သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သောက်ရေသန့်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူး ဦးကိုကိုဦးသည် ၆.၁၂.၂၀၂၁ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ Star Light သောက်ရေသန့်၊ Grage 40 သောက်ရေသန့်၊ သက်စမ်းရေသောက်ရေသန့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက “ကုန်စည်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသား က”ဆိုသည့်အတိုင်း ထုတ်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပေးခြင်း ကြောင့် ထုတ်ကုန်များအပေါ်ယုံကြည်စိတ်ချရမှု ရှိလာမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်သည်လည်း မိမိထုတ်လုပ်သည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြပေးခြင်းသည် စားသုံးသူအား ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်ပေးခြင်းဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ ၄၁ အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိူးအစားအလိုက်သတ်မှတ်အချက်နှင့်အညီ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်(၈)ချက် ဖော်ပြပါရှိပြကြောင်း၊ ပုဒ်မ ၄၃ အရ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက် တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေဖော်ပြပေးရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန
ကချင်ပြည်နယ်

ပြည်ခရိုင်အတွင်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ခြင်းများဆောင်ရွက်

        ၂၀၂၁ခုနှစ် ဒီဇင်ဘာလတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ရွှေတောင်မြို့နယ်၊ သဲကုန်းမြို့နယ်၊ ပြည်မြို့နယ်တွင် ဒီဇင်ဘာလ (၂၂)ရက်နေ့၊ ပေါက်ခေါင်းမြို့နယ်နှင့် ပေါင်းတည်မြို့နယ်တို့တွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများဦးဆောင်၍ မြို့နယ်အလိုက် ဖွဲ့စည်းထားသော စျေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ဝင်များဖြင့် ဆေးနှင့်ဆေးပစ္စည်း လက်လီလက်ကား ရောင်းချနေသော ဆေးဆိုင်များသို့ သွားရောက်၍ ဆေးဝါးနှင့်ဆေးပစ္စည်းများ ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ စျေးနှုန်းများ အဆမတန် ရောင်းချမှုမရှိစေရေးနှင့် အရည်အသွေးပြည့်မီသော ဆေးဝါးများကိုသာ ရောင်းချစေရေး ကွင်းဆင်းခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          ယင်းသို့ ကွင်းဆင်းစိစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ပြည်ခရိုင်အတွင်းရှိ ကွင်းဆင်း စိစစ်ခဲ့ သည့် ဆေးဝါးနှင့် ဆေးပစ္စည်းလက်လီ၊ လက်ကားအရောင်းဆိုင်ကြီးများ၌ ဆေးဝါးနှင့် ဆေးပစ္စည်း များပြတ်လပ်မှုမရှိဘဲ ပုံမှန်ရောင်းချနေမှုများ တွေ့ရှိရကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပြည်ခရိုင်ဦးစီးမှူးရုံး(ပြည်)

ဆောင်းသီးနှံပိုမိုစိုက်ပျိုးလာခဲ့

        ကရင်ပြည်နယ်အတွင်းရှိလယ်မြေများတွင် ယခင်နှစ်က ရာသီဥတုများ ဆိုးရွားခဲ့ မှုကြောင့် ဆောင်းသီးနှံများဖြစ်သော ဆီထွက်သီးနှံ မြေပဲနှင့် အခြားပဲမျိုးစုံတို့အား စိုက်ပျိုး ထုတ်လုပ်မှု အားနည်းခဲ့သော်လည်း ယခုနှစ် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆောင်းသီးနှံဖြစ်သော မြေပဲစိုက်ဧကမှာ ၂၆၄၁၇ ဧက၊ နှမ်းစိုက်ဧကမှာ ၃၉၂၇၄ ဧက၊ ပဲတီစိမ်း စိုက်ဧကမှာ ၁၀၈၃၃ ဧက၊ မတ်ပဲစိုက်ဧကမှာ ၈၈၅ ဧက၊ ဘိုကိတ်ပဲစိုက်ဧကမှာ ၂၁၂၃၇ ဧက ၊ ပဲပုပ်စိုက်ဧကမှာ ၉၀၃၅ ဧကနှင့် အခြားပဲမျိုးစုံများလည်း စိုက်ပျိုးထားကြောင်း၊  ရာသီဥတုကောင်းမွန်မှုကြောင့် ဆောင်းသီးနှံဖြစ်သော မြေပဲ၊ နှမ်း နှင့် ပဲမျိုးစုံမှ ပဲတီစိမ်း၊ မတ်ပဲနှင့် အစေ့ထုတ်ပြောင်း သီးနှံများကို ယခင်နှစ်ကထက်ပိုမိုစိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း ဒေသတွင်းစိုက်ပျိုး ထုတ်လုပ်သူ တောင်သူများထံမှ လေ့လာစုံစမ်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကရင်ပြည်နယ်)

ကိုဗစ်အလွန်ပွင့်လင်းရာသီတွင် လုပ်ငန်းများပြန်လည်ဦးမော့လာသည့် ချိန်းလင့်ခ်လုပ်ငန်း

             အသေးစားစက်မှုလုပ်ငန်းတစ်ခုဖြစ်သည့် တစ်နိုင်တစ်ပိုင် လုပ်ကိုင်လျှက်ရှိသော ချိန်းလင့်ခ်လုပ်ငန်း လုပ်ကိုင်မည်ဆိုပါက စက်ပစ္စည်းအတွက်  ရင်းနှီးမတည်ငွေ သိန်း၁၅၀ခန့် ရင်းနှီးမြှပ်နှံရကြောင်း၊ ချိန်းလင့်ခ်လုပ်ငန်းထုတ်လုပ်ရာတွင် ကုန်ကြမ်းဖြစ်သည့် သွပ်နန်းကြိုးများကို ရန်ကုန်မှ ဝယ်ယူရကြောင်း၊ ဈေးနှုန်းအနေဖြင့် ၁၅ပိဿာရှိသော သွပ်နန်းကြိုးခွေ တစ်ခွေလျှင် ၅၄၀၀၀ကျပ်ဖြင့် ဝယ်ယူပြီး ကုန်ချောအဖြစ် ချိန်းလင့်ခ်ဇကာအကွက် အစိပ်၊အကျဲပုံစံ အမျိုးမျိုး ထုတ်လုပ်နိုင်ကြောင်း လေ့လာမှုများအရသိရှိရပါသည်။သွပ်နန်းကြိုးခွေတစ်ခွေလျှင် စကာအကွက် အစိပ်အကျဲနှင့် သွပ်နန်းကြိုး အထူအပါး ပေါ်မှုတည်၍ အမြင့် ၅ပေ၊ အရှည် ပေ ၄၀ ရှိ ချိန်းလင့်ခ်များအား စျေးနှုန်းအမျိုးမျိုး သတ်မှတ်၍ ထုတ်လုပ်နိုင်ကြောင်း၊ တစ်နိုင်တစ်ပိုင် လုပ်ငန်းဖြစ်သည့်အတွက်လုပ်သားဦးရေ (၃)ဦး မှ (၄)ဦး ဖြင့် လုပ်ကိုင်နိုင်ပြီး တစ်နာရီလျှင် ချိန်းလင့်ခ် ၃လိပ်၊ တစ်နေ့လျှင် ၂၄လိပ်ထိ ထုတ်လုပ်နိုင်ကြောင်းသိရှိရပါသည်။ ချိန်းလင့်ခ် တစ်လိပ် ထုတ်လုပ်ရောင်းချရာတွင် ရရှိမည့်အကျိုးအမြတ်မှာ အမျိုးအစားပေါ် မူတည်၍  ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ် အထိရရှိကြောင်း၊ လုပ်သား တစ်ဦးလျှင် တစ်နေ့လုပ်အားခ ၈၀၀၀မှ ၁၀၀၀၀ကျပ် လုပ်အားခ ပေးချေရကြောင်း၊ ချိန်းလင့်ခ်တစ်လိပ် ဈေးနှုန်းအနေဖြင့် စကာအကွက် အစိပ်အကျဲနှင့် သွပ်နန်းကြိုးအထူအပါး ပေါ်မှုတည်၍ ရောင်းချသည့် ဈေးနှုန်း ၃၀၀၀၀ကျပ် မှ ၁၀၀၀၀၀ကျပ် ဝန်းကျင်ခန့်ရှိပြီး ‌ညောင်လေးပင်တွင် လုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်မှ ဈေးကွက်အနေဖြင့် ဒေသတွင်းနှင့် ဒိုက်ဦး၊ ပြွန်တန်ဆာ၊ ရွှေကျင်၊ ဖဒို၊ ကျောက်တံခါး ၊ ပဲနွယ်ကုန်းနှင့် ဖြူးမြို့များရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များနှင့် ကုန်မာပစ္စည်း အရောင်းဆိုင်များသို့ လက်လီ၊ လက်ကားဖြင့် ပေးပို့ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။

            ယခုအခါ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု လျော့ပါးလာမှုကြောင့်  Stay at home မြို့နယ်များ ဖြေလျော့ခဲ့ပြီးဖြစ်သဖြင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်လာခြင်း၊  ပွင့်လင်းရာသီဖြစ်သည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာခြင်းများကြောင့် ခြံစည်းရိုး ချိန်းလင့်ခ်လုပ်ငန်းမှာ ယခင်မိုးတွင်းကာလထက် အရောင်းအဝယ် ပိုမိုအရောင်းအဝယ်သွက်လာသည့်အတွက် ‌ဒေသတွင်းရှိသော အလုပ်သမားများအနေဖြင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိ၍ ချိန်းလိပ်ထုတ်လုပ်သည့်လုပ်ငန်းများ ပိုမိုထုတ်လုပ်လာကြောင်း သိရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး

 

နမ္မဒါမြေမှ ဖန်တီးပေးလျှက်ရှိသည့် အလုပ်အကိုင်အခွင့်အလမ်းများ

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ  ခရိုင်ဦးစီးမှူး ဒေါ်စုစုထွန်းနှင့်မြို့နယ်တာဝန်ခံ ဦးမြင့်ကြည်တို့သည် မင်းဘူးမြို့အတွင်း မြေဧက(၂၀)ပေါ်တွင် ဆောက်လုပ်ထားရှိသည့် နဂါးနီပလပ်စတစ် ထုပ်ပိုးပစ္စည်းစက်ရုံသို့  (၅.၁.၂၀၂၂)နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။ စားသုံးသူများနေ့စဉ်ဝယ်ယူသုံးစွဲလျှက်ရှိသော ငရုတ်သီး အကြမ်းမှုန့်၊ အရောင်တင်မှုန့်၊ လက်ဖက်၊ ကြက်သွန်ကြော်၊ နှမ်းအစရှိသည့် ပစ္စည်းအမျိုးအမယ် ပေါင်းများစွာကို ပါကင်ထုပ်ပိုးသည့် ပလပ်စတစ်(PP)အိတ်‌ဆိုဒ်အကြီး/အသေးအမျိုးအစား ပေါင်း(၅၀၀)ကျော်ကို နဂါးနီပလပ်စတစ်ထုပ်ပိုးပစ္စည်းစက်ရုံမှ နေ့စဉ်ထုတ်လုပ်ရောင်းချဖြန့်ဖြူးလျှက်ရှိကြောင်း၊ စက်ရုံအတွက်လိုအပ်သော ကုန်ကြမ်းကော်စေ့ကို နိုင်ငံခြားမှ မှာယူတင်သွင်း အသုံးပြုထုတ်လုပ်ကြောင်း၊ ထွက်ရှိလာသောကုန်ချောပလပ်စတစ်အိတ်ကို ယခင်(၁)ပေါင်ကို (၁၂၀ဝိ/-) ရောင်းချရပြီး  ယခုလက်ရှိပေါက်ဈေးမှာ (၁) ပေါင်ကို(၁၄၀ဝိ/-)ကျပ်ဝန်းကျင် ရောင်းချ ရပါကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ကြီး)၊ စစ်ကိုင်တိုင်း(မုံရွာ)မြို့များသို့ တင်ပို့ရောင်းချဖြန့်ဖြူးပေးလျှက်ရှိသည်ကိုလေ့လာသိရှိရပါသည်။တစ်လထုတ်လုပ်နိုင်မှုမှာ ပေါင်သုံးသိန်းမှ လေးသိန်းထိ ထုတ်လုပ်ရောင်းချနိုင်ပြီး စက်ရုံအတွက် နေ့စဉ်လုပ်သားဦးရေ(၂၀၀)ခန့်အသုံးပြုရသည့်အတွက် ဒေသခံပြည်သူများအတွက်  အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးလျှက်ရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊        ပလပ်စတစ်အိတ် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများအောင်မြင်မှုများစွာရရှိသည့်အတွက် စက်ရုံလုပ်သားများအနေဖြင့် စားဝတ်နေရေးပြေလည်မှုများစွာရရှိသည်ကိုသိရှိရပါကြောင်း၊ ယခု Covid-19 ရောဂါဖြစ်ပွားချိန်တွင်လည်း လုပ်ငန်းများရပ်နားမှုမရှိဘဲ လည်ပတ်လျှက်ရှိသည့်အတွက် လုပ်သားများစားဝတ်နေရေးပြေလည်စေရန် အလှည့်ကျနေ့ဆိုင်း၊ညဆိုင်းများဖြင့်  လုပ်ကိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ မကွေးတိုင်းတွင် ပလပ်စတစ်ထုပ်ပိုးပစ္စည်း ထုတ်လုပ် သည့်စက်ရုံမရှိသည့်အတွက် စက်ရုံမှထုတ်သမျှအကုန်ရောင်းချရပါကြောင်း၊ ဒေသတွင်း အလုပ်အကိုင်များ ဖန်တီးပေးထားနိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင်မထိခိုက်စေရေး အတွက်လည်း သက်ဆိုင်ရာဌာနများ၏ အကြံပြုချက်အတိုင်း ဆောင်ရွက်ထားသည်ကို လေ့လာသိရှိရပါကြောင်း၊ ဝန်ထမ်းအားလုံးလည်း Covid-19 ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ပါကြောင်း၊ စက်ရုံမန်နေဂျာ ဦးအောင်မျိုး၏ ရှင်းလင်းပြောပြချက် အရသိရှိရသည့်အတွက် အညာဒေသနမ္မဒါမြေမှ ဒေသတွင်းအလုပ်အကိုင်ဖန်တီးပေးထားနိုင်မှုအခြေအနေအား ဝမ်းမြှောက်ဖွယ်ရာရေးသား တင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

မွန်ပြည်နယ်ကုန်သွယ်လယ်ယာဝန်ထမ်းဟောင်းများ၏ လူမှုကူညီရေးအဖွဲ့ ဖွဲ့စည်း

 

                မွန်ပြည်နယ် ကုန်သွယ်လယ်ယာဝန်ထမ်းဟောင်းများ /ဝန်ထမ်းများ (စားသုံးသူရေးရာဦးစီးဌာန)၏ လူမှုကူညီရေးအဖွဲ့ ဖွဲ့စည်းခြင်းအတွက် ညှိနှိုင်းအစည်းအဝေးကို ၃၀.၁၂.၂၀၂၁ ရက်နေ့ ၁၃:၀၀ နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်းဟောင်းများ/ဝန်ထမ်းများ (စားသုံးသူရေးရာ) စုစုပေါင်း (၂၇)ဦး တက်ရောက်ခဲ့ကြသည်။

        ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူး(ငြိမ်း) ဦးစိုးသန်းအေးက အဖွင့်မှာစကားပြောကြားရာတွင် ကုန်သွယ်လယ်ယာဝန်ထမ်းဟောင်းများ/ လက်ရှိတာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအနေဖြင့် သတင်းဆက်သွယ်မှုကွန်ယက် ထူထောင်နိုင်စေရန်၊ သာရေးနာရေးကိစ္စရပ်များအား အချင်းချင်းရိုင်းပင်းကူညီနိုင်စေရန် ရည်ရွယ်၍ ယခုအသင်းအား ဖွဲ့စည်းရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

                 ထို့နောက် လက်ရှိတာဝန်ထမ်းဆောင်နေသော ပြည်နယ်မှူး ဦးဝင်းထွန်းက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ရာ မိမိအနေဖြင့် ယခုအသင်းဖွဲ့စည်းခြင်းနှင့် ရေရှည် တည်တံ့နိုင်စေရန် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဤအဖွဲ့အစည်းမှာ လူမှုကူညီရေးသီးသန့်အဖွဲ့အစည်းဖြစ်ပါကြောင်း၊ ရန်ပုံငွေထိန်းသိမ်းခြင်း၊ အခမ်းအနား ကိစ္စရပ်များဆောင်ရွက်ခြင်းအား မိမိတို့ဌာနမှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

                 ဆက်လက်၍ တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးကြရာ အဖွဲ့အနေဖြင့် ယခုအချိန်တွင် စတင်တည်ထောင်ခါစဖြစ်သဖြင့် သာရေးထက်နာရေးကို ဦးစားပေးဆောင်ရွက်ကြရန်၊ အဖွဲ့ဝင်များအား (၄) လတစ်ကြိမ်တွေ့ဆုံကြရန် အကြံပြုဆွေးနွေးခဲ့ကြပါသည်။

                 ထို့နောက် အဖွဲ့၏ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍရေးမှူးများ ရွေးချယ်တင်မြောက်ကြပြီး ညှိနှိုင်းအစည်းအဝေးအား ၁၅:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မွန်ပြည်နယ်

 

စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားရှင်းလင်းဆွေးနွေး

                စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးတွင် ၅.၁.၂၀၂၂ ရက်နေ့ ၁၀:၀၀ နာရီအချိန်၌ စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်(၈)ဦးအားဖိတ်ကြား၍ ဟင်းသီးဟင်းရွက်ဆီနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)အပေါ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

         ဆွေးနွေးရာတွင် ဒုတိယပြည်နယ်ဦးစီးမှူး ဦးစန်းလွင်ဦးက ကုန်စည်အုပ်စု(၈)ခုအနက် အုပ်စု(က) အစားအသောက်ကုန်စည်အုပ်စုတွင်ပါဝင်သည့် စားသုံးဆီအမျိုးမျိူးနှင့်စပ်လျဉ်း၍ အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရန်လိုအပ်ကြောင်း၊ ဈေးကွက်အတွင်း အချို့သော စားသုံးဆီများကို ဟင်းသီးဟင်းရွက်ဆီဟူ၍ဖော်ပြပြီး ထုတ်လုပ်ဖြန့်ဖြူးလျှက်ရှိခြင်းကြောင့် ပင်ရင်းပစ္စည်းများကို အခြေခံဖော်ပြထားခြင်းမရှိသော ယေဘုယျဆန်သည့် အမျိုးအမည်တစ်ခုသာဖြစ်ကြောင်း၊ စားသုံးသူများထင်ယောင်ထင်မှားမဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်အပေါ်တွင် စိတ်ကျေနပ်မှုရှိစေရေးအတွက် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) အမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်အမျိူးအမည်ကိုတိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ/ကျပ်သား တို့ဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ညွှန်ကြားချက် ၁/၂၀၂၁ သည် စတင်ထုတ်ပြန်သည့် ၂၀.၁၂.၂၀၂၁ ရက်နေ့မှ (၆)လ ပြည့်မြောက်ပြီးသည့်နေ့မှစ၍ အာဏာသက်ရောက်မည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကိုက်ညီမှု ရှိ/မရှိ သက်ဆိုင်ရာ ဦးစီးဌာနတွင် တင်ပြလျှောက်ထားရန်နှင့် ကုန်အညွှန်းအမှတ်အသားကိုက်ညီကြောင်း  အကြောင်းကြားစာ ရရှိပြီးမှသာ ဈေးကွက်သို့ တင်ပို့ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်ပုဒ်မ(၆၈)အရ ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရန်နှင့် ဖောက်ဖျတ်ကျူးလွန်ပါက ပုဒ်မ(၇၃)အရ ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန                                                     

ကချင်ပြည်နယ်        

(၁/၂၀၂၁) ညွှန်ကြားချက်အား စားသုံးဆီအရောင်းဆိုင်များသို့ အသိပေးဆောင်ရွက်ခြင်း

ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်လှဝင်း ဦးဆောင်၍ (၅-၁-၂၀၂၂) ရက်နေ့ နံနက်(၀၉:၃၀)နာရီ အချိန်တွင် စစ်တွေမြို့မင်းဂံရပ်ကွက်ဈေးအတွင်း စားသုံးဆီရောင်းချသူများသို့ စားသုံးသူအကာအကွယ်‌ပေးရေး ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး စားသုံးဆီ/ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil,Cooking Oil) များတွင် ကုန်စည်၏အမျိုးအမည်များ မြန်မာဘာသာဖြင့် တိကျစွာဖော်ပြထားမှု ရှိ/မရှိ စစ်ဆေးမှုပြုလုပ်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၁ ပုဒ်မခွဲ(ခ)အရ ဤဥပဒေ၏ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များသည် ဥပဒေပြဌာန်းပြီး ၂၀၂၀ ပြည့်နှစ် မတ်လ(၁၆)ရက်နေ့မှစတင်၍ အာဏာတည်ပြီးဖြစ်ကြောင်း ဆွေးနွေးခဲ့ဖြစ်ပါသည်။
မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ဖြင့် ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်ကို စားသုံးဆီအ‌ရောင်းဆိုင်များသို့ ချပြအသိပညာပေးခြင်းနှင့် စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၀)ရက် ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)ပါ ဈေးကွက်အတွင်း စားသုံဆီများအနက် အချို့သောစားသုံးဆီများကို ဟင်းသီး ဟင်းရွက်ဆီ (Vegetable Oil,Cooking Oil) ဟူ၍ ဖော်ပြပြီး ထုတ်လုပ်ဖြန့်ချီရောင်းချရန် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
စားသုံးသူများထင်ယောင်ထင်မှား မဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်အ‌ပေါ် စိတ်ကျနပ်မှု ရှိစေရေးအတွက် သက်ဆိုင်ရာစီးပွား‌ရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil,Cooking Oil) ဖော်ပြချက်အပေါ် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေး၊ ကုန်စည်၏အမျိုးအမည်ကိုတိကျစွာ မြန်မာဘာသာဖြင့် ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ) သို့မဟုတ် ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရန်နှင့်အသားတင်ပမာဏနှင့်အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာ ဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်းနှင့် (၁/၂၀၂၁)ညွှန်ကြားချက် စတင်ထုတ်ပြန်ပြီး ၆ လပြည့်မြောက်သည့်နေ့ရက်မှ စတင်အာဏာသက်‌ရောက်မည်ဖြစ်ကြောင်း စီးပွား‌ရေးလုပ်ငန်းရှင်များအနေဖြင့် (၁/၂၀၂၁) ညွှန်ကြားချက်အပိုဒ် ၄ ကို လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးဆီရောင်းချသူ ထုတ်လုပ်ဖြန့်ချီရေး တင်သွင်းရောင်းချနေသော ဆီကိုယ်စားလှယ်များ သိရှိလိုက်နာဆောင်ရွက်နိုင်‌ရေး (၁/၂၀၂၁)ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ရခိုင်ပြည်နယ်

မိုးမြေပဲစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ

           မြင်းခြံခရိုင်သည်မြို့နယ်(၄)ခုဖြင့် ဖွဲ့စည်းထားရှိပြီးစိုက်ပျိုးရေးအနေဖြင့် မြေပဲကိုအဓိထား စိုက်ပျိုးကြပါသည်။ မြေပဲတွင် ပင်တောင်နှင့်ပင်ပြန့်(၂)မျိုးရှိပါရာ ပင်တောင်မြေပဲမျိုးသည် စိုက်ပျိုး ရက်ပေါင်း (၁၁၀) မှ (၁၃၀) အတွင်းခူးဆွတ် ရိတ်သိမ်းရပြီး ပင်ပြန့်မျိုးသည် ရက်ပေါင်း (၁၃၀) မှ (၁၅၀) အတွင်း ခူးဆွတ်ရိတ်သိမ်းလေ့ရှိပါသည်။

        မြင်းခြံခရိုင်၏၂၀၂၀-၂၀၂၁ခုနှစ် ယခင်နှစ်မိုးမြေပဲစိုက်ဧကမှာ (၁၇၉၀၅၂) ဧကရှိပြီး အထွက်နှုန်းမှာ (၄၀.၀၅) တင်းနှုန်းဖြင့် တင်းပေါင်း (၇၁၇၁၀၃၂) တင်းထွက်ရှိခဲ့ပါသည်။ ၂၀၂၁-၂၀၂၂ခုနှစ်တွင် မိုးမြေပဲကို (၁၈၀၆၉၄) ဧကစိုက်ပျိုးခဲ့ပြီး ဒီဇင်ဘာလ စတုတ္တအပတ်အထိ ရိတ်သိမ်းဧကမှာ (၁၀၆၉၂၂) ဧက၊ အထွက်နှုန်းမှာ (၄၂.၄၀) တင်းနှုန်းဖြင့် တင်းပေါင်း (၄၅၃၃၄၉၂) တင်း ထွက်ရှိခဲ့ကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းများအရသိရပါသည်။

        ယခင်နှစ်စိုက်ဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး အထွက်နှုန်း အနေဖြင့်လည်း ပိုမိုထွက်ရှိခဲ့ပါသည်။၂၀၂၁-၂၀၂၂ခုနှစ် ခရိုင်အတွင်းရှိမြို့နယ်များ၏ စိုက်ပျိုးထုတ်လုပ် မှုအခြေအနေများမှာ မြင်းခြံမြို့နယ်တွင် စိုက်ဧက(၂၃၅၂၈)၊ ရိတ်ဧက(၁၈၉၄၀)ဧက၊ အထွက်နှုန်း (၄၆.၇၉)တင်း၊ အထွက်တင်းပေါင်း(၈၈၆၂၀၂)တင်း၊ တောင်သာမြို့နယ်တွင် စိုက်ဧက(၉၉၇၄၇) ဧက၊ ရိတ်ဧက(၅၀၂၁၁)ဧက၊ အထွက်နှုန်း(၃၉.၂၅)တင်းနှင့် အထွက်တင်းပေါင်း (၁၉၇၀၇၈)တင်း၊ နွားထိုးကြီးမြို့ နယ်တွင်စိုက်ဧက(၃၉၁၆၈)ဧက၊ ရိတ်သိမ်းဧက(၁၉၅၂၀)ဧက၊ အထွက်နှုန်း(၄၁.၅၁)တင်းနှင့်ငါန်းဇွန်မြို့ နယ်တွင်စိုက်ဧက(၁၈၂၅၁)ဧက၊ ရိတ်ဧက(၁၈၂၅၁)ဧက၊ အထွက်နှုန်း(၄၇.၄၆)တင်းနှုန်းဖြင့် တင်းပေါင်း (၈၆၆၁၉၂)တင်းထွက်ရှိခဲ့ပါသည်။ မိုးမြေပဲကို မေလနှင့်ဇွန်လတို့တွင်စတင်စိုက်ပျိုးကြပြီး၊ပင်ထောင်မျိုး မြေပဲကိုစက်တင်ဘာ၊အောက်တိုဘာ၊ပင်ပြန့်မျိုးမြေပဲကို နိုဝင်ဘာနှင့်ဒီဇင်ဘာလ  တို့တွင်ရိတ်သိမ်း လေ့ရှိကြောင်းသိရပါသည်။ မြေပဲကိုစားသုံးဆီအဖြစ် အသုံးပြုသည်သာမက မြေပဲကြော် မြေပဲဆား လှော်နှင့် မုန့်ပဲသွားရေစာများတွင်လည်းကောင်း၊အခြားမုန့်အမျိုးမျိုးတွင်ရောစပ်၍လည်းကောင်း၊ဟင်းချက်စရာအဖြစ်လည်း ကောင်းအသုံးပြုကြပါသည်။ ထို့အပြင် ဆီထုတ်ယူပြီး မြေပဲကြိတ်ဖတ်ကို တိရိစ္ဆာန်အစာအဖြစ် မွေးမြူရေးလုပ်ငန်းများတွင် အရေးပါသည့် ကုန်ကြမ်းအနေဖြင့် အသုံးပြုကြပါသည်။ ယခင်လ မြေပဲဆံဈေးအနေဖြင့် ဆီဆံတစ်ပိဿာလျှင် (၂၁၀၀)ကျပ်၊ လုံးဆံတစ်ပိဿာလျှင် (၂၂၀၀)ကျပ်ဖြစ်ပေါ်ခဲ့ပြီး ယခုလအတွင်းဆီဆံ(၂၄၀၀)ကျပ်၊ လုံးဆံ(၂၅၀၀)ကျပ်နှင့် မြေပဲကြိတ်ဖတ် တစ်ပိဿာလျှင်မြို့ပေါ် ဈေး(၁၁၀၀)ကျပ်နှင့် ရွာဈေးအနေဖြင့် (၉၀၀)ကျပ်၊ မြေပဲဆီသန့်တစ်ပိဿာလျှင် (၆၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပါသည်။

          ယခင်နှစ်ထက် စိုက်ပျိုးဧက ပိုမိုစိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်းများလည်း ၂.၃၅တင်း ပိုမိုထွက်ပြီး ဈေးကောင်းရရှိသဖြင့် တောင်သူများပိုမိုစိုက်ပျိုးသင့်ကြောင်း ပြည်ပဆီတင်သွင်းမှုအား လျော့ချနိုင်ရေးနှင့် ပြည်တွင်းဆီစက်လုပ်ငန်းများ ပိုမိုကြိတ်ခွဲ ထုတ်လုပ်နိုင်ရေးအတွက် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုသကဲ့သို့ နိုင်ငံတော်နိုင်ငံခြားငွေအသုံးချမှု လျော့ချစေနိုင်ပြီး ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေမှာဖြစ်ပြီး လူနေမှုဘဝ တိုးတက်မြင့်မားလာစေမည် ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။‌

DOCA(မန္တလေး)

အိမ်သုံးဆေးဝါးများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ ချောက်မြို့နယ် မြို့နယ်ဦးစီးမှူးသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေး၊ ပြည်တွင်းအခွန် နှင့်စျေးတာဝန်ခံတို့ပူးပေါင်းပြီး ဒေသခံပြည်သူများ အိမ်သုံးဆေးဝါးများ ဝယ်ယူသုံးစွဲရာ၌ဘေးကင်း လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၈) ရက်နေ့ နံနက်(၀၉:၀၀)မှ(၁၀:၀၀) အထိ ချောက်မြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်(၇)ဆိုင်သို့ ကွင်းဆင်း ပြီးသက်တမ်းလွန်ဆေးဝါးများ၊ ပျက်စီးနေသောဆေးဝါးများ၊ တရားမဝင်တားမြစ်ထားသော ဆေးဝါး များရောင်းချမှုရှိ/မရှိနှင့် ပြည်တွင်းထုတ်တိုင်းရင်းဆေးများ၊ နိုင်ငံခြားမှတင်သွင်းသောဆေးဝါးများ၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ပူးပေါင်းစစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြမှုမရှိသော ကုန်စည်များအား ဆိုင်တင်ရောင်းချမှုမရှိ စေရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာ၌ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မိုးမှ စားသုံးသူပြည်သူများ ဆေးဝါးများဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချမှုရှိစေရန် FDA ထောက်ခံချက်ပါ ရှိသော ဆေးဝါးများသာ ရောင်းချကြရန်နှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်းနှင့် ချောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအား အစားအသောက် လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အခါအားလျော်စွာ စားသောက်ကုန်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဆေးဝါးများဝယ်ယူသုံးစွဲရာ၌ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဆေးဝါး များအား စျေးကွက်စောင့်ကြည့်ခြင်းများ ဆောင်ရွက်နေသည့်အပြင် ဆေးဝါးများစျေးနှုန်းကြီးမြင့်မှု မရှိစေရေး ဆေးဝါးစျေးနှုန်းကောက်ယူခြင်းများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အပတ်စဉ်ဆောင်ရွက်လျှက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ