌာနများဖြစ်သည့် အစားအ‌‌သောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်းပြီး (၁၃.၆.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တရားဝင်တင်သွင်းလာသော အလှကုန်ပစ္စည်းများ၊ ကုန် အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့်ပြည့်စုံသည့် အလှကုန်ပစ္စည်းများသာ ဆိုင်တင်ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ကုန်စည်အုပ်စု(၈)ခုတွင် ဖော်ပြပါဝင်ရမည့် အချက်အလက်များပါဝင်သည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး

ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုဦးစီးမှူးပါ ဝန်ထမ်း(၃)ဦး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဇင်မာအေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေါ်စိုးစန္ဒာကျော် (ဒု-ဦးစီးမှူး)၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးဌာနမှ ဦးကျော်သူရထွေး (လက်ထောက်အုပ်ချုပ်ရေးမှူး)ပါဝင်လျက် ရွှေပြည်သာမြို့နယ်၊ ပတ္တမြားဈေးတွင် ၁၄-၆-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၂:၁၀)နာရီအချိန်တွင် ဈေးတာဝန်ခံရုံး၌ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားသည့် ထုတ်ကုန်ပစ္စည်းများကိုသာဝယ်ယူရောင်းချရမည်ဖြစ်ကြောင်း၊ မိမိတို့ရောင်းချသည့် ကုန်ပစ္စည်းများအပေါ် တာဝန်ယူရမည်ဖြစ်ကြောင်းနှင့် စားသုံးသူများနစ်နာမှုရှိလျှင်လည်း တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

မကွေးမြို့ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား အဖွဲ့စုံဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဆက်စပ်ဌာနများဖြစ်သည့် အစားအ‌သောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်းပြီး (၁၂.၆.၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် မကွေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၉)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တရားဝင်တင်သွင်းလာသော ဆေးများ၊ အရည်အသွေးပြည့်ဝပြီး အာမခံချက်ရှိသော ဆေးဝါးများနှင့် ဆေးပစ္စည်းများကိုသာ ဆိုင်တင်‌ရောင်းချရန်၊ ဆေးနှင့်ဆေးပစ္စည်းများအား ဆေးအာနိသင်မပျက်ဆီးစေရန်၊ စနစ်တကျသိုလှောင်ထားရှိရန်နှင့် ဆိုင်ရှိ အရောင်းဝန်ထမ်းများအနေဖြင့် သက်တမ်းလွန်ဆေးဝါးများမရှိစေရေး အစဉ်အမြဲအလေးထား စစ်ဆေးရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ သတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာ ပါဝင်ဖော်ပြထားသော ဆေးနှင့်ဆေးပစ္စည်းများသာ ဆိုင်တင်ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအားကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မျိုးထွန်း၊ ဦးစီးမှူးပါ ဝန်ထမ်း(၃)ဦးတို့သည် ၁၄-၆-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၂၀) နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်ရှိ စားသုံးဆီရောင်းချသောဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် ရွှေပြည်သာမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဇင်မာအေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေါ်စိုးစန္ဒာကျော် (ဒု-ဦးစီးမှူး)၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးဌာနမှ ဦးကျော်သူရထွေး (လက်ထောက်အုပ်ချုပ်ရေးမှူး)နှင့် ပတ္တမြားဈေးမှ ဒု-တာဝန်ခံများပူးပေါင်းပါဝင်လျက် ရောနှောဆီများဖြစ်သော ရွှေနန်းထိုက်၊ ရွေတောင်၊ ရွှေရောင်းရင်းနှင့် လာဒ်ရွှင်အမှတ်တံဆိပ်များတွေ့ရှိရပြီး စားသုံးဆီအမျိုးမျိုးဖြစ်သော ရန်ကုန်၊ အမွေထွား၊ တော်ဝင်၊ Cook၊ Meizan၊ Louts၊ ရွှေအုံ၊ Sunar နှင့် Goody ဆီအမျိုးအစားအားလုံးတွင် အခန်း(၁၈)၌ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားတွင် ပါဝင်ရမည့်အချက်အလက်များ ပြည့်စုံစွာပါရှိ၍ အမှတ်တံဆိပ်မပြည့်စုံသော ကုန်ပစ္စည်းများကိုမရောင်းချကြရန် သတိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

မကွေးမြို့နယ်တွင် ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေး

       ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်အတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးရန် ရွေးချယ်သတ်မှတ်ထားသော ဦးစားပေးကုန်စည်(၁၀)မျိုးအနက် နေ့စဉ်စားသောက်မှုတွင် မပါမဖြစ် ထည့်သွင်းအသုံးပြု ရမည့် စားသုံးဆီအမျိုးမျိုးအား သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရန်နှင့် အရည်အသွေး မပြည့်မီသည့် စာသုံးဆီများသည် စားသုံးသူများကို ဘေးအန္တရာယ်ဖြစ်စေနိုင်သောကြောင့် ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးကို အထူးဦးစားပေး စျေးကွက်စောင့်ကြည့်စစ်ဆေးရကြောင်း သိရှိရပါသည်။

         အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို (၁၁.၆.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ အချိန်တွင် မကွေးမြို့၊ ကန်သာစျေးရှိ စားသုံးဆီရောင်းချသည့်ဆိုင်များအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စျေးကော်မတီဝင်များ ပူးပေါင်း စစ်ဆေးခဲ့ပြီး စားသုံးဆီအရောင်းဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အတူ ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ (Blended Oil)အဖြစ် ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့်အား မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့မှ အမိန့်အမှတ် (၂/၂၀၂၄)ပါ သတ်မှတ်ချက်များပြည့်စုံစွာပါဝင်မှသာရောင်းချရမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

သတ်မှတ်ရည်ညွှန်းဈေးဖြင့် စက်သုံးဆီများရောင်းချမှုရှိ/မရှိစစ်ဆေးခြင်း

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၄-၆-၂၀၂၄ ရက်နေ့တွင် ဗိုလ်တထောင်ခရိုင်အတွင်းရှိ ၃၆၀ဒီဂရီ(စက်ဆန်း)  Star Hight (စက်ဆန်း)၊  New Day (စက်ဆန်း)၊  High Way  (မင်္ဂလာတောင်ညွန့်)၊ Max  (သိမ်ဖြူ)၊  Max (သာကေတ)၊  Max (ကမာကြည်) စသည့် စက်သုံးဆီဆိုင်အရောင်းဆိုင်များသို့သွားရောက်၍ စက်သုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွက် စက်သုံးဆီပြတ်လတ်မှုမရှိစေရေး၊ စက်သုံးဆီဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုရန် စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချနေမှုအခြေအနေ၊ စက်သုံးဆီပြတ်လပ်မှုရှိ/မရှိ၊ (PPRD) စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏  နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချမှုရှိ/မရှိ၊ အချင်အတွယ်နှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိစစ်ဆေးခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချလျက်ရှိပြီး အချင်အတွယ်မှန်ကန်ကြောင်းစစ်ဆေးတွေ့ရှိရကြောင်း၊ စက်သုံးဆီလုပ်ငန်းရှင်အနေဖြင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများတင်သွင်းဖြန့်ဖြုးရောင်းချနေခြင်းကိုစိစစ်တွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီပြတ်လတ်မှုမရှိစေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုဘဲ  ဌာနကထုတ်ပြန်ထားသော စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် ညွှန်ကြားချက် များအတိုင်း လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း အသိပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)

 

မြို့သစ်မြို့နယ်အတွင်း စားသုံးဆီအရောင်းဆိုင်များအား ရှောင်တခင်စစ်ဆေး

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီမှ စားသုံးဆီအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် စားသုံးဆီများ၏ အရည်အသွေးများ၊ ရောနှောဆီများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရှောင်တခင် စစ်ဆေးခြင်းကို (၁၀.၆.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာများဖြစ်သည့် မြို့နယ် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာ ရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် တာဝန်ရှိသူများပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က စားသုံးဆီအ‌ရောင်းဆိုင်များရှိ ဟင်းသီး ဟင်းရွက်ဆီ (Blended Oil) အဖြစ်ရောစပ်ရာတွင် ဟင်းသီးဟင်းရွက်ဆီ တစ်မျိုးသည် အနည်းဆုံး (၄၀)ရာခိုင်နှုန်းသာဖြစ်ရန်၊ မည်သည့်အနံ့ကိုမျှထည့်သွင်းခြင်းမပြုရန်၊ တိရစ္ဆာန်အဆီနှင့် ဝါစေ့အဆီ များရောနှောအသုံးမပြုကြရန်၊ ရာခိုင်နှုန်းများသည့် ဆီအမျိုးအစားကို ဦးစားပေးဖော်ပြရန်၊ ကုန်အညွှန်းအမှတ်အသားများကို စနစ်တကျထားရှိရန်နှင့် စားသုံးဆီများ၏ အရည်အသွေးများ၊ မှတ်ပုံတင်အမှတ်အသားအတုများအား ရှောင်တခင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါ သည်။

DOCA(မကွေး)

 

 

မကွေးပွဲရုံနှင့် ရေနံချောင်းပွဲရုံတို့တွင် ကြက်သွန်နီအရောင်းအဝယ်ဖြစ်မှု အခြေအနေ

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးစျေးကွက်အတွင်း စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီစျေးနှုန်းများ တည်ငြိမ်လျက်ရှိပါသည်။ ဇွန်လ(ပထမပတ်)တွင် ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၁၆၀၀-၁၈၀၀-၂၁၀၀)ရှိခဲ့ပြီး ဇွန်လ(ဒုတိယပတ်)တွင် ယခင်(ပထမပတ်) စျေးနှုန်းအတိုင်း ပြောင်းလဲခြင်းမရှိကြောင်း၊ ရေနံချောင်း၊ ပခုက္ကူ၊ မြစ်သားတို့မှ ဝယ်ယူကြောင်း၊ ကြက်သွန်နီများကို ပွဲရုံမှတစ်ဆင့် မင်းဘူး၊ သရက်၊ ကံမ၊ နတ်မောက်၊ ငဖဲမြို့များမှ ပြန်လည် ဝယ်ယူကြပြီး တစ်နေ့လျှင် ပိဿာချိန် (၁၀၀၀)ခန့်၊ တစ်ပတ်လျှင် တန်ချိန်(၉)တန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှ သိရှိရပါသည်။

   ရေနံချောင်းစျေးကွက်တွင်လည်း ဒေသထွက်ကုန်ဖြစ်သော ကြက်သွန်နီစျေးနှုန်းများမှာ ဇွန်လ(ဒုတိယပတ်)တွင် ယခင်(ပထမပတ်)အတိုင်း ကျပ်(၁၆၀၀-၁၈၀၀-၂၀၀၀)ဖြစ်၍ စျေးနှုန်း ပြောင်းလဲခြင်းမရှိကြောင်း၊ ကြက်သွန်နီများကို ရန်ကုန်၊ ပြည်၊ အောင်လံမြို့သို့ တင်ပို့ရောင်းချပြီး တစ်ရက်လျှင် ပိဿာချိန် (၁၀၀၀၀)ခန့်၊ တစ်ပတ်လျှင် တန်ချိန်(၉၇)တန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှသိရသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ