သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်လတ်မြို့နယ်တာဝန်ခံရုံးတွင် ဆီလုပ်ငန်းရှင်များအား အသိပညာပေးဟောပြော

     ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးဆီ ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခဲ့ပါသည်။

    အဆိုပါ ဟောပြောရာတွင် မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက Royal နှင့် ငါးနှစ်ကောင် တံဆိပ်ပါ စားသုံးဆီများ ဖြန့်ဖြူးရောင်းချမည်ဆိုပါက သက်ဆိုင်ရာ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးများသို့ ရောင်းချမည့် အရေအတွက်များကို လျှောက်လွှာတင်၍ အသိပေးရောင်းချရမည်ဖြစ်ကြောင်းနှင့် တရားဝင်ခွင့်ပြုထားသော စားသုံးဆီများ၊ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ဆီများကိုသာရောင်းချရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့ပေါ်ရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ဆိုင်များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည်  မိတ်ဖက်ဌာနများနှင့်အတူပူးပေါင်းကာ (၁၃-၆-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ညောင်တုန်းမြို့ပေါ်ရှိ ဆန်ဆိုင်(၁၅) ဆိုင်အား ဆန်ဈေးနှုန်း၊ ဈေးကွက်အခြေအနေများ၊ ဆန်လက်ကျန်အခြေအနေ၊ ဈေးနှုန်းမကြီးမြှင့်စေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ၌ ဆန်ရောင်းချသူလုပ်ငန်းရှင်များကို မှတ်ပုံတင်လုပ်ထားသော ဂိုဒေါင်များတွင် ဆန်သိုလှောင်ထားရှိမှုအခြေအနေများ၊ ဆန်ဂိုဒေါင်များမှာ သိုလှောင်ရုံလုပ်ငန်းအလိုက် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်များ၏ အပတ်စဉ်၊ လစဉ်စာရင်းများကို ပြုစုရေးဆွဲစာရင်းပြုလုပ်ထားရန်နှင့် ယခင်အပတ်ဈေးနှုန်း၊ ယခုအပတ်ဈေးနှုန်း၊ ယခင်နှစ်ဈေးနှုန်း၊ ယခုနှစ်ဈေးနှုန်းစာရင်းများကိုလည်းပြုစုရေးဆွဲထားရန် အကြုံပြုစစ်ဆေးခဲ့ပြီး လက်ရှိတွင် ပြည်တွင်းစားသုံးနေသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများမြင့်တက်နေသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားခြင်းမပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့နယ် အခြေခံပညာနှင့် စက်မှု/စိုက်ပျိုး/မွေးမြူရေးအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍  ၂၀၂၄ ခုနှစ်  ဇွန်လ(၁၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ချင်းမြောင်ကျေးရွာအုပ်စုရှိ  အခြေခံပညာနှင့် စက်မှု/ စိုက်ပျိုး/ မွေးမြူရေးအထက်တန်းကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၁၂၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ဟောပြောပွဲတွင်မြို့နယ်တာဝန်ခံဦးကျော်နိုင်ဝင်းက စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းအကျဉ်း၊  စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊  စားသုံးကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် အသိပညာပေးခြင်းများ၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca. gov.mm Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း စသည့်တို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

လေးမျက်နှာမြို့နယ် စားသုံးသူအသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် (၁၄.၆.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် လေးမျက်နှာမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စားသုံးသူရေးရာအသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ အစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၂၅)ပါ ဦးစီးဌာန၏ အထွေထွေအကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထိုသို့ ပြောကြားရာတွင် ပုဒ်မ(၇၄)တွင် ပုဒ်မ ၅၃ အရ ချမှတ်ထားသော စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်သည် ပြစ်မှုကြောင်းအရ ဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ တရားစွဲဆိုခြင်းကို ပိတ်ပင်ခြင်းမရှိစေရဟု ဖော်ပြထားပါသည်။ပုဒ်မ ၅၃ သည် ပုဒ်မခွဲ (၄)ခု ပါရှိပြီး စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာရန် ပျက်ကွက်ကြောင်း သို့မဟုတ် စားသုံးသူကတောင်းဆိုနိုင်သော အခွင့်အရေးများကို ပေးအပ်ရန် ပျက်ကွက်ကြောင်းစစ်ဆေးတွေ့ရှိလျှင် ဖောက်ဖျက်သည့် မည်သည့်စီးပွားရေးလုပ်ငန်းရှင်ကိုမဆို စီမံခန့်ခွဲ့ရေးဆိုင်ရာ အမိန့်တစ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း၊  ပုဒ်မခွဲ(ခ)အရ ချမှတ်ထားသည့် ဒဏ်ကြေးငွေများကို ကော်မရှင်က သတ်မှတ်သည့်အတိုင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်ဟု  ပုဒ်မ ၅၄ ဖြင့် ဖော်ပြထားကြောင်း အသိပညာပေး  ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့နယ် စားအုန်းဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန အင်္ဂပူမြို့နယ်တာဝန်ခံသည် (၁၁.၆.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ကွင်းကောက်ဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန် အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးဆီ ရောင်းချသောလုပ်ငန်းရှင် များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်းစသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ စားအုန်းဆီအရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ် နတ်မော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၂.၆.၂၀၂၄)နေ့၊ နံနက်(၀၉:၀၀)နာရီ အချိန်တွင်   ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

      ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့်အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိမရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် မုန့်ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

                            

ဘိုကလေးမြို့ (၉) ရပ်ကွက် ၊ ဇေယျာတိုး ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန ၊ ဘိုကလေးမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇွန်လ(၁၁) ရက်နေ့ ၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ဘိုကလေးမြို့ (၉) ရပ်ကွက် ၊ ဇေယျာတိုး ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် ဆန်စပါးဈေးနှုန်း ဈေးကွက်အခြေအနေ၊ ဆန်ကြိတ်ခွဲရာမှ ထွက်ရှိသော ကုန်စည်များ အရည်အသွေးပြည့်မီစေရေး၊ အချိန်အတွယ်များ မှန်ကန်မှုရှိ/မရှိ ၊ ဈေးနှုန်းတည်ငြိမ်မှုရှိ/မရှိ နှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းစနစ်သစ်များ၊ ခေတ်မီစက်ကိရိယာများ တပ်ဆင်ထားခြင်းရှိ/မရှိ ၊ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မှသာ ဈေးကွက်စီးပွားရေးစနစ် ပိုမိုကျယ်ပြန့်လာနိုင်သလို ၊ ထုတ်လုပ်မှုအင်အားကောင်းပြီး နေ့စဉ်လည်ပတ်နိုင်မှသာ ဆန်စက်အား မှီခိုအားထားနေသော ဝန်ထမ်းအလုပ်သမား မိသားစုများ၏ စားဝတ်နေရေး ပြေလည်နိုင်မည်ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်မှုအပေါ် သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)

သထုံမြို့နယ်၌ ဆန်များဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိရေး ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်တာဝန်ခံသည် (၁၃.၆.၂၀၂၄)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ သထုံမြို့နယ်အတွင်း ဆန်များဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိရေးနှင့် ဈေးနှုန်းတည်ငြိမ်းရေးအတွက် သထုံမြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်များ၊ ဆန်အရောင်းဆိုင်များအား လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သထုံမြို့နယ်ဆေးရုံလမ်းရှိ ရွှေလင်ဗန်းဆန်ဆိုင်၊ သထုံမြို့နယ် ရှမ်းစုလမ်းရှိဖူးပွင့်ခိုင်ဆန်ဆိုင်၊ သထုံမြို့နယ်ဘင်လှိုင်ရပ်ကွက်၊ မင်းလမ်းရှိ ကြယ်တံခွန်ဆန်ဆိုင်နှင့် ၀ါ၀ါ၀င်းဆန်ဆိုင်တို့ကိုသွားရောက်၍ ဆန်အမျိုးအစားအလိုက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ဌာ သိုလှောင်ထားခြင်းရှိ/ မရှိကိုလိုက်လံစစ်ဆေးရာ   ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ဌာ သိုလှောင်ထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအားဈေးနှုန်းမြှင့်ရောင်းချမှုမပြုကြရေး အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့၊ အမှတ် (၁) ဈေးကြီး၌ စားအုန်းဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ဒုတိယပြည်နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ( ၁၄.၆.၂၀၂၄) ရက်နေ့တွင် မော်လမြိုင်မြို့၊ အမှတ် (၁) ဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်ကြီးများအား စားအုန်းဆီများ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်းရှိ/ မရှိ ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပုဇွန်(၂)ကောင်အမှတ်တံဆိပ်စားအုန်းဆီအားစစ်ဆေးခဲ့ပြီး စားအုန်းဆီဗူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ၊ အခန်း (၁၈) တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ဆိုင်ရာအချက်များပါဝင်ခြင်းရှိ/ မရှိ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် ကိုက်ညီမှုရှိ/မရှိစစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာ၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်)သည် ၁၃.၆.၂၀၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်အတွင်းရှိ ဒေါ်မဲလှကုန်စုံဆိုင်နှင့် မန်ခိန်ရပ်ကွက်ရှိ Two Boy ကုန်စုံဆိုင်သို့လည်းကောင်း၊ ၁၄.၆.၂၀၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်အတွင်းရှိ ဒေါ်နီနီရွှေကုန်စုံဆိုင်သို့လည်းကောင်း သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Golden Bee (ရွှေပျား) အမှတ်တံဆိပ်ပါ ရွှေပျားနို့ကွက်ကီး၊ Fire Dragon အမှတ်တံဆိပ်ပါ အားဖြည့်အချိုရည်နှင့် Ve Ve အမှတ်တံဆိပ်ပါ သံပုရာအချိုရည်တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသော ကုန်စည်များကို ရောင်းချ ခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ