သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်္သာတမြို့နယ်မှ ဆေးဘက်ဝင်ရဲယိုစိုက်ပျိုးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်သည် ဧရိယာစတုရန်းမိုင် ၃၇၈.၆၉၅ မိုင်ရှိပြီး၊  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သော ဒေသဖြစ်ကာ၊ လယ်မြေဧက တစ်သိန်းသုံးသောင်းကျော် ၊ ဥယျာဉ်မြေဧက တစ်သောင်းခုနှစ်ထောင်ကျော်၊ ကိုင်းမြေဧက နှစ်သောင်းခြောက်ထောင်ကျော် ၊ စိုက်ပျိုးသောဒေသလည်းဖြစ်ပါသည်။ စပါး၊ ပဲအမျိုးမျိုး၊ အစေ့ထုတ်ပြောင်းနှင့် ဟင်းသီးဟင်းရွက်ကဲ့သို့ ရာသီအလိုက်စိုက်ပျိုးရသော သီးနှံများကို စိုက်ပျိုးသကဲ့သို့ ရဲယို၊ ဒန့်သလွန်၊ မာလကာ၊ သီဟိုဠ်ကဲ့သို့သောနှစ်ရှည် သီးပင်စားပင်များကိုလည်းစိုက်ပျိုးကြပါသည်။ သို့ရာတွင် နှစ်ရှည် သီးပင်၊ စားပင်များကိုစိုက်ပျိုးသူ အရေအတွက်မှာ ဈေးကွက်နှင့် တွက်ချေကိုက်မှုပေါ်မူတည်၍  စိုက်ပျိုးဧကအနည်းငယ်ကိုသာ စိုက်ပျိုးသည်ကို တွေ့ရှိရပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ပြည်တွင်းထုတ်ကုန်များ၏ သတင်းအချက်အလက်များပံ့ပိုးပေးရန်နှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ( ၃ .၁ .၂၀၂၂) နေ့တွင် ဟင်္သာတမြို့နယ်၊ တောင်ကလုံကျေးရွာရှိ တောင်သူ ဦးထိန်းလင်း၏ ရဲယို (၁၀) ဧက စိုက်ခင်းသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။ ‌တောင်သူဦးထိန်လင်းအနေဖြင့် မိဘလက်ငုတ်လက်ရင်း ဥယျာဉ်ခြံ၌ ရဲယိုစိုက်ပျိုးလာသည်မှာ လေးနှစ်ခန့်ရှိပြီဖြစ်ကာ ရဲယိုပင်များကို ပင်ကြား၊ တန်းကြား ၉ပေစီခြား၍ စိုက်ပျိုးထားပြီး တဧကကိုအပင် ၄၀၀ စိုက်ပျိုးထားပါသည်။ ယခင်က ရာသီပေါ်သီးနှံများကိုသာ စိုက်ပျိုးခဲ့သော်လည်း ၂၀၁၇ မှစ၍ ရာသီဥတုဒဏ်ခံနိုင်ပြီး အရွက်ရော၊ အသီးပါ ဈေးကွက်ဝင်သော ရဲယိုပင်များကို စတင်စိုက်ပျိုးခဲ့ကြောင်း သိရပါသည်။

          စတင်စိုက်ပျိုးစဉ်က မြေတန်ဘိုးမပါ တစ်ဧက စိုက်ပျိုးစရိတ်မှာ မြေပြင်ခ၊ မြေခံထည့်ခြင်း၊ ပျိုးပင်ဖိုး၊ စိုက်ခ နှင့် သွင်းအားစုဖိုးမှာ အပင်သက် ခြောက်လခွဲခန့်ထိ ၁၆သိန်းကျပ် ခန့်ကုန်ကျပြီး နောက်ပိုင်း ရေသွင်းခ၊ အပင် အားဆေး၊ အပင်ပြုပြင်ခ၊ အသီးခူးစရိတ်တို့သာ ကုန်ကျတော့ကြောင်း ၊ ရရှိသော အသီးများကို အချင်း ၄ စင်တီမီတာခန့်၊ အလျား ၈ စင်တီမီတာခန့်ရှိ အသီးများကို ခူးပြီး ရန်ကုန် Fame ဆေးဝါးစက်ရုံ၊ ထွန်းရွှေဝါ ဆေးဝါးစက်ရုံ၊ သန်လျင်ရှိ စက်ရုံများသို့တင်ပို့ရောင်းချကြောင်းကို သိရှိခဲ့ရပါသည်။ ၂၀၂၁ ခုနှစ် ရာသီချိန်တွင် ရန်ကုန်အရောက်ဈေး ရဲယိုတစ်ပိဿာ ၅၀၀ ကျပ်ခန့်ရရှိကြောင်းနှင့် အပင်သက်ခြောက်လခွဲတွင် စတင်အသီးသီးပြီးဈေးကွက်ဝင် အသီးများကို အပင်သက် တစ်နှစ်ခွဲကျော်မှာစတင်ရရှိကာ မိုးရာသီဖြစ်သော ဇွန်၊ ဇူလိုင်၊ဩဂုတ်၊ စက်တင်ဘာလထိ တစ်လနှစ်ကြိမ် အသီးခူးရပြီး၊ မိုးနှောင်းကောင်းပါက အောက်တိုဘာလထိပါ အသီးရကြောင်းနှင့်  တစ်ကြိမ်ခူးပါက တစ်ဧက အချိန် ၅၀၀ခန့်ထွက်ရှိပြီး  သီးအားအကောင်းဆုံးဖြစ်သောမိုးတွင်းကာလတွင် အနည်းဆုံး ၈ကြိမ်မှ ၁၀ ကြိမ်အထိ ခူးဆွတ်နိုင်ကာ တစ်ဧက အချိန်ငါးထောင်ခန့်ရရှိကြောင်း ၊ ခူးဆွတ်ခနှင့် ရန်ကုန်ဈေးကွက်သို့ သယ်ယူစရိတ် ၁၅၀ ကျပ်နှုတ်ပါက တစ်ပိဿာ ၃၅၀ ကျပ်ခန့်ရကြောင်း တွက်ချေကိုက် အကျိုးရှိသော စိုက်ပျိုးရေးလုပ်ငန်းတစ်ခုလည်း ဖြစ်ကြောင်းသိရှိခဲ့ရပါသည်။ ရဲယိုပင်သည် အမြင့်ပေ (၂၀)ထိ ကြီးထွားနိုင်သဖြင့် အပင်သက်(၃)နှစ်ကျော်ပါက ခေါင်ညွှန်နှိမ်ရန် လိုအပ်ပါသည်။ သို့မှသာ ခူးဆွတ်ရလွယ်ကူမည် ဖြစ်ပါသည်။

          ရဲယိုပင်သည် တစ်နှစ်ပတ်လုံးသီးသော အပင်မျိုးဖြစ်ပြီး၊ သတ်မှတ်မိုးရေချိန်ရရှိသော  မိုးရာသီတွင် အများအပြားသီးကာ၊ အမှည့်လွန်အသီးများ၊ ကြွေကျသောအသီးများနှင့် ရန်ကုန်တင်ပို့ရန် လုံလောက်သောပမာဏမရှိသည့် အသီးများကိုကောက်ယူ၍ ပါးပါးလှီးအခြောက်လှမ်း၍ အသီး ခြောက်ပြုလုပ်ရောင်းချနိုင်ပြီး ယခုအခါ အသီးခြောက် တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်ထိရရှိလျက်ရှိပါသည်။၊ အရွက်ကိုလည်းရန်ကုန်သို့ တင်ပို့ရောင်းချနိုင်ပြီး စွန့်ပစ်စရာမရှိ ဈေးကွက်ဝင် အသုံးတည့်သောအပင်မျိုးလည်းဖြစ်ပါသည်။

          ရဲယိုပင်သည် မြန်မာနိုင်ငံအနှံ့ ပေါက်ရောက်ပြီး မိုးများသော ဒေသတွင်ပိုမိုဖြစ်ထွန်းကာ အစေ့ပျိုး၍ စိုက်ပျိုးနိုင်သောအပင်ဖြစ်သလို အရွက်ကော၊ အသီးပါစားသုံးနိုင်ပြီး ၊ အသီး၏စူးရှသော အနံ့ကြောင့် စားသုံးသူများကြိုက်နှစ်သက်မှုနည်းသော်လည်း အရွက်တွင်ပါဝင်သော အဟာရဓာတ်မှာ အသီးနှင့် အတူတူပင်ဖြစ်၍ ပရိုတင်း၊ ဗီတာမင်စီ၊ အမျှင်ဓာတ် တို့ပါဝင်၍ ဝမ်းဖောဝမ်းရောင်၊ ရင်ပြည့်ရင်ကယ်၊ ချောင်းဆိုးရောဂါများကိုပျောက်ကင်းစေကြောင်း မြန်မာ့စွယ်စုံကျမ်းအတွဲ (၁၁) တွင်ဖော်ပြထားပါသည်။ ဆက်လက်တွေ့ရှိချက်များအရ Antioxidant ကြွယ်ဝတဲ့အတွက် ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း ကင်ဆာဆဲလ်ကိုတားဆီးနိုင်ခြင်းတို့ကြောင့် အလွန်ဆေးဘက်ဝင်သော အပင်လည်းဖြစ်ပါသည်။

          ရဲယိုစိုက်ပျိုးခြင်းသည် အပင်ပေါက်မြန်ပြီး  အထူးတလည် ပြုပြင်စရာမလိုပဲ ရှင်သန်ကြီးထွားနိုင်သော အပင်မျိုးဖြစ်သည့်အတွက် တွက်ချေကိုက်စိုက်ပျိုးနိုင်သော်လည်း ပြည်တွင်းဈေး ကွက်မတည်ငြိမ်ခြင်းသည် တောင်သူတို့ကြုံတွေ့ရသောအခက်အခဲဖြစ်ကြောင်း သိရှိခဲ့ရပါသည်။ တစ်နှစ်ပတ်လုံး အသီးရရှိရန် ဆောင်းတွင်းနှင့် နွေရာသီကာလများတွင်  ပေးရန်လိုအပ်ပါသည်။ အသီးစိုနှင့် အသီးခြောက်ကို ရန်ကုန်တခုတည်းကိုသာ အဓိကထားတင်ပို့နေရပြီး ဝယ်သူဈေးကွက်ဖြစ်နေကာ ဈေးနှုန်းနှင့် ဝယ်လိုအားတည်ငြိမ်မှုမရှိသည့်အတွက် ရဲယိုထုတ်ကုန်များ ထုတ်လုပ်နိုင်မှသာ  ပိုမိုတွက်ချေကိုက် အကျိုးဖြစ်ထွန်းနိုင်ကြောင်း သိရပါသည်။

          သဘာဝနည်းစဉ်များနှင့် စိုက်ပျိုးထုတ်လုပ်လျက်ရှိခြင်းကြောင့် ၂၀၁၉ ခုနှစ်တွင်  ဦးထိန်လင်း၏ ရဲယိုခြံမှ  Organic ရဲယို အစို ၃၅ တန်အား Myanmar Organic Agricultural Group ၏ ထောက်ခံချက်ဖြင့် Fame ဆေးဝါးထုတ်လုပ်ငန်းသို့ တင်ပို့ရောင်းချနိုင်ခဲ့ပါသည်။  ယခုအခါ ဦးထိန်လင်းအနေနှင့် ရဲယိုသတ္တုရည်ကို စမ်းသပ်ထုတ်လုပ်လျက်ရှိပြီး ပတ်ဝန်းကျင်ဒေသများသို့ ဖြန့်ဖြူးရောင်းချပေးလျက် ရှိပါသည်။ ရဲယိုသီးအစို ပိဿာ (၅၀) ကိုသတ္ထုရည်ထုတ်လုပ်ပါက သန့်စင်သည့် သတ္ထုရည် ၁၁လီတာခန့်ရရှိပြီး၊ တစ်လီတာလျှင် ၄၀၀၀ ကျပ်ဈေးဖြင့် ရောင်းချရလျက် ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီး မှူးရုံးအနေဖြင့်လည်း  ကုန်စည်များပေါ်တွင်‌ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြနိုင်ရေး ဆွေးနွေးခြင်း၊ ရဲယို ပျားရည်၊ရဲယိုဖျော်ရည်များ ထုတ်လုပ်နိုင်ရေးအတွက်  အသေးစား စက်မှု၊လက်မှုလုပ်ငန်းဦးစီးဌာန နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့ကိုလည်း ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

          အစာလည်းဆေး၊ ဆေးလည်းအစာဆိုသော မြန်မာ့စကားပုံကဲ့သို့ နေ့စဉ်စားသုံးသော အစားအစာများတွင် မိမိပတ်ဝန်းကျင်ရှိ အဖိုးနည်းဝန်ပါ  ကျန်းမာရေးနှင့်လျော်ညီသော အသီးအရွက်များကို စားသုံးခြင်းဖြင့် ရောဂါများကို ကြိုတင်ကာကွယ်နိုင်မည် ဖြစ်ပါသည်။ ဆေးဘက်ဝင်သော  ရဲယိုကဲ့သို့ နှစ်ရှည်သီးပင်များကို သဘာဝနည်းစနစ်များအတိုင်း (Organic Farm) အဖြစ် စိုက်ပျိုးပြီး၊ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်၍ အရည်အသွေးမီ ဆေးဘက်ဝင်စားကုန်များ ထုတ်လုပ်ခြင်းဖြင့်၊ ပြည်ပသွင်းကုန်များ အစားထိုးနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ခြင်းနှင့် မိသားစုဝင်ငွေများတိုးကာ၊ကျန်းမာပျော်ရွှင်သော လူမှုဘဝကိုရရှိစေမှာ ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ဧရာဝတီတိုင်းဒေသကြီး

 

ကိုဗစ်ကာလအလွန်ဆောက်လုပ်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာခြင်း

စစ်တွေမြို့ရှိ နေအိမ်/အဆောက်အဦး ဆောက်လုပ်ရေးလုပ်ငန်းများသည် ယခုအချိန်တွင် ပြန်လည်စတင်လုပ်ကိုင်လာကြပြီဖြစ်ပါသည်။ စစ်တွေမြို့သည် ယခင်က လူနေမှုအဆင့်အတန်းရိုးရှင်းခြင်း နေအိမ်အဆောက်အဦး ဆောက်လုပ်ရာတွင် ရခိုင်ပြည်နယ်၏ သယံဇာတထွက်ကုန်ဖြစ်သော ဝါး/သစ်များကိုသာ အဓိကထားသုံးစွဲခြင်းကြောင့် အထပ်မြင့်အဆောက်အဦးများ ဆောက်လုပ်မှုမရှိသလောက်နည်းပါးခဲ့သည်။ ယခင်က နေအိမ်များ ဆောက်လုပ်လိုသူများသည် မိမိကိုယ်တိုင် တည်ဆောက်ရေးပစ္စည်းများ ဝယ်ယူစုဆောင်ခြင်း/လုပ်သားများရှာဖွေရခြင်း အခက်အခဲများ ကြုံတွေ့လာရပါသည်။ ယခုအခါတွင် စစ်တွေမြို့သည် လူနေမှုအဆင့်တန်းများ ခေတ်မီမြင့်မားလာခြင်းကြောင့် နေအိမ်များ/အထပ်မြင့် အဆောက်အဦးများ တည်ဆောက်ရာတွင် မိမိလိုချင်သော ပုံစံဒီဇိုင်းများ ဒီဇိုင်ရေးဆွဲသူနှင့် ဆောက်လုပ်ရေးကန်ထရိုက်တာလုပ်ငန်းရှင်များထံအပ်နှံခြင်း/ နေအိမ်အလှဆင်လုပ်ငန်းလုပ်ကိုင်သူများထံ၌ အပ်နှံဆောက်လုပ်လာကြပါသည်။ ၂၀၂၁ခုနှစ် အောက်တိုဘာလဆန်းမှစ၍ ကန်ထရိုက်တာဈေးနှုန်းများအနေဖြင့် စစ်တွေမြို့တွင် တစ်စတုရန်းတစ်ပေလျှင် (ရေ၊မီး၊ဆေးသုတ်)အပါအဝင် ကျပ်-၆၀၀၀၀၊ (ရေ၊မီး)မပါ (ဆေးသုတ် ပါဝင်) ကျပ်-၅၀၀၀၀ နှုန်းဖြင့် လုပ်ကိုင်လျက်ရှိကြရာတွင် ကုမ္ပဏီများအနေဖြင့် ၂၀၂၂ခုနှစ် ဇန်နဝါရီလဆန်းမှစ၍ စစ်တွေမြို့တွင်း လုပ်ငန်းခွင်အရောက် အခြေခံဆောက်လုပ်ရေးပစ္စည်းများဖြစ်သော အုတ်တစ်ချပ်လျှင် ကျပ်-၁၅၀၊ သဲ(ရေချို) တစ်ကျင်း- ကျပ်-၄၀၀၀၀ ၊ သဲ (ရေငန်) တစ်ကျင်း ကျပ်-၃၅၀၀၀၊ ကျောက်စရစ်တစ်ကျင်း ကျပ်-၈၀၀၀၀၊ ဘိလပ်မြေ(ပြည်တွင်း) တစ်အိတ် ကျပ်-၈၈၀၀/၉၀၀၀၊ ဘိလပ်မြေ(ပြည်ပ)တစ်အိတ်လျှင် ကျပ်-၁၃၀၀၀/၁၄၀၀၀၊ ၁၂-မီလီမီတာ သံချောင်း (ပြည်တွင်း) တစ်တန် ကျပ်-၉၀၀၀၀၀၊ ၁၆-မီလီမီတာသံချောင်း(ပြည်တွင်း) တစ်တန် ကျပ်-၁၀၀၀၀၀၀၊ ၁၂၊၁၆ မီလီမီတာသံချောင်း (ပြည်ပ) တစ်တန် ကျပ်-၁၁၀၀၀၀၀၊ သံခွေ၂၀ ခွေတစ်တန် ကျပ်-၂၀၀၀၀၀၀၊ ဈေးနှုန်းများဖြင့် လုပ်ကိုင်ဆောင်ရွက်နေကြပြီး အခြေခံလုပ်သားများအား တစ်နေ့လျှင် လုပ်အားခ အမျိုးသမီး ကျပ်-၈၀၀၀၊ အမျိုးသား ကျပ်_၁၀၀၀၀ ဖြင့် ဒေသခံလုပ်သားများအပြင် တစ်ခြားတိုင်းဒေသကြီး/ပြည်နယ်များမှ လုပ်သားအများအပြား ဝင်ရောက်လုပ်ကိုင်လျှက်ရှိပြီး အလုပ်အကိုင်များ ပိုမိုရရှိလာပါကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ရခိုင်ပြည်နယ်

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနပိုင် ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ဓမ္မသုခကျောင်းလမ်းရှိ အမှတ်(၁-က)၊ အဆောက်အဦ(၁)လုံး (၁၂၀'x၅၀' x၂၀')(သွပ်၊ အုတ်၊ ကွန်)အား (၅)နှစ်သက်တမ်း (၁)နှစ်တစ်ကြိမ် စာချုပ်ချုပ်ဆို၍ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်-
(က) တင်ဒါပုံစံရောင်းချမည့်ရက် - (၁၇.၁.၂၀၂၂)ရက်မှ (၁၆.၂.၂၀၂၂)ထိ
( ခ ) တင်ဒါပိတ်မည့်နေ့/အချိန် - (၁၆.၂.၂၀၂၂)ရက် ညနေ( ၁၆:၀၀)နာရီ
( ဂ ) တင်ဒါယှဉ်ပြိုင်ရမည့်ရက်/အချိန် - (၁၇.၂.၂၀၂၂)ရက်နေ့၊ (၁၃:၀၀)နာရီ
(ဃ) တင်ဒါတင်သွင်းရမည့်နေရာ - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်။
(င) စာရင်းပေးသွင်းရမည့်နေရာ - ရုံးအမှတ်(၅၂)၊ နေပြည်တော်
(စ) တင်ဒါစည်းကမ်းချက်များ - (၁၇.၂.၂၀၂၂)ရက်နေ့၊ (၁၁:၀၀)နာရီ
ရှင်းလင်းမည့်နေ့/အချိန်/နေရာ ရုံးအမှတ်(၅၂)၊ နေပြည်တော်
(ဆ) တင်ဒါပုံစံရောင်းချမည့်နေရာ - စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စီမံရေးရာဌာနခွဲ၊ အမှတ် (၂၂၈/၂၄၀)၊ ဒုတိယထပ်၊ ကမ်းနားလမ်းနှင့်ရွှေဘုံသာလမ်းထောင့်၊ ရန်ကုန်မြို့။
(ဇ) Depositပေးသွင်းနိုင်သည့်ဘဏ် - တင်ဒါစည်းကမ်းသတ်မှတ်ချက်ပုံစံတွင် ဖော်ပြထားပြီး ဖြစ်ပါသည်။
၂။ စားသုံးသူရေးရာဦးစီးဌာနမှ ငှားရမ်းမည့် အဆောက်အဦ(၁)လုံး၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာ မြို့နယ်သို့ သွားရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ် အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံ ဝယ်ယူရမည့်နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၁-၂၅၀၄၃၂ သို့ ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။

တင်ဒါစိစစ်ရေးကော်မတီ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ရေကြည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ်၊ ရေကြည်ပေါ်ဆန်း((ဘေးကြား) ရိတ်သိမ်းပွဲကျင်းပ

       ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာအုပ်စု၊ ငါးတဲစုကျေးရွာ တောင်သူဦးအောင်မျိုးဝင်း၏ (၅.၀၀)ဧက စိုက်ကွက်တွင်(၂၉.၁၂.၂၀၂၁)ရက်နေ့တွင် စံကွက်ရိတ်သိမ်းပွဲ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဒုတိုင်းဦးစီးမှူးနှင့် ရေကြည်မြို့နယ်ရှိ ဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။ ဧရာဝတီပေါ်ဆန်းမှာ ယခင်ကဈေးကွက်တစ်ခု ရရှိခဲ့သော်လည်း အရည်အသွေးကျဆင်း၍ ဈေးကွက်ပျောက်လာပြီးဖြစ်၍ ရွှေဘိုပေါ်ဆန်းကဲ့သို့ မိမိတို့တိုင်းဒေသကြီးအတွင်းမှ ရေကြည်ပေါ်ဆန်းဖြစ်ပေါ်လာပြီး ဈေးကွက်အခိုင်အမာ ပြန်လည်ရရှိစေရန်အတွက် နွားရေတိုက်ကျေးရွာအုပ်စုတွင် တောင်သူ(၂၂၁)ဦးမှ စိုက်ဧက(၁၆၀၀) အား Contract Farming စနစ်ဖြင့် စိုက်ပျိုးသောကြောင့် တစ်နှစ်ထက်တစ်နှစ် အရည်အသွေးပိုမိုကောင်းမွန်၍ အထွက်တိုးစေရန် ဆောင်ရွက်လျက်ရှိပါသည်။ စံပြရိတ်ကွက်တွင်(၁)ဧကလျှင် စက်ကျအစို (၁၁၄.၃)တင်း ထွက်ရှိ၍ တင်း(၁၀၀)လျှင် (၁,၂၃၀,၀၀ဝိ/-)ကျပ် ရှိကြောင်းသိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး

ဒေသထုတ်စားသောက်ကုန်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် လုပ်ငန်းရှင်များအားအသိပညာပေးဆောင်ရွက်

စားသုံးသူရေးရာဦးစီးဌာန၊ဖျာပုံခရိုင် ဖျာပုံမြို့နယ်နှင့် ကျိုက်လတ်မြို့နယ် ဦးစီးမှူးရုံးတို့တွင် မြို့နယ်တာဝန်ခံတို့နှင့် ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် ဒေသထုတ်စားသောက်ကုန်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် ဖျာပုံမြို့ နယ်လုပ်ငန်းရှင်(၁၅)ဦး၊ကျိုက်လတ်မြို့နယ်(၈)ဦးတို့အား စားသုံးသူကာကွယ်ပေးရေးဆိုင်ရာနှင့်အသေးစားစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)ပုဒ်မ(၄၁)(၄၃)အရထုတ် ကုန်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုသို့မဟုတ်တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မတီ၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည်ဖြစ်ကြောင်း၊ မြို့နယ်တာဝန်ခံက အသိပညာပေးပြောကြားပါသည်။ ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်ညိမ်းချမ်းကဒေသထွက်ကုန်လုပ်ငန်းရှင်များ မှတ်ပုံတင်သက်တမ်းတိုးရေးနှင့်အသစ်လျှောက်ထားလိုသူများအတွက် စားသုံးသူရေးရာဦးစီးဌာန၏ အကူအညီဖြင့်ရောက်ရှိလာပါကြောင်း၊စားသောက်ကုန်ပစ္စည်းနမူနာ ဓါတ်ခွဲစမ်းသပ်ပြီးမှ ရလဒ်ပေါ်တွင် မှတ်ပုံတင်ထုတ်ပေးပါကြောင်း၊မှတ်ပုံတင်ခြင်း၏ အကျိုးကျေးဇူးအနေဖြင့် နည်းပညာအကူအညီအထောက်အပံ့များရရှိနိုင်ခြင်း၊ ငွေကြေးအထောက်အပံ့များရရှိနိုင်ခြင်း၊ ကုန်စည်ပြပွဲများ၊ ပြိုင်ပွဲများတွင်ပါဝင်ပြသနိုင်ခြင်း၊ လုပ်ငန်းများပိုမိုအောင်မြင်လာစေရန် လုပ်ငန်းမျိုးတူစုအဖွဲ့များဖွဲ့စည်းဆောင်ရွက်နိုင်ခြင်း၊ ပြည်ပမှ ကျွမ်းကျင်သူများ၏အကူအညီရယူနိုင် ခြင်းနှင့်ပြည်ပနှင့် စီးပွားရေးလုပ်ငန်းများ၊ စာချုပ်များ ချုပ်ဆိုလုပ်ကိုင်နိုင်ခြင်း၊အသစ်ထူထောင်သည့် လုပ်ငန်းများအတွက် လုပ်ငန်းစတင်လုပ်ဆောင်သည့် နှစ်အပါအဝင် တစ်ဆက်တည်း သုံးနှစ်ကာလတွင် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရနိုင်ခြင်း၊ဦးစီးဌာနနှင့် အစိုးရဌာနများက အခါအားလျော်စွာသတ်မှတ်ပေးသော အခြားအခွင့်အရေးများကို ခံစားခွင့်များရရှိနိုင်မည်ဖြစ်ပါကြောင်းအသိပညာပေးပြောကြားပါသည်။
အခမ်းအနားသို့ တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်းမှုအပေါ်တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ၂၀၁၉ ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက မှတ်ပုံတင်ခြင်းဆိုင်ရာလမ်းညွှန်ချက်စာအုပ်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ဧရာဝတီတိုင်းဒေသကြီး

မအူပင်မြို့ပေါ်ရှိ ဈေးများနှင့် စတိုးဆိုင်များရှိ ကုန်ပစ္စည်းများ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်

          စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၆.၁.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မအူပင်မြို့ပေါ်ရှိ မြို့မဈေးနှင့်ဝလေးလုံး၊ လင်းတာရာ၊ နန်းထိုက်အောင်၊ ရတနာထွန်း၊ အောင်သန်းဌေး စသည့်စတိုးဆိုင်များသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ဈေးကွက်အတွင်းရှိ ကုန်ပစ္စည်းများ ကုန်အညွှန်းအမှတ်အသားပါ ဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိနှင့် ဆောင်ရွက်ထားရှိမှု မရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ ဆောင်ရွက်မည့်အစီအမံများကို လုပ်ငန်းရှင်များအား အကျယ်တဝင့် ဆွေးနွေးမှာကြားပြီး စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်အနှစ်သာရနှင့် လေးစားလိုက်နာပါက ကျန်းမာရေးနှင့်ညီညွတ်သော ကုန်ပစ္စည်းများ ရောင်းချနိုင်ရေးတို့ကို အလေးထား ထည့်သွင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး

ပခုက္ကူမြို့ပေါ်ရှိ ဇီး၊ မန်ကျည်းဖျော်ရည်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာပေးဆောင်ရွက်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် စားသုံးသူများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်နိုင်ရေးအတွက် ရည်ရွယ်၍ (၆.၁.၂၀၂၂)ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုးနှင့် ဝန်ထမ်းများသည် ပခုက္ကူမြို့အမှတ်(၁)ရပ်ကွက်ရှိ “ပြည့်စုံလျှန်” ဇီးနှစ်ဖျော်ရည်လုပ်ငန်း၊ အမှတ်(၂) ရပ်ကွက်ရှိ “OK 1” သဘာဝ ဇီး/ မန်ကျည်းဖျော်ရည်လုပ်ငန်း၊ အမှတ်(၄)ရပ်ကွက်ရှိ “ကူးကူး” ဆေးမန်ကျည်းနှင့် ယိုမျိုးစုံလုပ်ငန်း၊ အမှတ်(၉)ရပ်ကွက်ရှိ “မြကေခိုင်” ဇီးနှင့်မန်ကျည်းလုပ်ငန်းရှင် များနှင့်တွေ့ဆုံဆွေးနွေးခဲ့ရာ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့် အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များအား လုပ်ငန်းရှင်များသိရှိနိုင်စေရန် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်များအနေ ဖြင့် မိမိတို့ထုတ်လုပ်သော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် များနှင့် ကိုက်ညီမှုရှိ/မရှိကို ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာနသို့လာရောက်၍ ကုန်အမှတ် တံဆိပ်စိစစ်ခွင့်ပြုချက် လျှောက်ထားရယူနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ် ရေးဥပဒေစာအုပ်နှင့် လက်ကမ်း စာစောင်များအား ဖြန့်ဝေခဲ့ပါသည်။
“OK 1” သဘာဝဇီး/မန်ကျည်းဖျော်ရည်လုပ်ငန်းနှင့်ပတ်သက်၍ လေ့လာရာတွင် “OK 1” သဘာဝဇီး/ မန်ကျည်းဖျော်ရည်လုပ်ငန်းအပြင် “ဖိုးသာထူး”အမှတ်တံဆိပ်ဖြင့် ဆီးဖြူသီးဖျော်ရည်၊ ရှယ်ဇီးငံစပ်အရသာဘူး၊ ဇီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်၊ မန်ကျည်းဆော့၊ မန်ကျည်းအနှစ်၊ ရွှေချဉ်ပေါင်၊ ပုဇွန်ပသျူးငပိကြော်၊ ငါးနီတူးငရုတ်ကြော်၊ ပသျူးငပိထောင်း စသည်တို့ကိုလည်း ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း၊ လုပ်ငန်းရှင်မှ မိမိသည် “OK 1” ဇီး/မန်ကျည်းဖျော်ရည် လုပ်ငန်းကိုသာ ဦးစားပေးလုပ်ဆောင်ပြီး “OK 1” သဘာဝဇီး/မန်ကျည်းဖျော်ရည်လုပ်ငန်းကို လုပ်ဆောင်လာ သည်မှာ(၂)နှစ်ကျော်သက်တမ်းဖြင့်“ဖိုးသာထူး”အမှတ်တံဆိပ် စားသောက်ကုန်များအား ကိုဗစ်ကာလအတွင်း အလုပ်သမားများအား အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးအတွက် ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ လုပ်သားဦးရေ(၄)ဦးရှိပြီး လုပ်အားခအနေဖြင့် (၁)ဦးလျှင် အမျိုးသား(၅၅၀၀) ကျပ်နှင့် အမျိုးသမီး (၄၀၀၀)ကျပ် ပေးရကြောင်း၊ ကုန်ကြမ်းအနေဖြင့် မန်ကျည်းအသားများကို ကျောက်ပန်းတောင်းမြို့မှ တစ်ပိဿာလျှင် (၂၅၀၀)ကျပ်ပေးဝယ်ယူကြောင်း၊ ဇီးဖျော်ရည်လုပ်ငန်း အတွက် သန့်စင်ပြီး ဇီးခွံကို ပခုက္ကူ၊ မြစ်ခြေ၊ ကမ္မမြို့တို့မှ(၁)တင်းလျှင် (၄၀၀၀)ကျပ်ပေးဝယ်ယူ ကြောင်း၊ ဈေးနှုန်းအနေဖြင့် “OK 1” အမှတ်တံဆိပ် ဂျင်းဇီးဖျော်ရည်မှာ တစ်ပုလင်းလျှင်လက္ကားဈေးနှုန်း (၄၅၀၀)ကျပ်၊ လက်လီဈေးနှုန်း (၄၈၀၀)ကျပ်၊ ဇီး၊ မန်ကျည်း ဖျော်ရည်မှာ တစ်ပုလင်းလျှင် လက္ကားဈေးနှုန်း(၃၅၀၀)ကျပ်၊ လက်လီဈေးနှုန်း (၃၈၀၀)ကျပ်ဖြင့် ရောင်းချပါကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပဲခူးမြို့များသို့ ဖြန့်ဖြူးရောင်းချရပါကြောင်း၊ အသေးစားစက်မှုလုပ်ငန်းလိုင်စင်များရရှိထားပြီး FDA ထောက်ခံချက်လည်း လျှောက်ထားဆဲဖြစ်ကြောင်း၊ ကုန်စည်ပြပွဲများတွင်လည်း ဒေသထွက်ကုန် “OK 1” ကုန်အမှတ် တံဆိပ်ဇီး/မန်ကျည်းဖျော်ရည်ကို ပြသလျက်ရှိကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနသို့“OK 1” အမှတ်တံဆိပ်မူပိုင်ခွင့်ရရှိရန်အတွက်လည်း Online မှတဆင့်လျှောက်ထားပြီးကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသား စိစစ်ခွင့်ပြုချက်ရရှိနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန
မကွေးတိုင်း‌ဒေသကြီး

မကွေးမြို့၊ ကန်သာဈေးရှိ မုန့်မျိုးစုံအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

မုန့်ထုတ်လုပ်သူ၊ ဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များသို့ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉)နှင့်အညီ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာ ထည့်သွင်းဖော်ပြခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ (၇.၁.၂၀၂၂)ရက်နေ့တွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများသည် စည်ပင်သာယာအဖွဲ့နှင့်ပူးပေါင်း၍ မကွေးမြို့၊ ကန်သာဈေးရှိ မုန့်မျိုးစုံအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးက တစ်ဆင့်ပြန်လည်ဖြန့်ဖြူး ရောင်းချသူ မုန့်မျိုးစုံအရောင်းဆိုင် လုပ်ငန်းရှင်များအား စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထည့်သွင်းရမည့်အချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါမုန့်အရောင်းဆိုင်များတွင် ဒေသတွင်းတစ်ပိုင်တစ်နိုင်ထုတ်လုပ်သည့် အချို့အမှတ် တံဆိပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည်စုံစွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး အချို့အမှတ်တံဆိပ်များမှာ ကုန်အမှတ်တံဆိပ်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်တွင် ထည့်သွင်းဖော်ပြရမည့်အချက်များ ဖော်ပြပါရှိသော်လည်း ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်း ကုန်ဆုံးသည့်ရက်စွဲ ဖော်ပြထားမှုမရှိခြင်း၊ အချို့တွင် ဘေးထွက်ဆိုးကျိုးဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ထုတ်လုပ်သည့်လိပ်စာပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် ပင်ရင်း ထုတ်လုပ်သည့် လုပ်ငန်းရှင်များထံ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာထည့်သွင်း ဖော်ပြလာရေး ဆက်သွယ်အကြောင်းကြားပေးပါရန်နှင့်ယင်းကဲ့သို့ ကုန်အညွှန်းအမှတ် အသားပြည့်စုံမှု မရှိသည့် စားသောက်ကုန်ပစ္စည်းများအား မိမိတို့ဆိုင်များတွင် ရောင်းချမှုမပြုရန် အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် လက်ကမ်းစာစောင်များ၊ စီးပွားရေးလုပ်ငန်းရှင် များ၏ တာဝန်များနှင့် တားမြစ်ချက်များ၊ ပြစ်ဒဏ်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့် အချက်အလက်များပါဝင်သော လက်ကမ်းစာစောင်များအား ဝေငှခဲ့ကြပါကြောင်းသတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန
မကွေးတိုင်းဒေသကြီး

လွိုင်ကော်ခရိုင် ဆန်သယ်ယူပို့ဆောင်ဖြန့်ဖြူးမှု ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၂) ဆောင်ရွက်ခြင်း

လွိုင်ကော်ခရိုင် ဆန်သယ်ယူပိုဆောင်ဖြန့်ဖြူးမှု ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၆)ရက်နေ့၊ နံနက် (၀၉ ၀၀) နာရီ အချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ဆောင် ရွက်ခဲ့ရာ ဥက္ကဌ၊ အတွင်းရေးမှူး၊ကော်မတီအဖွဲ့ဝင်များနှင့် ဆန်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များ(၁၆)ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ဆန်သယ်ယူပို့ဆောင်ဖြန့်ဖြူးမှုကြီးကြပ်ရေးကော်မတီ ဥက္ကဌ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချူပ်ရေးမှူး၊ ဦးဝင်းဇော်နိုင်က အဖွင့်အမှာ စကားပြော ကြားခဲ့ပြီး၊လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအရ ပြည်နယ်အတွင်း ဆန်တင်သွင်းမှုကို ပြည်နယ် အစိုးရအဖွဲ့မှယာယီကန့်သတ်ထားပါကြောင်း ၊ မဖြစ်မနေ ဆန်သယ်ယူမည်ဆိုပါက ဆန်သယ်ယူ ခွင့်ကိုကြိုတင်ပြီး တင်ပြရမည်ဖြစ်ပါကြောင်း၊ ဆန်များကို တရားဝင်လမ်းကြောင်းမှသာ သယ်ယူသင့်ပါကြောင်း၊ တရားမဝင်လမ်းကြောင်းမှ တင်သွင်းသော ဆန်များမရှိစေရေးအတွက် လွိုင်ကော်ခရိုင် ဆန်သယ်ယူပို့ဆောင်ဖြန့်ဖြူးမှုကော်မတီမှ ကြီးကြပ်သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီးတက်ရောက်လာသော ဆန်ကုန်သည်များမှ အသီးသီးဆွေးနွေးခဲ့ပြီးနောက် အစည်းအဝေးကို (၁၀;၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ကယားပြည်နယ်

ညွှန်ကြားချက် (၁/၂၀၂၁)အား စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်ရန်ရှင်းလင်းဆွေးနွေး

၆.၁.၂၀၂၂ ရက်နေ့တွင် မိုးညှင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင် နှင့်အဖွဲ့သည် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေး၊ နားခါရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များတွင် ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အပေါ် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
အဆိုပါ ညွှန်ကြားချက်သည် စတင်ထုတ်ပြန်သည့် ၂၁.၁၂.၂၀၂၁ ရက်နေ့မှ (၆)လ ပြည့်မြောက် ပြီးသည့်နေ့တွင် စတင်အာဏာသက်ရောက်မည်ဖြစ်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်း အမှတ်အသားကိုက်ညီမှုရှိရန် ကြိုတင်လျှောက်ထား‌ဆောင်ရွက်ရန်လိုကြောင်း၊ကုန်အညွှန်း အမှတ်အသားကိုက်ညီမှုရှိကြောင်း အကြောင်းကြားစာရရှိပြီးမှသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရမည် ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုမရှိသည့် ကုန်စည်ကိုထုတ်လုပ်ရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ကချင်ပြည်နယ်

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ