သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မော်လမြိုင်မြို့၊ အမှတ် (၁) အောက်ဈေးတွင် ကုန်အညွှန်း အမှတ်အသားညွှန်ကြားချက် (၂/၂၀၁၉) နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း

        ၁၄.၁.၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်း ဖြစ်သော မွန်ပြည်နယ်စားသုံးသူသမဂ္ဂတို့ပူးပေါင်း၍ မော်လမြိုင်မြို့ပေါ်ရှိ အမှတ် (၁) အောက်ဈေး တွင် စားသောက်ကုန်၊ အလှကုန်များရောင်းချသည့် ဈေးဆိုင်ပေါင်း (၆၀) ခန့်အား ကုန်အညွှန်း အမှတ်အသားညွှန်ကြားချက် (၂/၂၀၁၉) နှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်၊ ဆိုင်ရှင်များအား သိရှိ လိုက်နာ ဆောင်ရွက်နိုင်​ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ကလေးအလုပ်သမားပပျောက်ရေးနှင့် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဆွေးနွေးဟောပြောခြင်း

၁၃.၁.၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ကျိုက်မရောမြို့နယ် ပြန်ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးနှင့် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဆွေးနွေးဟောပြောခြင်းကို အထက (ချောင်းနှစ်ခွ) နှင့် အထက (တောင်ကလေး) ကျောင်းများ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနနှင့် မိတ်ဖက်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး

         ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင် (၆) ဆိုင်အား ဘေးဥပါဒ်အန္တရာယ် ဖြစ်စေနိုင်သော ဆေးဝါးများ၊ သုံးစွဲရန် မသင့်ကြေညာထားသော တရားမဝင်၊ လိုင်စင်မဲ့၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ၊ ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့်အညီ ဆေးဝါးများရောင်းချမှု ရှိ/မရှိကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဆေးဆိုင်(၄)ဆိုင်မှ သက်တမ်းလွန် ဆေးဝါးများ၊ လိုင်စင်မဲ့ဆေးဝါးများ တွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့ပါသည်။ ဆေးဆိုင်ပိုင်ရှင်အား အဆိုပါ ဆေးဝါးများကို အများပြည်သူသုံးစွဲမိပါက ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်ကြောင်းနှင့် သက်တမ်းလွန် ဆေးဝါးများအား သက်ဆိုင်ရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ အပ်နှံရန် အသိပညာပေးဆွေးနွေးခဲ့ပြီး သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများအား နောက်နောင် ရောင်းချခြင်းမပြုရန် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ၏ ရှေ့မှောက်တွင် ဝန်ခံကတိလက်မှတ်ရေးထိုးစေခဲ့ကြောင်း သတင်းရရှိပါသည်။

ရွှေဝယ်သား

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၌ ကွင်းဆင်းဟောပြောဆွေးနွေးခြင်း

            ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေး ချိုးဖောက်မှု မရှိစေရန်နှင့်ဘေးအန္တရာယ်ကင်းရှင်းစေရန် ရေးဆွဲဖော်ပြထားသော စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) အခန်း (၁၈) ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဒလမြို့နယ်အတွင်းရှိ ကုန်ပစ္စည်း ထုတ်လုပ်/ ဖြန့်ဖြူး/ ရောင်းချသူများသိရှိ လိုက်နာစေရန်အတွက် အသိပညာပေးဟောပြောပွဲ အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်၊ နံနက် (၉:၀၀) နာရီတွင် ဒလမြို့နယ် အောင်ဇေယျဈေးရှိ ဈေး တာဝန်ခံရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ  စားသုံးသူရေးရာဦးစီးဌာန၊ ဒလမြို့နယ်တာဝန်ခံ ဦးသိန်းမင်း (ဒု-ကြီးကြပ် ရေးမှူး) နှင့် အောင်ဇေယျဈေးတာဝန်ခံ ဦးအောင်သွင်ဦးတို့မှ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရပါသည်။

            စားသုံးသူရေးရာဦးစီးဌာန၊ ဒလမြို့နယ်တာဝန်ခံ ဦးသိန်းမင်းက စားသုံးသူကာကွယ်ရေးဥပဒေကို ရှင်းလင်းခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ရှင်းလင်းခြင်း၊ (CICC) ရုံးများသို့ တိုင်တန်းနိုင်မှုမျာအား စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခဲ့မှု အခြေအနေ တို့ကိုလည်းကောင်း အောင်ဇေယျဈေးတာဝန်ခံ ဦးအောင်သွင်ဦးမှ စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်း ချက်များနှင့် ညီညွတ်သော ကုန် ပစ္စည်းများကိုသာ ဈေးကွက်အတွင်းရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်များအား လေးစား လိုက်နာရန် လိုအပ်ကြောင်းဆွေးနွေးရာ ဈေးအတွင်း ဖြန့်ဖြူးရောင်းချ နေသူ လုပ်ငန်းရှင် (၁၇) ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။

            တက်ရောက်လာသော လုပ်ငန်းရှင်များမှ မေးမြန်းချက်များအား ဒလမြို့နယ်တာဝန်ခံမှ ပြန်လည် ဆွေးနွေးခဲ့ပြီး အောင်ဇေယျဈေးအတွင်းရှိ ဈေးဆိုင်များအား ထုတ်ကုန်လုံခြုံစိတ်ချမှု ရှိစေရေးအတွက် ကွင်းဆင်းပညာပေးလုပ် ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန

ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး

မန္တလေးမြို့၌ စားသုံးသူကာကွယ်ရေးနည်းဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍အများပြည်သူထံ သဘောထားရယူဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲ (Public Consultation Workshop for Consumer Protection Rules – Draft) ကျင်းပခြင်း

        စားသုံးသူကာကွယ်ရေးနည်းဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ အများပြည်သူထံ သဘော ထားရယူဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲ (Public Consultation Workshop for Consumer Protection Rules – Draft) ကို မန္တလေးမြို့ Hotel Hazel Mandalay တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ရက်နေ့ နံနက် ၉:၃၀ နာရီ အချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက အဖွင့်အမှာစကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ နှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

          ထို့နောက် နည်းဥပဒေမူကြမ်းရေးဆွဲရေး အဖွဲ့ခေါင်းဆောင် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်က နည်းဥပဒေမူကြမ်း ပြုစုရေးဆွဲထားမှုအခြေအနေနှင့်စပ်လျဉ်း ၍ ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်အောင် နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းရည်မွန်ဟန်တို့က နည်းဥပဒေ မူကြမ်း၏ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြ သူများမှ နည်းဥပဒေမူကြမ်းတစ်ပုဒ်ချင်းအလိုက် အသေးစိတ်ဆွေးနွေးမေးမြန်းပြီး တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မန္တလေးတက္ကသိုလ် ဥပဒေပညာဌာနမှတာဝန်ရှိသူများ၊ မြန်မာစားသုံးသူများသမဂ္ဂ၊ လူမှုရေး အသင်းအဖွဲ့များ၊ စီးပွားရေးအသင်းအဖွဲ့များမှကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်၊

အိမ်သုံးလျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများအတွက် စားသုံးသူကာကွယ်ရေး (ဘေးအန္တရာယ် လုံခြုံစိတ်ချရမှုလိုအပ်ချက်များ)ဆိုင်ရာ စည်းမျဉ်းဥပဒေများ ထုတ်ပြန်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊

အိမ်သုံးလျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများအတွက် စားသုံးသူကာကွယ်ရေး (ဘေးအန္တရာယ် လုံခြုံစိတ်ချရမှုလိုအပ်ချက်များ) ဆိုင်ရာ စည်းမျဉ်းဥပဒေများ ထုတ်ပြန်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း သည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၁၃) ရက်၊ သောကြာနေ့၊ နံနက် ၁၀:၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃) အစည်းဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဦးအောင်ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် အိမ်သုံးလျှပ်စစ်နှင့် အီလက်ထရောနစ် ပစ္စည်းများကြောင့် စားသုံးသူများ ဘေးအန္တရာယ်လုံခြုံစိတ်ချရမှု ရှိစေရေးမှာ နိုင်ငံအတွက် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် ASEAN EEEMRA (Asean Sectoral Mutal Recognition for Electrical and Electonic Equipment) နှင့် AHEEERR (Asean Harmonized Electrial and Electronic Equipment Regulatory Regime) အစီအစဉ်တို့တွင် ပါဝင်လက်မှတ်ရေးထိုးထားပါကြောင်း၊ အာဆီယံ ၁၀ နိုင်ငံအနက် Regulations ထုတ်ပြန်ရန် ကျန်သော သုံးနိုင်ငံမှာ မြန်မာ၊ လာအို နှင့် ဘရူနိုင်းတို့ ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန၊ စားသုံးသူကာကွယ်ရေးကော်မရှင်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့သည် စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီအမိန့်၊ ညွှန်ကြားချက် များနှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ဆောင်ရွက်လျက်ရှိပြီး နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် ARISE Plus ၏ နည်းပညာအကူအညီဖြင့် အိမ်သုံးလျှပ်စစ် ပစ္စည်းများအတွက် စည်းမျဉ်းဥပဒေများ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေပါကြောင်း၊ လျှပ်စစ်ကဏ္ဍသည် ကျယ်ပြန့်သည့် အတွက် နိုင်ငံတကာတွင် သက်ဆိုင်ရာဌာနများက ကဏ္ဍများခွဲ၍ တာဝန်ယူဆောင်ရွက်ကြသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ သို့ပါ၍ တက်ရောက်လာသည့်ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်နိုင်ကြစေရေး ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က မိမိတို့ဌာနအနေဖြင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးဆောင်ရွက်နေမှုများ၊ အာဆီယံစံချိန်စံညွှန်းနှင့် လိုက်လျောညီထွေ ရှိစေရေး လိုက်ပါဆောင်ရွက်မှု အခြေအနေများ၊ ပြည်ပမှ တင်သွင်းလာသော လျှပ်စစ်ပစ္စည်းများ၊ ပြည်တွင်းထုတ် လျှပ်စစ်ပစ္စည်းများအား စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးပေးလျက်ရှိသည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဒုတိယ အင်ဂျင်နီယာချုပ်က လျှပ်စစ်ဥပဒေနှင့် ပတ်သက်သော အချက်အလက်များနှင့် ၎င်းဌာနမှ ဆောင်ရွက် နေမှုများကို ဆွေးနွေးပါသည်။  ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ဆွေးနွေးရာတွင် မိမိတို့ဌာနသည် စံချိန်စံညွှန်းထုတ်ပြန်နိုင်ရေး Focal ဌာနဖြစ်ပါကြောင်းနှင့် လျှပ်စစ်ပစ္စည်းများနှင့်ပတ်သက်သော ထုတ်ပြန်ပြီးစံချိန်စံညွှန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဝေက နိုင်ငံတွင်း ကြုံတွေ့နေရသည့် လျှပ်စစ်ပစ္စည်းများနှင့် ပတ်သက်၍ စားသုံးသူထိခိုက်နစ်နာမှုများ၊ ARISE Plus အကူအညီဖြင့် Regulation မူကြမ်း ရေးဆွဲထားရှိမှု အခြေအနေများ၊ စားသုံးသူကာကွယ်ရေး ဥပဒေကို ကိုးကား၍ အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် ပတ်သက်၍ စားသုံးသူအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဆောင်ရွက် နိုင်မည့် အခြေအနေများ၊ Regulation မူကြမ်းပါ အချက်အလက်များ၊ ARISE Plus နှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ Regulation ထုတ်ပြန်ဆောင်ရွက်ပါက ရရှိလာမည့် အကျိုးကျေးဇူးများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အိမ်သုံးလျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများအတွက် စားသုံးသူကာကွယ်ရေး (ဘေးအန္တရာယ် လုံခြုံစိတ်ချရမှုလိုအပ်ချက်များ) ဆိုင်ရာ စည်းမျဉ်းဥပဒေများ အမြန်ဆုံး ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ရန် နှင့် Regulation များ ထုတ်ပြန်ရာတွင် ဝန်ကြီးဌာနများ အကြား တာဝန်ယူဆောင်ရွက်ရမည့် အပိုင်းကဏ္ဍများ ထပ်နေမှုမရှိစေရေး ဆက်လက်ညှိနှိုင်း ဆောင်ရွက် သွားကြရန် မှာကြားခဲ့ပါသည်။ 

အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဒုတိယအင်ဂျင်နီယာချုပ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြာရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အစည်းအဝေးကို (၁၁:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ နိုဝင်ဘာ ၁၅

                  “မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်” ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၁) နာရီအချိန်၌ နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဥက္ကဋ္ဌ  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြားသည်။

                  ရှေးဦးစွာပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင်  မိမိတို့ဝန်ကြီး ဌာနအနေနဲ့ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ ကုန်သွယ်မှုစေ့စပ်ညှိနှိုင်း ရေး၊ ကုန်သွယ်မှုဆိုင်ရာ ဖြေလျော့ပေးရေး၊ ကုန်သွယ်မှုပညာပေးရေး၊ စားသုံးသူအကာအကွယ် ပေးရေးစတဲ့ မဏ္ဍိုင်ကြီး(၆)ရပ်ကို တာဝန်ယူဆောင်ရွက်လျက်ရှိတဲ့အပြင် SMEs ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ အထူးစီးပွားရေးဇုန်များဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊

                  စားသုံးသူအခွင့်အရေးနဲ့ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်ရေး အတွက် စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ၂၀၁၄ ခုနှစ်က ပြဌာန်းခဲ့သော်လည်း အကောင်အထည် ဖော်ဆောင်ရွက်ရာ၌အားနည်းချက်များ၊ အခက်အခဲများတွေ့ရှိရသဖြင့် အသစ်ပြန်လည်ရေးဆွဲခဲ့ရာ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဥပဒေသစ်ကိုပြဌာန်းနိုင်ခဲ့ပါကြောင်း၊

                  စားသုံးသူကာကွယ်ရေးဥပဒေသစ်အရ ယခင်ကဖွဲ့စည်းခဲ့တဲ့ “စားသုံးသူအကာအကွယ် ပေးရေးဗဟိုကော်မတီ” အစား “မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်”ကို ပြည်ထောင်စု ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်တဲ့ အဖွဲ့ဝင် (၂၁)ဦးအား ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းပေးခဲ့ပြီးဖြစ်တဲ့အတွက် ယခုကဲ့သို့ ပထမဆုံး အကြိမ် အစည်းအဝေးခေါ်ယူခြင်းဖြစ်ပါကြောင်း၊

                  ကော်မရှင်အဖွဲ့ဝင်များအနေနဲ့ စားသုံးသူကာကွယ်ရေးဥပဒေပါ ကော်မရှင်၏ လုပ်ငန်း တာဝန်(၁၂)ရပ်အားအကောင်အထည်ဖော်ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်း တာဝန်(၁၂)ရပ်အနက် စားသုံးသူကာကွယ်ရေးဆိုင်ရာ မူဝါဒများရေးဆွဲခြင်းနှင့် အစီအမံများချမှတ် ခြင်း၊ စားသုံးသူအသုံးပြုမည့် သို့မဟုတ် စားသုံးမည့် ကုန်စည်များ လုံခြုံစိတ်ချမှုရှိစေရန် ဦးစားပေး ကဏ္ဍများသတ်မှတ်ခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စားသုံးသူရေးရာကော်မတီ၊ ပြည်ထောင်စု နယ်မြေ စားသုံးသူရေးရာကော်မတီများ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးခြင်း၊ လိုအပ်ပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာ ကော်မတီနှင့် ခရိုင်စားသုံးသူရေးရာကော်မတီများဖွဲ့စည်းပေးခြင်း၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီများကို လိုအပ်ချက်နှင့်အညီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များသတ်မှတ်ပေးခြင်း စတဲ့ လုပ်ငန်းတာဝန်(၄)ရပ်ကို ဦးစားပေး ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း ပဏာမ ဆွေးနွေးပြောကြားပါသည်။

                  ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး ကော်မရှင်သို့တင်ပြသည့်  အမှာစာများအား ရှင်းလင်း ဖတ်ကြားခြင်းတို့ကိုဆောင်ရွက်ခဲ့ရာ ကော်မရှင်အဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။

            ယင်းနောက်ပြည်ထောင်စုဝန်ကြီးက ကော်မရှင်အဖွဲ့ဝင်များ၊ ဆက်စပ်ဌာနများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များနဲ့ စားသုံးသူပြည်သူများ ပူးပေါင်းပါဝင်ခြင်းဖြင့် စားသုံးသူ အခွင့်အရေးနဲ့ အကျိုးစီးပွားများကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်ပေးနိုင်မှာဖြစ်တဲ့ အတွက်  အဖွဲ့ဝင်အားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

အလုပ်အကိုင် ဖန်တီးပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Job Creation Sector Coordination Group-JCSCG) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

အလုပ်အကိုင် ဖန်တီးပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Job Creation Sector Coordination Group-JCSCG) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် - သြဂုတ်လ ၁၅

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့(International Labour Organization)နှင့် ဂျာမနီနှင့် ပူးပေါင်းဆောင်ရွက်မှု (German Cooperation))တို့ ပူးပေါင်းကျင်းပသည့် အလုပ်အကိုင် ဖန်တီးပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ (Job Creation Sector Coordination Group-JCSCG) ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအခမ်းအနားကို နေပြည်တော်ရှိ PARK ROYAL HOTEL တွင် ယနေ့နံနက် ၀၉:၃၀ နာရီ ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဦးစားပေးကဏ္ဍ အလိုက် အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (International Labour Organization)နှင့် INGOများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြပါသည်။

အခမ်းအနားတွင် အလုပ်အကိုင်ဖန်တီးပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အလုပ်ရုံဆွေးနွေးပွဲသည် ကုန်သွယ်ရေးကဏ္ဍ၊ စက်မှု ကုန်ချောထုတ်လုပ်မှုကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကဏ္ဍ အစရှိသည့် ကဏ္ဍများအလိုက် တိုးတက်မှုအခြေအနေများတင်ပြနိုင်ရန်၊ အလုပ်အကိုင် ဖန်တီးပေးနိုင်ရေးနှင့်စပ်လျဉ်းသည့် Myanmar Sustainable Development Planပါ လုပ်ငန်းစဉ်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်၊ အလုပ်အကိုင် ဖန်တီး ပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Job Creation Sector Coordination Group-JCSCG)၏ ကဏ္ဍအလိုက်အဖွဲ့ခွဲများအနေဖြင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ် နိုင်ရန်နှင့် ကဏ္ဍအလိုက်အဖွဲ့ခွဲများမှ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေးကို အထောက်အကူပြုမည့် ဦးစားပေးရွေးချယ်ထားသည့် စီမံကိန်းအဆိုပြုလွှာများ ဖော်ထုတ်ပြီး ဖွံ့ဖြိုးမှုအကူအညီများ ရယူ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော် ဆောင်ခြင်းသည် နိုင်ငံ၏စီးပွားရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် အဓိကကျသော အခန်း ကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် လက်ရှိ အချိန်အခါတွင် စိန်ခေါ်မှုများစွာကို ကြုံတွေ့နေရသော်လည်း ဖွံ့ဖြိုးတိုးတက်ရန် ကြုံတွေ့နေရသော အခက်အခဲများဟူ၍သာ မှတ်ယူ၍ နိုင်ငံတကာမှ ဖွံ့ဖြိုးမှုအကူအညီများ၊ ပြည်တွင်းလုပ်ငန်းရှင်များနှင့်အတူ ပေါင်းစပ်ကြိုးပမ်း ဆောင်ရွက်ပါက မိမိတို့၏ လုပ်ငန်းစဉ်များ အောင်မြင်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (International Labour Organization)မှ Liasion Officer, Mr.Donglin Li က အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြား ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အတူ တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ကုန်သွယ်ရေးကဏ္ဍ၊ စက်မှုကုန်ချောထုတ်လုပ်မှု ကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍ အစရှိသည့် ဦးစားပေးကဏ္ဍအလိုက် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြ ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် စစ်ကိုင်းမြို့ရှိ စစ်ကိုင်းခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရင်များအသင်း (SDCCI )မှ အသင်းသူ၊အသင်းသားများ ၊စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး

စစ်ကိုင်းခရိုင်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SDCCI) အစည်းအဝေး ခန်းမ၌ (SDCCI) မှ အလုပ်အမှုဆောင်၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို  သြဂုတ် လ ၃ရက်က ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ တွေ့ဆုံပွဲသို့ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းနှင့် (SDCCI)မှ နာယက၊ ဒုတိယဥက္ကဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကျောက်စိမ်းအချောထည်၊ ဂစ်တာ၊ ရက်ကန်း၊ ကြိမ်ထည်၊ ငွေထည်ကြေးထည် အသင်းများမှ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ (SDCCI) မှအလုပ်အမှု ဆောင်များ၊ တက်ရောက်လာကြသော စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရသည့် အတွက် လွန်စွာဝမ်းမြောက်ပါကြောင်း၊ တက်ရောက်လာကြသူများအနက်မှ တစ်ဝက်ကျော် ကျော်လောက်က ယခင်ကရင်းနှီးသည့်သူများဖြစ်ကြောင်း၊ နောက်ထပ်ဝင်ရောက်လာသော အသင်းသူ/ သားများလည်း ညီအစ်ကိုတွေလို သဘောထားစေလိုကြောင်း၊ စျေးကွက်အတွင်း တစ်ဉီးတစ်ယောက်တည်း လုပ်ကိုင်သည်ထက် အသင်းတွေဖွဲ့စည်းဆောင်ရွက်ခြင်းသည် ကောင်းမွန်ကြောင်း၊ စာပေနှင့်လုပ်ငန်းအတွေ့အကြုံတွေရှိရန် လိုကြောင်း၊ အသင်းကြီး အနေဖြင့် အရွေ့တခုရအောင်၊ အောင်မြင်မှုရအောင်၊ စည်းလုံးညီညွတ်မှုရှိအောင် ညီနောင်အသင်းများနှင့် ( Network)ချိတ်ဆက်၍ ကုန်သွယ်မှုကို လက်ရှိအခြေအနေများ သိရှိအောင် ဆောင်ရွက်နိုင်ကြောင်း ၊ စိုက်ပျိုးရေးနှင့် စပ်လျဉ်း၍ သင်တန်းများအနေဖြင့် နိုင်ငံတော်အစိုးရမှ စိုက်ပျိုးရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ SME ကဏ္ဍ၊ ပညာရေး ကဏ္ဍသင်တန်းများအား ထားရှိပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် သက်ဆိုင်ရာအသင်းများမှ တက်ရောက်လိုသည့် လူအင်အားစာရင်းနှင့် လိုချင်သည့်နည်းပညာများ တင်ပြလာပါက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း၊ နေရာတိုင်းမှာ အရင်းအနှီး လိုကြောင်း၊ အသင်းတစ်သင်းဖြစ်ရန် လူ၊ ဖွဲ့စည်းပုံ၊ သင်းဖွဲ့စည်းမျဉ်း အရေးကြီးကြောင်း၊ ရန်ပုံငွေတစ်ရပ် ထူထောင်ရမည်ဖြစ်ကြောင်း၊ အလွဲသုံးစားမလုပ်အောင် စစ်ဆေးရန်အတွက် စာရင်းစစ်၊ ဘဏ္ဍာရေးမှူးများ ပါဝင်ဖွဲ့စည်းရမည်ဖြစ်ကြောင်း၊ ကြပ်မတ်ထိန်းကျောင်း လုပ်ဆောင်သွားပါက သာယာပျော်ရွှင်သည့် အသင်းကြီးဖြစ်လာမှာဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

ထို့နောက်  (SDCCI)၏ အကြံပေး ဦးဝင်းမော်နှင့် အဖွဲ့ဝင်များက အသင်းကြီးကို ၁၈.၆.၂၀၁၈ ရက်နေ့တွင် အလုပ်အမှုဆောင်(၂၂) ဦး၊အသင်းသား(၇၀)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ရာ ယခုလက်ရှိမှာ အလုပ်အမှုဆောင် (၄၁) ဦး၊ အသင်းသား(၂၀ဝ)ဦးကျော်ရှိပြီဖြစ်ကြောင်း၊ ၃.၁၁.၂၀၁၈ ရက်နေ့တွင် ရုံးခန်းဖွင့်ပွဲနှင့် အသေးစား၊အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး စကားဝိုင်း၊ ၁၁.၁.၂၀၁၉ မှ ၁၂.၁.၂၀၁၉ ရက်နေ့အထိ (Myanmar- India Business Summit and Trade Fair) မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲနှင့် ကုန်စည်ပြပွဲ၊ ၂.၃.၂၀၁၉ ရက်နေ့တွင်(Japan- Myanmar SME Seminar and Business Exchange In Sagaing District)( ဂျပန်-မြန်မာ  စီးပွားရေး ဆွေးနွေးပွဲ၊ ၂၃.၆.၂၀၁၉ မှ ၂၄.၆.၂၀၁၉ ရက်နေ့ထိ ဒိန်းမတ်နိုင်ငံမှ ( Responsible Business Fund RBF Myanmar) အဖွဲ့အစည်းနှင့် တွေ့ဆုံ၍ စစ်ကိုင်းခရိုင်ရှိ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ (SME) ဖွံ့ဖြိုးတိုးတက်လာစေရန် ဆွေးနွေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းမှ အသိပညာတွေပေးပြီး ဆောင်ရွက်ရမည့် နည်းလမ်းတွေ ပေးသွားတာ ကျေးဇူးတင်ရှိပါကြောင်း၊ ကုန်စည်ဒိုင်၊ အများပိုင်ကုမ္ပဏီ တည်ထောင်ရန် ဆက်လက် ဆောင်ရွက်နေပါကြောင်းပြောကြားပြီး တက်ရောက်လာကြသော စီးပွားရေး လုပ်ငန်းရှင် အသင်းသူ၊အသင်းသားများမှ သိရှိလို သည်များကို မေးမြန်းမှုအပေါ် ဒုတိယညွှန်ကြားရေးမှူး ချုပ်မှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်ဦးဆောင်သောအဖွဲ့သည် ARISE Plus (ASEAN Regional Integration Support by the European Union) မှ ကျွမ်းကျင်ပညာရှင် Mr. Micheal Ong နှင့်တွေ့ဆုံ

၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်ဦးဆောင်သောအဖွဲ့သည် ARISE Plus (ASEAN Regional Integration Support by the European Union) မှ ကျွမ်းကျင်ပညာရှင် Mr. Micheal Ong အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

                   တွေ့ဆုံရာတွင် စားသုံးသူကာကွယ်ရေးဉပဒေ (၂၀၁၉) ပါ ပြဌာန်းချက်နှင့် အညီ  မြန်မာနိုင်ငံတွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် ပတ်သက်၍ စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် Electrical and Electronic Equipment (EEE) Safety Regulation မူကြမ်းရေးဆွဲနိုင်ရေး၊ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နှင့် EEE Safety Regualtion အား ASEAN EEEMRA နှင့် AHEEEERR မူဘောင် အဖြစ်သို့ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စများကိုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

                                                                           သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ